အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊အဗ်နာ
ပညာရေး အသုံးစရိတ်ကို နိုင်ငံတော် အသုံးစရိတ် အားလုံး၏ ၂၀ ရာခိုင်နှုန်းအထိ ရောက်ရှိစေရေးအတွက် ရည်မှန်းချက်ထားရှိ ဆောင်ရွက်ရန် ပညာရေး ဥပဒေမူကြမ်း ကော်မတီအား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒု ဗိုလ်မှူးကြီး မျိုးထက်ဝင်း က ဧပြီ ၈ ရက်ကကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် အဆိုပြုထားသည်။
အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ချက်ကို ပြည်သူ့လွှတ်တော်က ဧပြီ ၇ ရက်တွင် အတည်ပြုခဲ့ပြီးနောက် အမျိုးသား လွှတ်တော် သို့ ပြန်လည် တင်ပြသွားမည်ဖြစ်သည်ဟု သိရသည်။
အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် တောင်းဆိုလှုပ်ရှားခဲ့သူများက ထိုအနေအထားသည် မူလအခြေအနေနှင့်ကွာခြား မှု မရှိဟု ပြောဆိုကြသည်။
အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေးတွင် ဗဟိုချုပ်ကိုင်မှု ဖျက်သိမ်းပေးရန်၊ ပညာရေး အသုံးစရိတ်ကို ပိုအသုံးပြုရန်နှင့် သင်ရိုး ညွှန်းတန်းများကို ပို၍ လွတ်လပ်စေရန် တောင်းဆိုခဲ့ကြသည်။
အစိုးရထံ ကျောင်းသားများနှင့် တက်ကြွလှုပ်ရှားသူများက ပညာရေး ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး အချက် ၁၁ ချက်ကို တောင်းဆိုခဲ့ပြီး ထိုအချက်များအားလုံးကို သဘောတူ လက်ခံခဲ့ကြသည်။
အမျိုးသား ပညာရေး ဥပဒေမူကြမ်း ပြင်ဆင်ရေး ကန့်ကွက်ဆန္ဒပြနေသည့် ဒဂုံတက္ကသိုလ် ကျောင်းသား ကျောင်းသူများ (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
လွှတ်တော်အတွင်း ဆွေးနွေးရာ၌ တောင်းဆိုထားသည့် အချက် ၁၁ ချက် အပါအ၀င် ပညာရေး အသုံးစရိတ် ပိုမိုချပေးရန်နှင့် လွတ်လပ်သော ဆရာသမဂ္ဂနှင့် ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းခွင့်ပေးရန် စသည့် အချက်များကိုပါ ပညာရေး ဥပဒေ ပြင်ဆင်ရေး ကျောင်းသား လှုပ်ရှားမှု ခေါင်းဆောင်များက တောင်းဆိုခဲ့ကြသည်။
ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ(ACDE) မှ ကော်မတီအဖွဲ့ဝင် တဦးဖြစ်သည့် ကိုအောင်နေပိုင်က “ဆရာများ သမဂ္ဂနဲ့ ကျောင်းသားများ သမဂ္ဂကို ဖွဲ့ခွင့်ပေးမှာလား။ ဘယ်လောက်အထိ လွတ်လွတ်လပ်လပ် ဖွဲစည်းခွင့်ပေးမှာလဲ။ တက္ကသိုလ်တွေရဲ့ ထိန်းချုပ်မှု မပါဘဲနဲ့ ဖွဲ့စည်းခွင့် ပေးမှာလားဆိုတာ ကျနော်တို့ မေးလိုပါတယ်” ဟု သူကပြောသည်။
ပညာရေး ဥပဒေ ပြင်ဆင်ရေးကို တောင်းဆိုကြသည့် ကျောင်းသားများက ပညာရေး အသုံးစရိတ်အတွက် နိုင်ငံတော် အသုံးစရိတ် မှ ၂၀ ရာခိုင်နှုန်းကို နောင် ၅နှစ် အတွင်း အသုံးပြုပေးပါရန် ဦးစွာ တောင်းဆိုခဲ့ကြပြီး ဖြစ်သည်။
လက်ရှိတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေး နှစ် အတွက် ပညာရေး အသုံးစရိတ်သည် ၅ ဒသမ ၉၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်း ၀က်ဘ်ဆိုက်မှ Burma’s Lower House Approves Amendments to Controversial Education Law by Nobel Zaw ကို နိုင်မင်းသွင် ဘာသာပြန် ၍ ဧရာဝတီ မြန်မာပိုင်း သတင်းထောက် သူဇာ ပူးပေါင်း ရေးသားသည်။