အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာနိုင်ငံအနေနဲ့ နျူကလီးယားဆိုင်ရာ နိုင်ငံတကာ စာချုပ်နှစ်ခုမှာ အတည်ပြုပါဝင်ဖို့ သဘောတူစာချွန်လွှာ ပေးအပ်လိုက်တယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
နျူကလီးယားဒြပ်ပစ္စည်းနှင့် နျူကလီးယားအဆောက်အအုံများအား ရုပ်ပိုင်းဆိုင်ရာ အကာအကွယ်ပြုမှုစာချုပ် (Convention on the Physical Protection of Nuclear Material- CPPNM)နဲ့ နျူကလီးယားဘေးအန္တရာယ် ကင်းရှင်းရေးစာချုပ် (Convention on Nuclear Safety-CNS)တွေမှာ အတည်ပြုပါဝင်ကြောင်း စာချွန်လွှာတွေကို ဗီယင်နာမြို့ရှိ မြန်မာသံအမတ် ဦးစံလွင်က အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ညွှန်ကြားရေးမှူးချုပ် ယူကီယာ အမန်နိုထံ ဒီဇင်ဘာ ၆ ရက်က အပ်နှံခဲ့တာလို့ ဆိုပါတယ်။
မြန်မာအနေနဲ့ နျူကလီးယား လက်နက်အလုံးစုံ ဖျက်သိမ်းရေးကို လိုလားတဲ့အကြောင်း နျူးကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေး ဆောင်ရွက်ရာမှာ နျူကလီးယားဘေးအန္တရာယ် ကင်းရှင်းရေးကို အလေးထားကြောင်း ပြသတဲ့အနေနဲ့ ဒီစာချုပ်တွေမှာ အတည်ပြုပါဝင်တာလို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံအနေနဲ့ နျူကလီးယားလက်နက် ဖောက်ခွဲစမ်းသပ်မှုအလုံးစုံ တားဆီးပိတ်ပင်ရေး စာချုပ် (CTBT) ကို ပြီးခဲ့တဲ့ စက်တင်ဘာလက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ်မှာ အတည်ပြုပါဝင်ခဲ့ပြီးနောက် ခုလို နျူကလီးယားဆိုင်ရာစာချုပ်တွေမှာ ထပ်မံ အတည်ပြုပါဝင်ခဲ့တာပါ။
မြန်မာနိုင်ငံအနေနဲ့ နျူးကလီးယား လက်နက်တွေ ကင်းမဲ့တဲ့ ကမ္ဘာကြီး ဖြစ်ပေါ်လာစေရေး တိုက်တွန်းအားပေးတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြီးခဲ့တဲ့ စက်တင်ဘာလက ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်း ပြောသွားပါတယ်။
===================
251 / End
၁၂ ဒီဇင်ဘာ ၂၀၁၆ - ၁၈:၀၇
News ID: 797741
မြန်မာနိုင်ငံအနေနဲ့ နျူကလီးယားဆိုင်ရာ နိုင်ငံတကာ စာချုပ်နှစ်ခုမှာ အတည်ပြုပါဝင်ဖို့ သဘောတူစာချွန်လွှာ ပေးအပ်လိုက်တယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။