၁၆ မတ် ၂၀၁၆ - ၁၈:၂၇
ဦးထင်ကျော် သမ္မတဖြစ်ပြီ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမည်စာရင်းတင်သွင်းသည့်ဦးထင်ကျော်အား နိုင်ငံတော်သမ္မတအဖြစ် မတ်လ ၁၅ ရက်က ပြုလုပ်သောသမ္မတရွေးချယ်တင်မြှောက်ပွဲတွင် တင်မြှောက်လိုက်ပြီဖြစ်သည်

 

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

သမ္မတရွေးချယ်တင်မြှောက်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီးတွင် ပြန်လည်ထွက်ခွာလာသော ဦးထင်ကျော်ကို တွေ့ရစဉ် (ဓာတ်ပုံ− စိုင်းဇော်)


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမည်စာရင်းတင်သွင်းသည့်ဦးထင်ကျော်အား နိုင်ငံတော်သမ္မတအဖြစ် မတ်လ ၁၅ ရက်က ပြုလုပ်သောသမ္မတရွေးချယ်တင်မြှောက်ပွဲတွင် တင်မြှောက်လိုက်ပြီဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်မြှောက်သော ဒုတိယသမ္မတနှစ်ဦးဖြစ်သည့် ဦးထင်ကျော်၊ ဦးဟင်နရီဗန်ထီးယူနှင့် တပ်မတော်ကတင်မြှောက်သော ဦးမြင့်ဆွေတို့ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စား လှယ်အားလုံးပါဝင်သည့် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက် ရေးအဖွဲ့က လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်ခဲ့ရာ မဲအများဆုံး ရရှိသူအား နိုင်ငံတော်သမ္မတအဖြစ် တင်မြှောက်ခဲ့ကြခြင်း ဖြစ်သည်။

မဲခွဲဆုံးဖြတ်ရာတွင် ဒုသမ္မတသုံးဦးအနက် ဦးထင် ကျော်က ထောက်ခံမဲ ၃၆၀ မဲ၊ ဦးမြင့်ဆွေက ထောက် ခံမဲ ၂၁၃ မဲ၊ ဦးဟင်နရီဗန်ထီးယူက ထောက်ခံမဲ ၇၉ မဲ အသီးသီးရရှိခဲ့ပြီး ဦးထင်ကျော်က သမ္မတ၊ ဦးမြင့်ဆွေ က ဒုတိယသမ္မတ(၁)နှင့် ဦးဟင်နရီဗန်ထီးယူက ဒုတိယသမ္မတ(၂)တို့ဖြစ်လာကြသည်။နေပြည်တော်ရှိ ပြည်ထောင် စုလွှတ်တော်အစည်းအဝေးခန်းမ တွင် မတ်လ ၁၅ ရက် နံနက် ၁၀ နာရီက ပြုလုပ်သော နိုင်ငံတော် သမ္မတ ရွေးချယ်တင်မြှောက်ပွဲကို ပြည်ထောင်စုလွှတ်တော်ကိုယ် စားလှယ် ၆၅၂ ဦးတက်ရောက်ခဲ့ ပြီး တက်ရောက်သူအားလုံးက မဲပေးခဲ့ကာ ပယ်မဲတစ်မဲမျှမရှိခဲ့ပေ။

နိုင်ငံတော်သမ္မတအား ဆန္ဒမဲလက်မှတ်အသုံးပြုကာ လျှို့ဝှက်မဲပေးစနစ်ဖြင့် မဲပေးရွေးချယ်ခဲ့ပြီး မတ်လ ၁၅ ရက် နံနက် ၁၀ နာရီ ၂၃ မိနစ်တွင် မဲပေးခြင်း စတင်ခဲ့ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပထမဦးဆုံးမဲပေးခဲ့သည်။

ဆန္ဒမဲပေးမှုနှင့် မဲရေတွက်မှု  နှစ်နာရီခန့် ကြာမြင့်ခဲ့ပြီးနောက် ရလဒ်များထွက်ပေါ်ခဲ့ရာ မဲမခွဲမီ က အများပြည်သူမျှော်လင့်ထား သည့်အတိုင်း ဦးထင်ကျော်သည် မဲအများဆုံးဖြင့် နိုင်ငံတော်သမ္မတ ဖြစ်လာခဲ့သည်။

ပြည်ထောင်စုလွှတ်တော် တွင် လွှတ်တော်ကိုယ်စားလှယ် ၆၅၇ ဦးရှိရာ မတ်လ ၁၅ ရက်က ကျင်းပသည့် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲသို့ လွှတ် တော်ကိုယ်စားလှယ် ၆၅၂ ဦး တက်ရောက်ခဲ့ကြသည်။

ပြည်သူ့လွှတ်တော်နှင့် အ မျိုးသားလွှတ်တော်နှစ်ရပ် ပေါင်း စည်းထားသည့် ပြည်ထောင်စု လွှတ်တော်ရှိ လွှတ်တော်ကိုယ် စားလှယ် ၆၅၇ ဦးတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ၃၉၀ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီမှ ၄၁ ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးနှင့် အခြားပါတီများမှ ၆၀ဦးတို့ပါဝင်ကြသည်။

ထွက်ပေါ်လာသော မဲရလဒ် များအရ ဦးထင်ကျော်သမ္မတဖြစ် ရေးအတွက် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်က မဲပုံပေးခဲ့ခြင်းဖြစ်ကာ ဦးဟင်နရီဗန်ထီးယူကိုမူ တိုင်းရင်းသားပါတီများကလည်း မဲပေးခဲ့ကြကြောင်း၊ တပ်မတော်က တင် မြှောက်ထားသောဦးမြင့်ဆွေအား တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ်များနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက မဲပေးခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ရ ကြောင်း လွှတ်တော်ကိုယ်စား လှယ်အချို့က ပြောကြသည်။

‘‘ဘယ်သူ့ကို မဲပေးခဲ့လဲဆို တာတော့ လျှို့ဝှက်မဲပေးခဲ့တယ် ဆိုတော့ ပြောလို့မရပေမယ့် ပြည် သူတွေ အားကိုးရမယ့် သူကို ပေး ခဲ့ကြတာပါ’’ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်း သီဟကျော်က သမ္မတရွေးချယ် တင်မြှောက်ပွဲအပြီးတွင် 7Day  Daily သတင်းစာအား ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုအလုပ်အမှုဆောင် အမျိုးသမီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မေဝင်းမြင့်က ယခုလို ပြည်သူက ရွေးချယ်တင်မြှောက်သော အရပ်သားစစ်စစ် သမ္မတကို တွေ့မြင်နိုင်ခွင့်ရခဲ့သည့် အခြေအနေမျိုးသို့ ရောက်ရှိအောင် ဒီမိုကရေစီအရေးအတွက် အနစ်နာခံခဲ့သူများ ရှိခဲ့ကြောင်း၊၎င်းတို့ကို ကျေးဇူးအထူးတင်ကြောင်း ဆိုသည်။

နိုင်ငံတော်သမ္မတအဖြစ် ဦး ထင်ကျော်အား ရွေးကောက်တင် မြှောက်ကြောင်းကို မဲခွဲရလဒ်များ အရ ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ကြေညာသည့်အချိန်တွင် လွှတ်တော်တွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၏ လက်ခုပ်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ကျေနပ်အားရ ပျော်ရွှင်စွာ လက်ခုပ်အားရပါးရတီးခဲ့သည်။

လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံတွင် သမ္မတဦးသိန်း စိန်လက်ထက်အထိ သမ္မတရှစ်ဦး ရှိခဲ့ရာ ဦးထင်ကျော်သည် မြန်မာ နိုင်ငံ၏ကိုးဦးမြောက် သမ္မတဖြစ် လာပြီး ၎င်းကို ဒေါ်အောင်ဆန်း စုကြည်က ယုံကြည်စိတ်ချရပြီးသစ္စာရှိသော သူဖြစ်သည်။

ထို့ပြင် ဦးထင်ကျော်သည် ကဗျာဆရာကြီး မင်းသုဝဏ်၏သားဖြစ်ပြီး ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ စီးပွားရေးပညာဘွဲ့ရရှိခဲ့ကာ အမေရိကန်၊  ဗြိတိန်၊ ဂျပန်နိုင်ငံများတွင် ပညာဆည်းပူးခဲ့သူဖြစ်ပြီး လက်ရှိတွင် အသက်(၇၀)နှစ်ရှိပြီ ဖြစ်သည်။

နိုင်ငံတော်သမ္မတသစ်ဖြစ် လာသူ ဦးထင်ကျော်သည် လာ မည့်ရက်ပိုင်းအတွင်း ၎င်း၏အစိုး ရအဖွဲ့သစ်တွင် ပါဝင်မည့် ဝန် ကြီးဌာနအရေအတွက်နှင့် ဝန်ကြီး ဦးရေသတ်မှတ်ခြင်း၊ ဝန်ကြီးများ အမည်စာရင်းတို့ကို ပြည်ထောင် စုလွှတ်တော်သို့ လာရောက်တင် ပြကာ ပြည်ထောင်စုလွှတ်တော် ၏အတည်ပြုချက် ရယူရမည် ဖြစ်သည်။

အစိုးရအဖွဲ့သစ်သည် လက်ရှိ သမ္မတဦးသိန်းစိန်အစိုးရငါးနှစ် တာသက်တမ်းကုန်ဆုံးမည့် ယခု လ ၃၀ ရက် (မတ်လ)နောက်ပိုင်းမှ စတင်ကာ နိုင်ငံကို ငါးနှစ်တာ စီမံ အုပ်ချုပ်ရမည်ဖြစ်သည်။

==========================

251/End