အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် စက်ရုံတစ်လုံး မီးလောင်မှု ဖြစ်ပွားရာ အနည်းဆုံး ၁၅ ဦး သေဆုံးပြီး ၇၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။
တွန်ဂီမြို့ရှိ အစိုးရဆေးရုံမှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက “သေဆုံးသူအရေအတွက် ၁၅ ယောက်ထိ မြင့်တက်လာပါတယ်။ ၇၀ ကျော် ဒဏ်ရာရပြီး အခြေအနေဆိုးတဲ့သူတွေ တော်တော်များများ ပါနေတယ်”ဟု ပြောကြားခဲ့သည်။
လေးထပ် အဆောက်အအုံတစ်ခုဖြစ်သည့် ထုပ်ပိုးရေး စက်ရုံတွင် စက်တင်ဘာ ၁၀ ရက်က ရေနွေးငွေ့ ဘွိုင်လာအိုး ပေါက်ကွဲသည်ဟု ယူဆရသော အခြေအနေကြောင့် စတင်မီးလောင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါမီးကို နေ့လယ်ပိုင်း အချိန်ထိ ထိန်းချုပ်နိုင်စွမ်း မရှိသေးချေ။
“ဒဏ်ရာရသူ အများစုက မီးလောင်ခံရတာပါ။ တချို့ကလည်း မီးခိုးငွေ့မွှန်ပြီး အသက်ရှူရတာ ပြဿနာတွေ ရှိနေတယ်။ အရမ်းအခြေအနေ ဆိုးသူတွေကိုတော့ ဒါကာမြို့တော်က ဆေးရုံတွေဆီ လက်လွှဲပေးထားပါတယ်”ဟုလည်း ဆေးရုံတာဝန်ရှိသူက ဆိုသည်။
မီးလောင်မှု ဖြစ်ပွားချိန်တွင် အဆောက်အအုံ၌ အလုပ်လုပ်နေသူ ၁၀၀ ဝန်းကျင်မျှ ရှိကြောင်းလည်း သိရသည်။ တွန်ဂီသည် စက်မှုမြို့တစ်မြို့ဖြစ်ပြီး ဒါကာ၏ မြောက်ဘက် မလှမ်းမကမ်းတွင် တည်ရှိသည်။
“မီးကို မထိန်းနိုင်သေးဘူး။ စက်ရုံရဲ့ မြေညီထပ်မှာ ဓာတုပစ္စည်းတွေလည်း သိုလှောင်ထားတော့ မီးလောင်မှုကို အားပေးသလို ဖြစ်နေတယ်။ မနက် ၆ နာရီကတည်းက စလောင်တဲ့မီးက အရှိန်မကျသေးဘူး”ဟု ဘင်္ဂလားဒေ့ရှ် စက်မှုရဲဌာန အရာရှိ တစ်ဦးဖြစ်သော တာမီဒူလ် အစ္စလာမ်က ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ် စက်မှုလုပ်ငန်းများတွင် လုံခြုံရေးစံနှုန်း အလွန်အားနည်း ညံ့ဖျင်းလေ့ရှိပြီး စက်ရုံမီးလောင်မှုများလည်း မကြာခဏ ပေါ်ပေါက်ခဲ့သည်။ ပြီးခဲ့သည့်နှစ်က ဒါကာရှိ ပလပ်စတစ် စက်ရုံတစ်လုံး မီးလောင်ရာတွင် ၁၃ ဦးထက်မနည်း သေဆုံးခဲ့ဖူးသည်။ ၂၀၁၂ ကလည်း ဒါကာမြို့ပြင်ရှိ စက်ရုံတစ်လုံး မီးလောင်ရာ လူပေါင်း ၁၁၂ ဦး အသက်ဆုံးရှုံးခဲ့သည်။
အခြားဆိုးရွားသော မတော်တဆမှု တစ်ခုအဖြစ် ဒါကာဆင်ခြေဖုံးရှိ ရာနာပလာဇာ အထည်ချုပ် စက်မှုလုပ်ငန်း အဆောက်အအုံ ၂၀၁၃ ခုနှစ်က ပြိုကျရာ လူပေါင်း ၁၁၃၅ ဦးထိ သေဆုံးခဲ့ရသည်။
Ref: Guardian
=======================
251/End
၁၀ စက်တင်ဘာ ၂၀၁၆ - ၁၉:၂၀
News ID: 778160
ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် စက်ရုံတစ်လုံး မီးလောင်မှု ဖြစ်ပွားရာ အနည်းဆုံး ၁၅ ဦး သေဆုံးပြီး ၇၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။