အဲဟ်လေ့ဘိုက်သ် (အ.စ) သတင်းဌာန၊ အဗ်နာ
ကမ္ဘာကျော် The Face of Buddhist Terror ၊ The Brutal Buddhist ဘွဲ့များရှင် ဦးဝီရသူ၏ ရန်ကုန်တိုင်း ဒလမြို့နယ်တွင် ဟောကြားရန် စီစဉ်ထားသော တရားပွဲမှာ ပျက်သွားခဲ့ပြီဖြစ်ကြောင်းသိရပါသည်။ ရန်ကုန်တိုင်း ဒလမြို့တွင် သင်္ကြန်ပြီး ဧပြီ ၂၁၊ ၂၂၊ ၂၃၊ ၂၄၊ ၂၅
ရက်များတွင် အရှင်ကုသလဏေတိ၊ အရှင်ကောသလ္လ(မြေပုံ၊ ရခိုင်)၊ အရှင်ဒေ၀ိန္ဒာဘိဝံသ၊ အသျှင်ပဏ္ဏိတ၊ အရှင်ဝိစိတ္တာဘိဝံသ(၀ီရသူ) အစရှိသော ၉၆၉ ဘုန်းကြီးများမှ ဟောကြားမည့် အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေး အထူးတရားပွဲအား တရားပွဲ တတိယညမှစကာ စီစဉ်ထားသူများ ဟောကြားခြင်းမရှိတော့ဘဲ ဒလမြို့ပေါ် ဘုန်းကြီးကျောင်းများမှ ကျောင်းထိုင်ဆရာတော်များသာ အစားထိုး ဟောကြားသွားခဲ့ပြီ ဖြစ်ကြောင်းနှင့် အရှင်ဝိစိတ္တာဘိဝံသ(၀ီရသူ)အားလည်း ဒလမြို့နယ်ရှိ လူမှုအဖွဲ့အစည်းပေါင်းများစွာများမှ လက်သင့်မခံလိုခဲ့ကြောင်း သိရပါသည်။
အရှင်ကုသလဏေတိ၊ အရှင်ကောသလ္လ(မြေပုံ၊ ရခိုင်) ဘွဲ့အမည်ခံ ၉၆၉ ဘုန်းကြီးနှစ်ပါးမှ ၂၁ ရက် နှင့် ၂၂ ရက် နှစ်ညတိုင်တိုင် အစ္စလာမ်ဘာသာနှင့်
မွတ်ဆလင်မ်တို့အား မိစ္ဆာဒိဌိများ၊ လူ့တိရိစ္ဆာန်များ၊ စသည်ဖြင့် နှိမ့်ချစော်ကားခဲ့ကြသလို အမျိုး ဘာသာသာသနာကို စောင့်ရှောက်ဖို့ လူ့အခွင့်အရေးအကြောင်းကို မပြောတဲ့ မင်းကောင်းမင်းမြတ်တွေ ထွက်ပေါ်လာဖို့ လိုနေသေးကြောင်း၊ လူ့အခွင့်အရေးအကြောင်း ပြောနေတဲ့ မင်းကောင်း မင်းမြတ် တက်လာဖို့ မလိုဘူး၊ လူ့အခွင့်အရေးအကြောင်း ပြောနေတဲ့ မင်းကောင်း မင်းမြတ်ဆိုတာ မြန်မာပြည်ကို ကယ်တင်မယ့် လူ မဟုတ်ဘူး၊ အမျိုး
ဘာသာ သာသနာကို ကယ်တင်မယ့် လူ မဟုတ်ဘူး၊ သမိုင်းအဆက်ဆက်က သာသနာစောင့် မင်းကောင်း မင်းမြတ်တွေဟာ လူ့အခွင့်အရေးအကြောင်း မပြောခဲ့ကြဘူး၊ စသည်ဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအား တိုက်ရိုက်အမည်မတပ်ရုံတမယ်ဖြင့် အပုပ်ချတိုက်ခိုက်ကာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအား မဲပေးရန် တိုက်ရိုက် မဲဆွယ်စည်းရုံးလှုံ့ဆော်ခဲ့ကြပါသေးသည်။
ဒလမြို့မှ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သော ကမာကသွယ်ရပ်ကွက်၊ ကျန်စစ်သားလမ်းမနေကိုအောင်နိုင်အား တွေ့ဆုံခွင့်ရစဉ် "ကျွန်တော်တို့ ဒလမှာ မြို့သစ်မဖြစ်ခင်ကတည်းက ဘီအိုင်ဆိုတာရှိခဲ့တယ်၊ အဲဒီ အချိန်ကတည်းက မွတ်ဆလင်မ်တွေ ဗမာတွေ ကလယ်တွေ အတူတူ ချစ်ချစ်ခင်ခင်နေခဲ့ကြတယ်။ အထက ၁ ဆိုတာ ဓနိမိုးပဲ ရှိသေးတဲ့ အချိန်ပေါ့၊ ဗလီတွေ စေတီတွေ ဘုန်းကြီးကျောင်းတွေ၊ အားလုံး အတူတူ ၀င်ထွက်သွားလာနေခဲ့ကြတဲ့ လူဟောင်းတွေ အများကြီးပဲ။ ခုမှ ၉၆၉ ပေါ်လာတယ်။ အမည်ကိုတော့ ကြိုက်မိတယ်ဗျ။ လုပ်ရပ်က နှစ်သက်စရာ မရှိဘူး။ ကုလားလို့ ခွဲခြားကတည်းက ဗုဒ္ဓဘာသာအစစ် မဟုတ်တော့ဘူး၊ ကျွန်တော်တော့ ဒီလိုပဲ ယုံကြည်တယ်။ ခွဲခြားတာကို သိကတည်းက ၉၆၉ ကို လက်မခံတော့တာ။ နိုင်ငံခြားသား ဘာသာခြား အင်္ဂလိပ်တွေ နှစ် ၁၀၀ တောင်ဗျာ အုပ်ချုပ်ခဲ့တာ၊ ဂျပန်တွေလောက် သတ်ခဲ့မလား၊ ဒါတောင် လူမျိုး ဘာသာ မပျောက်ခဲ့ဘူးဗျာ၊ ခု ကုလားလုပ်လို့ ပျောက်တော့မယ်။ ကုလားရန်က ကာကွယ်ကြ လို့ ၉၆၉ ဘုန်းကြီးတွေ ဟောကတည်းက လွဲနေပြီ။ စာမတတ်တဲ့ လူတွေကတော့ ယုံကြ၊ ဒေါသထွက်ကြပေါဗျာ။ အဲဒီကတည်းက ဘယ် ၉၆၉ တရားပွဲမှ နားမထောင် မနာတော့ဘူး။ ဗုဒ္ဓဘာသာအစစ်က ဘာခွဲခြားမှုကိုမှ မလုပ်ရဘူးဗျ။ သေချာတယ် ဒါ ဗုဒ္ဓဘာသာပဲ" လို့ ဖွင့်ဟကာ လင်းရောင်ခြည် CJ ကို ပြောပြသွားခဲ့ပါသည်။
ဒလကမ်းနားလမ်းတွင် ဆေးခန်းဖွင့်ထားသော အမည်မဖော်လိုသူ ဗုဒ္ဓဘာသာဝင်သွားဆရာဝန်တစ်ဦးကမူ "တရားပွဲ ပျက်တာကောင်းတယ်၊ ဒလက ဆင်းရဲသား လက်လုပ်လက်စားများတယ်၊ ခုတောင် သူ့ဆိုင် ငါ့ဆိုင် မသွားရ၊ မလာရ လုပ်နေတော့ ကြာရင် မကောင်းဘူး၊ အဲဒီ ဘုန်းကြီးတွေ ပြောဟော ပြန်သွား၊ သူတို့ကတော့ အအိပ်အစား မပျက်ဘူး၊ လှူလိုက်တဲ့ ငွေတွေ သိန်းကို ဆယ်နဲ့ချီယူပြီး ပြန်သွားတာပဲ၊ သူတို့ပြန်မှ အောက်လူတွေ ချကြ၊ မြို့ပျက်၊ လူပျက်၊ အစက ပြန်စရရင် မလွယ်ဘူး။ ဒီဘုန်းကြီးတွေ မလာလေ ကောင်းလေ ပဲဗျ။ ဘယ့်နှယ်ဗျာ တရားရဖို့ မပြောနဲ့၊ တစ်နေ့ကုန် ကုလားပြောနေတဲ့ ဥစ္စာကြီးကို၊ ကျွန်တော်တော့ တရားလည်း မရချင်တော့ဘူး၊ မြို့လေး အကောင်းအတိုင်း ကျန်နေစေချင်တာပဲ သိတယ်ဗျာ။" လို့ လင်းရောင်ခြည် CJအား ဖွင့်ဟခဲ့ပြန်ကြောင်း သိရပါသည်။
ဒလမြို့ ဗညားဒလရပ်ကွက်ရှိ ဦးဝင်းကျော် အမည်ရသော မြေကွက်ပွဲစားတစ်ဦးကမူ "ကျွန်တော့် အမြင်လား၊ ချဉ်ဖတ်ဖြစ်နေပြီ၊ အဲဒီကိုယ်တော်က၊ ဟိုက လက်မခံ၊ ဒီက မဟောရနဲ့၊ ရှက်စရာကြီးဗျာ။ ဗမာပြည်မှာ တရားပွဲကို ပြည်သူလက်မခံလို့ ပိတ်ခံရတဲ့ဘုန်းကြီး ဘယ်နှစ်ပါးရှိခဲ့သလဲလို့။ တလောကလည်း ဒေါပုံမှာ အပိတ်ခံခဲ့သေးတယ်၊ မြို့နယ် သံဃာ့နာယက က ဟောခွင့်ကို မပေးတာ၊ ပြတ်ရော။ ဒီထက် ရှက်စရာ မရှိတော့ဘူး။ သူ့အတွက်က မသေခင်ကတည်း သွားစရာ မြေတောင် ရှားနေပြီ။ ကျွန်တော်တို့ ပွဲစားစကားနဲ့ ပြောရရင် အရှုပ်အရှင်းရှိတဲ့ မြေကွက်ပေါ့ဗျာ၊ ဘယ်သူမှ မလိုချင်တဲ့အတွက် တောပြောတောင်ပြော လိမ်ညာအောက်ကျခံပြီး ထိုးရောင်းနေရတဲ့ အရှုပ်အရှင်းရှိတဲ့ မြေကွက်နဲ့ တူနေတာ အမှန်ပဲ။ ဘလိုင်းကြီးထိုးရောင်းနေတော့ ကြာတော့ လူတွေလည်း အယုံအကြည်မရှိ၊ ဘယ်သူမှလည်း စိတ်မ၀င်စားတော့ဘူးပေါ့ဗျာ။ ရှင်းလားမသိ၊ ကျွန်တော်ပြောတာ" ဟု ပြောပြခဲ့သည်။
မည်သူကြောင့် ဖြစ်စေ၊ မည်သည့်အကြောင်းတရားကြောင့် ဖြစ်စေ အမုန်းတရားများဟောပြောကာ ဆီလောင်းမည့် တရားပွဲများဒဏ်မှ ရန်ကုန်တိုင်း ဒလမြို့ကလေး ခေတ္တလွတ်မြောက်လာသည့်အတွက် လူသားစိတ်ရှိသူ မည်သူမဆို ၀မ်းမြောက်နေကြမည်မှာ အမှန်ပင်ဖြစ်ပါတော့တယ်။
လူသားအားလုံး အမုန်းတွေ မကာဘဲ အပြုံးတွေ သာနိုင်ကြပါစေ။
လင်းရောင်ခြည်

