၁၅ ဒီဇင်ဘာ ၂၀၁၄ - ၁၉:၃၅
မွတ်စလင်မ်တွေဟာလည်း နိုင်ငံရဲ့အစိတ်အပိုင်းပါပဲလို့ ဆိုတဲ့ ကိုနေဘုန်းလတ်

လူမျိုးဘာသာမခွဲခြားပဲ နိုင်ငံအတွင်းမှာနေထိုင်သူ သက်ရှိသက်မဲ့တွေရဲ့ အရေးကိစ္စတွေကို ထည့်သွင်းစဉ်းတတ်သူသာ နိုင်ငံကိုတကယ်ချစ်တဲ့ တကယ့်နိုင်ငံရေးသမား လို့ ပန်းစကားလှုပ်ရှားမှုကို ဦးဆောင်နေတဲ့ ကိုနေဘုန်းလတ်က ငြိမ်းချမ်းစွာအတူတကွ ယဉ်တွဲနေထိုင်ရေး စကားဝိုင်းမှာ ပြောကြားလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

==================================


လူမျိုးဘာသာမခွဲခြားပဲ နိုင်ငံအတွင်းမှာနေထိုင်သူ သက်ရှိသက်မဲ့တွေရဲ့ အရေးကိစ္စတွေကို ထည့်သွင်းစဉ်းတတ်သူသာ နိုင်ငံကိုတကယ်ချစ်တဲ့ တကယ့်နိုင်ငံရေးသမား လို့ ပန်းစကားလှုပ်ရှားမှုကို ဦးဆောင်နေတဲ့ ကိုနေဘုန်းလတ်က ငြိမ်းချမ်းစွာအတူတကွ ယဉ်တွဲနေထိုင်ရေး
စကားဝိုင်းမှာ ပြောကြားလိုက်ပါတယ်။

“မြန်မာနိုင်ငံတော်ထဲမှာ ဗမာတွေပဲနေတာမဟုတ်ဘူး။ ဗုဒ္ဓဘာသာတွေပဲနေတာမဟုတ်ဘူး။ဗမာတွေကိုပဲချစ်တယ်ဆိုရင်အဲဒါ နိုင်ငံတော်ကိုချစ်တာမဟုတ်ဘူး။ ဗုဒ္ဓဘာသာအချင်းချင်းပဲ ချစ်တယ် ဆိုရင် အဲဒါနိုင်ငံတော်ကို ချစ်တာ မဟုတ်ဘူး”လို့ ကိုနေဘုန်းလတ်ကပြောပါတယ်။

နိုင်ငံကိုချစ်တယ်ဆိုတာ နိုင်ငံထဲမှာနေတဲ့ လက်ရှိနိုင်ငံသားတွေ လူမျိုးဘာသာမရွေးကို ချစ်တတ်တာကသာ တကယ့် နိုင်ငံသားစိတ်ဓာတ်လို့လည်းသူက မှတ်ချက်ပြုပါတယ်။

စစ်အာဏာရှင်လက်ထက်မှာ ဘလော့ရေးသားမှုတစ်ရပ်ကြောင့် နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ရဖူးသူ ကိုနေဘုန်းလတ်က စစ်သားကိုမုန်းတယ်လို့ သူဘယ်တော့မှမပြောဘူးလို့လည်းပြောပါတယ်။

“စစ်သားတွေဟာလည်း Part of the Nation (နိုင်ငံရဲ့ အစိတ်အပိုင်း)ပဲ၊ Part of the Citizen (နိုင်ငံသားတွေ)ပဲ၊ အဲဒီလိုပဲ အစ္စလာမ်တွေလည်း သူ့ဟာသူ ဘာဘာသာ ကိုးကွယ်ကိုးကွယ် Part of the Nation (နိုင်ငံရဲ့ အစိတ်အပိုင်း)ပဲ။ ဒီတိုင်းပြည်ရဲ့ Citizen
တွေပဲ။ဒီလိုနားလည်ရမယ်။ ဒါက အနိမ့်ဆုံးအဆင့် …တခြားနိုင်ငံတွေမှာ လူလူချင်းခွဲခြားဖို့မပြောနဲ့ တိရိစ္ဆာန်တွေကိုတောင် အလေးပေးတာတွေရှိလာတယ်” လို့ ပန်းစကားလှုပ်ရှားမှုဦးဆောင်သူ ကိုနေဘုန်းလတ်က အထက်ပါ အခမ်းအနားမှာ ပြောပါတယ်။

ဒါ့အပြင်နိုင်ငံရေးသမား တွေဟာလည်း လူမျိုးဘာသာမရွေးအတွက် အကျိုးဆောင်ရမယ့်အပြင် နိုင်ငံရဲ့ ရေ မြေ တောတောင် သဘာဝတွေအတွက်ပါ ထည့်သွင်းစဉ်းစားတတ်သူတွေဖြစ်ဖို့လိုတယ်လို့လည်း ကိုနေဘုန်းလတ်ကဆိုပါတယ်။

“နိုင်ငံရေးသမားတွေပိုပြီးတော့အရေးကြီးတယ်။နိုင်ငံရဲ့အရေးကိစ္စကိုလုပ်တဲ့အခါမှာ နိုင်ငံအတွင်းမှာရှိတဲ့လူတစ်စုရဲ့အရေးကိစ္စကိုလုပ်တာ
နိုင်ငံရေးသမားမဟုတ်ဘူး။နိုင်ငံတစ်နိုင်ငံထဲမှာရှိတဲ့ လူမျိုးတစ်ခုတည်းအတွက်လုပ်တာ နိုင်ငံရေးသမားမဟုတ်ဘူး။နိုင်ငံတော်အဆင့် ပြည်ထောင်စုအဆင့်မှာ နိုင်ငံရေးသမားလုပ်ပြီဆိုရင် ဒီနိုင်ငံမှာရှိတဲ့လူတွေအကုန်လုံး ၊ တိရိစ္ဆာန်တွေအကုန်လုံး၊ ရေမြေတောတောင် သဘာဝ အကုန်လုံးကိုစဉ်းစားတတ်ရမယ်။ အဲဒါမှ တကယ့်အမျိုးသားခေါင်းဆောင်၊ တကယ့် နိုင်ငံရေး။ အဲသလိုမျိုး နိုင်ငံရေးသမားတွေ ကျွန်တော်တို့ အများကြီးလိုအပ်တယ်။”

အထက်ပါစကားဝိုင်းကို FED နဲ့ MMSY တို့က စီစဉ်ကျင်းပပေးတာဖြစ်ပြီး မခင်လေး(Triangle Women) က အမျိုးသမီးများအကြမ်းဖက်မှုနှင့် မြန်မာနိုင်ငံ အခြေအနေ ၊ ဦးအောင်မျိုးမင်း(Equality Myanmar) က အကြမ်းဖက်မှုများကြောင့်
အမျိုးသမီးများ ဆုံးရှုံးသွားရသော လူ့အခွင့်အရေး ၊ကိုနေဘုန်းလတ်(ပန်းစကား)က အမုန်းစကားများကြောင့် ဖြစ်ပေါ်ရသော အကြမ်းဖက်မှုများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ခေါင်းစဉ်တွေကို ဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်။

ကိုဇေ
ဒီဇင်ဘာ ၆၊ ၂၀၁၄
Myanmar Muslim Media