အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အိန္ဒိယအစိုးရက ဦးစီးလုပ်ကိုင်သည့် ချင်းပြည်နယ်ရှိ ကုလားတန်မြစ်ဆိပ်ကမ်းစီမံကိန်းသည် လာမည့်နှစ် ဇန်န၀ါရီတွင် ပြီးစီးမည်ဖြစ်ပြီး ယင်းစီမံကိန်း၌ အိန္ဒိယ-မြန်မာကုန်သွယ်ရေးလမ်းကြောင်းများလည်း ပါဝင်လာ၍ ချင်းပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်လာမည်ဟု သတင်းရရှိသည်။
‘‘ဆိပ်ကမ်း ပြီးသွားသော်လည်းပဲ ကားလမ်းကတော့ ချိတ်ပေးရမယ်။ အဲဒီအချိန်ကျရင် ဒီဆိပ်ကမ်းကြီးရဲ့ အရေးပါမှုက ပိုပြီးတော့ အားကောင်းသွားမယ်။ ကားလမ်းဖောက်တာကတော့ အစိုးရရဲ့ ဘတ်ဂျက်နဲ့ပဲ သုံးစွဲမယ်’’ဟု ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဘိုဇွဲက ပြောသည်။
ချင်းပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ကျန်းမာရေး၊ စီးပွားရေး စသည့် ကဏ္ဍမျိုးစုံသည် ခက်ခဲလျက်ရှိသည်။ စီမံကိန်း တည်ရှိရာ ပလက်ဝမြို့တွင် ပြည်နယ်အတွင်းရှိ အချို့မြို့များသို့ သွားလာရန်ပင် ဆက်သွယ်နိုင်သည့် လမ်းများမရှိဘဲ ရန်ကုန် (သို့မဟုတ်) မန္တလေးမှတစ်ဆင့် ကူးလူးသွားလာနေရသည်။ ပလက်ဝမြို့မှ ရန်ကုန်နှင့် မန္တလေးသို့ ရောက်ရှိရန် ရေလမ်းနှင့် ကုန်းလမ်းနှစ်မျိုးစလုံးအသုံးပြုပြီး ခရီးသွားလာချိန်မှာ နာရီပေါင်း ၄၈ နာရီ (နှစ်ရက်ခန့်) ကြာမြင့်ကြောင်း သိရသည်။
ထို့ကြောင့် ကုလားတန် စီမံကိန်းဆိပ်ကမ်းဖြစ်လာမည့် ပလက်ဝ-ဆမီး-မတူပီ-ဟားခါးလမ်းကို ယခုအစိုးရ လက်ထက်တွင် ဖောက်လုပ်မည်ဆိုပါက ပလက်ဝ-ဆမီး-မတူပီ-မင်းတပ်-ကန်ပက်လက်မှတစ်ဆင့် ဟားခါး-ထန်တလန်-တီးတိန်- တွန်းဇံ စသည်တို့သို့ ပြည်နယ်ဆက်လမ်းများ ပေါ်ထွန်းလာမည်ဟု ဦးဘိုဇွဲက ပြောကြားသည်။ ထို့အပြင် ပလက်ဝဆိပ်ကမ်းကိုအသုံးပြု၍ အိန္ဒိယ- မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းအဖြစ် ကုန်ပစ္စည်းတင်ပို့နိုင်မည့်အနေအထားကိုပါ ထည့်သွင်းစဉ်းစားထားကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ စီးပွားစီမံရေးရာဝန်ကြီး ဦးဆလိုင်းအိုက်ဇက်ခင်က ရှင်းပြသည်။
‘‘ချင်းပြည်နယ် အစိုးရအနေနဲ့က ကုလားတန်စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ အိန္ဒိယရဲ့အကျိုးစီးပွားလည်းပြည့်မယ်။ အထူးသဖြင့် ဒီဆိပ်ကမ်းကို အသုံးပြုပြီးတော့ အနည်းဆုံး တိုင်းပြည်အတွင်းသော်လည်းကောင်း၊ တခြားတိုင်းပြည်တွေကိုပါ ကုန်ပစ္စည်းတင်ပို့နိုင်မယ့် အနေအထား၊ ထုတ်ကုန်တင်ပို့နိုင်မယ့် အနေအထား အဲဒီအခွင့်အလမ်းကိုလည်း ကျွန်တော်တို့ စဉ်းစားပါတယ်’’ ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
စီမံကိန်းနှင့် ပတ်သက်၍ ခူမီးစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီဥက္ကဋ္ဌ ဦးစနီအောင်က လမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်၍ ဒေသထွက်ကုန်များ တင်ပို့နိုင်မည်ကို ကြိုဆိုသော်လည်း ဒေသခံများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းရရှိရေး လူမှုရေးပြဿနာများ ၀င်ရောက်လာမည်ကို စိုးရိမ်နေကြောင်း ပြောကြားသည်။
ကုလားတန်မြစ် စီမံကိန်းသည် အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားမြို့မှတစ်ဆင့် စစ်တွေဆိပ်ကမ်း-ပလက်ဝဆိပ်ကမ်းတို့မှ အိန္ဒိယအရှေ့မြောက်ပြည်နယ်များသို့ ရေလမ်းအားဖြင့် ချိတ်ဆက်နိုင်ရန် အိန္ဒိယနိုင်ငံ၏ အကျိုးစီးပွားကို အဓိကထားဆောင်ရွက်သည့် စိမံကိန်းဖြစ်ကြောင်းသိရသည်။ ယင်းစီမံကိန်းကို ၂၀၀၈ တွင် စတင်အကောင်အထည်ဖော်ခဲ့သည်။
===================
251 / End
၁၂ ဒီဇင်ဘာ ၂၀၁၆ - ၁၈:၂၁
News ID: 797747
အိန္ဒိယအစိုးရက ဦးစီးလုပ်ကိုင်သည့် ချင်းပြည်နယ်ရှိ ကုလားတန်မြစ်ဆိပ်ကမ်းစီမံကိန်းသည် လာမည့်နှစ် ဇန်န၀ါရီတွင် ပြီးစီးမည်ဖြစ်ပြီး ယင်းစီမံကိန်း၌ အိန္ဒိယ-မြန်မာကုန်သွယ်ရေးလမ်းကြောင်းများလည်း ပါဝင်လာ၍ ချင်းပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်လာမည်ဟု သတင်းရရှိသည်။