၁၉ စက်တင်ဘာ ၂၀၁၆ - ၁၈:၁၉
ဆီးရီးယား စစ်တပ်ကို မှားယွင်းတိုက်ခိုက်မှုအတွက် ဩစတြေးလျ ဝန်ကြီးချုပ် တောင်းပန်

အိုင်အက်စ် စစ်သွေးကြွများကို တိုက်ခိုက်နေသည့် ဆီးရီးယား အစိုးရတပ်များကို မှားယွင်းဗုံးကြဲမိသည့်အတွက် နောင်တရမိကြောင်း ဩစတြေးလျ ဝန်ကြီးချုပ် မယ်လ်ကွမ် တန်းဘူးလ်က ဖွင့်ဟ ပြောကြားခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အိုင်အက်စ် စစ်သွေးကြွများကို တိုက်ခိုက်နေသည့် ဆီးရီးယား အစိုးရတပ်များကို မှားယွင်းဗုံးကြဲမိသည့်အတွက် နောင်တရမိကြောင်း ဩစတြေးလျ ဝန်ကြီးချုပ် မယ်လ်ကွမ် တန်းဘူးလ်က ဖွင့်ဟ ပြောကြားခဲ့သည်။

တန်းဘူးလ်က စက်တင်ဘာ ၁၈ ရက်တွင် ဖြစ်ပွားသည့် မှားယွင်းတိုက်ခိုက်မှု၌ မဟာမိတ် လေတပ်တွင် ဩစတြေးလျ တိုက်လေယာဉ်များ ပါဝင်ခဲ့ကြောင်း ဝန်ခံသည်။ ဆီးရီးယားတွင် အပစ်အခတ် ရပ်စဲရေး သဘောတူထားသော်လည်း အိုင်အက်စ်နှင့် အယ်လ်နျူဆာရာ တပ်ဦးကဲ့သို့ အစွန်းရောက် စစ်သွေးကြွ အင်အားစုများကိုမူ အဖွဲ့အစည်း အသီးသီးက ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်သည်။

အဆိုပါ မှားယွင်းတိုက်ခိုက်မှု အပြီးတွင် ဆီးရီးယား အစိုးရ၏ မဟာမိတ်ဖြစ်သည့် ရုရှားက ကုလသမဂ္ဂ အမျိုးသား လုံခြုံရေး ညီလာခံတွင် အရေးပေါ် အစည်းအဝေး ချက်ချင်းခေါ်ယူပေးရန် တောင်းဆိုခဲ့သည်။ မဟာမိတ် လေတပ်ကို ဦးဆောင်သည့် အမေရိကန် စစ်ဘက်ကလည်း ရည်ရွယ်ချက် မပါသည့် မှားယွင်းမှုအတွက် အလွန်အမင်း နောင်တရမိကြောင်း တောင်းပန်ထားသည်။

“ရုရှား အရာရှိတွေက မဟာမိတ်လေတပ် တိုက်ခိုက်နေတဲ့ ပစ်မှတ်တွေဟာ ဆီးရီးယား စစ်တပ်ရဲ့ တပ်သားတွေ၊ ယာဉ်တွေ ဖြစ်နိုင်ကြောင်း လှမ်းအကြောင်းကြားလာတာနဲ့ တိုက်ခိုက်မှုကို ချက်ချင်း ရပ်တန့်လိုက်ပါတယ်”ဟု အမေရိကန် စစ်ဘက် အရာရှိ တစ်ဦးက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် အိုင်အက်စ်တို့ကို စစ်ဆင်ရေး ဆင်နွှဲနေသည့် ဆီးရီးယား အစိုးရ တပ်ဖွဲ့ဝင် ၆၂ ဦးထက်မနည်း သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ရုရှားက ကြေညာခဲ့သည်။ ထိုလွဲချော်မှုသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ ဆီးရီးယားအရေး ဆွေးနွေးရာတွင် ရုရှားနှင့် အမေရိကန်တို့ကြား ခါးသီးမှုကို ပိုမိုအရှိန်မြင့်လာစေဖွယ် ရှိနေသည်။

နယူးယောက်သို့ ရောက်ရှိနေသည့် တန်းဘူးလ်က ဆီးရီးယား စစ်သားများ ထိခိုက်သေဆုံးခြင်းအတွက် အလွန် စိတ်မကောင်း ဖြစ်မိကြောင်း ဆိုသည်။ “ဒီဖြစ်ရပ်မှာ ဩစတြေးလျရဲ့ တိုက်လေယာဉ်တွေလည်း ပါဝင်ပတ်သက်မှု ရှိခဲ့ပါတယ်”ဟု ၎င်းက ဝန်ခံခဲ့သည်။

၎င်းက “ပူးပေါင်း ဒီတိုက်ခိုက်မှုဟာ ဆီးရီးယားစစ်တပ်ကို သက်ရောက်မှု ရှိခဲ့ကြောင်း ရုရှားဘက်က လှမ်းအသိပေးတာနဲ့ မဟာမိတ်တပ်ဖွဲ့ရဲ့ စစ်ဦးစီးတွေက ချက်ချင်း ရပ်တန့်ခဲ့တယ် ဆိုတာကိုတော့ အတည်ပြုနိုင်ပါတယ်”ဟုလည်း ပြောကြားခဲ့သည်။ တန်းဘူးလ်က ရုရှားအနေဖြင့် ယခုဖြစ်ရပ်သည် အလွန်ရိုးရှင်းသည့် မတော်တဆ အမှားသာဖြစ်သည်ကို လက်ခံပြီး နိုင်ငံရေးအရ ရှုပ်ထွေးမှုများ ရှိလာအောင် ဖိအားမပေးရန်လည်း တိုက်တွန်းခဲ့သည်။

အမေရိကန်၏ ကုလသမဂ္ဂ ကိုယ်စားလှယ် ဆမန်သာ ပါဝါက လုံခြုံရေးကောင်စီတွင် ထိုကိစ္စကို ဆွေးနွေးရန် တောင်းဆိုမှုသည် ရုရှား၏ အဆန်းထွင်မှု တစ်ခုသာဖြစ်ကြောင်း ဆိုသည်။ ရုရှား၏ ကုလသမဂ္ဂ ကိုယ်စားလှယ် ဗစ်တာလီ ချာကင်က အမေရိကန် အနေဖြင့် ယခုမျှလောက် အင်အားကြီးမားစွာ ချေမှုန်းရေး လုပ်ဆောင်သည်ကို ယခင်က မမြင်ဖူးကြောင်း တုံ့ပြန်ခဲ့သည်။

လတ်တလောတွင် ရုရှားနှင့် အမေရိကန်တို့၏ ဦးဆောင် ဆွေးနွေးမှုဖြင့် ဆီးရီးယားတွင် အစိုးရနှင့် သူပုန်တပ်များကြား အပစ်အခတ် ရပ်စဲထားသော်လည်း အိုင်အက်စ်နှင့် အခြားသော စစ်သွေးကြွများကို နှစ်ဖက်စလုံးက ဆက်လက် တိုက်ခိုက်လျက်ရှိသည်။


==================
251/End