အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဦးကိုနီလုပ်ကြံခံရမှုပြစ် မှုကျူးလွန်သူများကို တတိယအ ကြိမ်ရုံးထုတ်ရာ တရားသူကြီးများက လက်နက်အမှု ၁၉(စ)(ဃ) ကို အဓိကစစ်ဆေးပြီး တရားခံ ရှေ့နေများက ခုခံထွက်ဆိုခဲ့ သည်။
ကြည်လင်း အပါအဝင် အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့ကို မတ်လ ၂၄ ရက်က မြောက်ပိုင်းခရိုင်တရားရုံး တွင် တတိယအကြိမ်ရုံးထုတ်စစ် ဆေးခြင်းကို နံနက် ၁၀ နာရီ ၂၀ မိနစ်၌ တရားခွင်စတင်ခဲ့သည်။ရုံးချိန်းတွင် လုံခြုံရေးတင်း ကျပ်ထားပြီး ရဲတပ်ဖွဲ့ဝင်များနှင့် အတူ တရားခံလေးဦးကို သံကြိုး တွဲများနှင့်လက်ထိတ်ခတ်၍ အချုပ်ကားဖြင့် ခေါ်ဆောင်လာခဲ့ သည်။ ဒုတိယအကြိမ် ရုံးချိန်းတွင် တရားခံများကို တစ်ဦးချင်းစီ လက်ထိတ်ခတ်၍ ဟိုက်အေ့စ် ယာဉ်ဖြင့် ခေါ်ဆောင်လာခဲ့ခြင်း ကြောင့် ဝေဖန်မှုများစွာထွက်ပေါ် ခဲ့သည်။
ပြစ်မှုကျူးလွန်သူ ကြည် လင်းသည် ဆံပင်ဖြူများကို အနက် ရောင်ပြန်ဆိုးထားပြီး ဆံပင်သပ် သပ်ရပ်ရပ် ညှပ်ထားသည်ကို တွေ့ရသည်။ ယခင်ရုံးထုတ်စဉ်ကကဲ့ သို့မဟုတ်ဘဲမုတ်ဆိတ်များ ရိတ်သင်ထားသည်။ ဇေယျာဖြိုးမှာ ယခင်ထက် ပိုမို ပိန်ကျသွားပြီး နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးများ ပိုမိုရှည်လျားနေသည်။ အောင်ဝင်းဇော်ကလွဲ၍ ကျန်သူများသည် စတစ်ကော်လံအဖြူကို ဝတ်ဆင်ထားသည်။
ရုံးချိန်းတွင် လက်နက်ပုဒ်မ ဖြင့် စွပ်စွဲခံရသည့် အောင်ဝင်း ဇော်၊ ကြည်လင်းတို့ကို မင်္ဂလာဒုံ ရဲစခန်းမှ တရားလို ဒုရဲမှူး မြထွန်း ကျော်က သက်သေထွက်ဆိုခဲ့ပြီး တရားခံရှေ့နေများက ခုခံ လျှောက်ထားခြင်း ဖြစ်သည်။ ကြည်လင်းထံမှ ဖမ်းဆီးရရှိသည့် သေနတ်နှစ်လက်နှင့် ကျည်ဆန် များကို အောင်ဝင်းဇော်က ထောက်ပံ့ခြင်းဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက ကနဦးထုတ်ပြန်ခဲ့ပြီး လက်ရှိတွင် အဆိုပါနှစ်ဦးကို လက်နက်ပုဒ်မဖြင့် တရားစွဲဆို ထားသည်။
တရားခွင်တွင် တရားသူကြီး များအဖြစ် မြောက်ပိုင်းခရိုင်တရား သူကြီး ဦးတင်ထွေး၊ အရှေ့ပိုင်း ခရိုင်၊ တွဲဖက်ခရိုင်တရားသူကြီး ဦးဇော်ထူး၊ မြောက်ပိုင်းခရိုင် ဒု ခရိုင်တရားသူကြီး ဦးအုန်းခိုင်တို့ ဖြစ်ပြီး ဥပဒေအရာရှိများအနေ ဖြင့် ဦးအောင်နိုင်ဦး၊ ဦးကောင်း မြတ်၊ ဦးကြည်မောင်တို့က ဆောင်ရွက်ခဲ့သည်။
တရားလိုဘက်က ရှေ့နေ များအဖြစ် တရားလွှတ်တော်ရှေ့ နေများဖြစ်သည့် ဦးနေလ၊ ဦးခင် မောင်ဌေး၊ ဦးမင်းမင်းဇော်တို့က ဆောင်ရွက်သည်။ တရားခံများ ဘက်ကနေ၍ အောင်ဝင်းဇော်နှင့် အောင်ဝင်းထွန်းတို့နှစ်ဦး၏ ရှေ့နေအဖြစ် အထက်တန်းရှေ့နေ ဦးအောင်ခိုင်က ဆောင်ရွက်ခဲ့ပြီး ဇေယျာဖြိုး၏ရှေ့နေအဖြစ် တရားလွှတ်တော် ရှေ့နေဒေါ်ပပဝင်းက ဆောင်ရွက်ခဲ့သည်။ ကြည်လင်း၏ရှေ့နေအဖြစ် တရားလွှတ်တော်ရှေ့နေ ဦးကျော်ကျော်ထိုက် နှင့် ဦးသန့်ဇင်ဦးတို့က ပူးတွဲဆောင် ရွက်ခဲ့သည်။
တရားခွင်တွင် တရားလို ဒုရဲမှူး မြထွန်းကျော်က ကြည်လင်းနှင့်အောင်ဝင်းဇော် တို့ကို လက်နက်ပုဒ်မဖြင့် စွဲချက်တင်သည့်အကြောင်းနှင့် တရားခံ ကြည်လင်း ရန်ကုန်လေဆိပ်တွင် ဦးကိုနီနှင့် ဦးနေဝင်းတို့ကို လက် နက်အသုံးပြု၍ သတ်ဖြတ်ခဲ့ပြီး၊ ၎င်းက ကြည်လင်းကို လက်နက်နှင့်အတူ ဖမ်းမိကြောင်း ထွက်ဆိုခဲ့ သည်။ ဦးစွာ ပြစ်မှုကျူးလွန်သူ ကြည်လင်း၏ရှေ့နေ ဦးကျော် ကျော်ထိုက်က ကြည်လင်းသည် အငှားယာဉ်မောင်း ဦးနေဝင်းကို ကြံစည်ရည်ရွယ်၍ သေနတ်ဖြင့် ခြိမ်းခြောက် သတ်ဖြတ်ခဲ့ခြင်းမ ဟုတ်ကြောင်း၊ ဥပဒေကို ချိုး ဖောက်မိသည် ဆိုသော်လည်း ကြည်လင်းက တစ်စုံတစ်ရာအ ကျိုးအတွက် ဦးစွာ တိုက်ခိုက်ခြောက်လှန့်ခဲ့ခြင်း မရှိဟု ရုံးတော်သို့ လျှောက်လဲခဲ့သည်။ သို့သော် အဆိုပါ ပြောစကားသည် လက်ရှိ လက်နက်ပုဒ်မ စစ်ဆေးခြင်းနှင့် သက်ဆိုင်ခြင်းမရှိဟု တရားသူကြီးက သတိပေးခဲ့သည်။ တရားခံရှေ့နေက ဆက်စပ်နေပါသည်ဟု ပြန်လည်ပြောသည်။
ကြည်လင်း၏ရှေ့နေ ဦး ကျော်ကျော်ထိုက်ကို ကြည်လင်း အတွက် ရှေ့နေ လိုက်ပေးရန် အောင်ဝင်းဇော်၏ ရှေ့နေ ဦး အောင်ခိုင်က ဆက်သွယ်အကူညီ တောင်းခဲ့သည်။
ထို့နောက် ပြစ်မှုကျူးလွန်သူ အောင်ဝင်းဇော်၏ ရှေ့နေ ဦး အောင်ခိုင်က တရားလိုဒုရဲမှူးမြ ထွန်းကျော်ကို မေးခွန်းများမေး မြန်းပြီး ရုံးတော်တင်မှုပြုလုပ်ခဲ့ သည်။ ထို့နောက် တရားခွင်ကို ရပ် နားခဲ့ပြီး တရားခံများကို ပြန်လည် ခေါ်ဆောင်သွားခဲ့သည်။ ရာဇ သတ်ကြီးပုဒ်မ ၃၀၂ အတွက် သက်သေများ မစုံသဖြင့် ရပ်နားခဲ့ ကြောင်း ပြောကြားပြီး တရားသူ ကြီးများက ရုံးချိန်းကို မတ်လ ၃၁ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့သည်။
တရားခံ အောင်ဝင်းဇော်နှင့် အောင်ဝင်းထွန်းတို့၏ရှေ့နေ ဦး အောင်ခိုင်က ‘‘ဒီသေနတ်နဲ့ ကျည်ဆန်နဲ့က အောင်ဝင်းဇော်နဲ့ပတ် သက်ကြောင်း ရဲတပ်ဖွဲ့က တင်ပြ ထားတဲ့ အချက်အလက်ဘာမှမရှိ ဘူး။ အောင်ဝင်းဇော်နဲ့ ပတ်သက် ကြောင်း သက်သေထူရမှာက တ ရားစွဲအဖွဲ့အစည်း ရဲတပ်ဖွဲ့က ထူရမှာပါ။ အခုလက်ရှိ တရားလို ဖြစ်တဲ့ ဒုရဲမှူးက ထွက်တာက တော့ အောင်ဝင်းဇော်ဆီက သိမ်း ထားတာမဟုတ်ဘူး။ အမှန်တော့ ဟုတ်တယ်လေ ကြည်လင်းဆီက ကောက်သိမ်းလိုက်တာကိုး။ ကျည်ဆန်ရော၊ သေနတ်ရော ငါ့ ညီတို့လည်း သိပြီးသားပဲ။ ကြည် လင်းပြောတဲ့အတိုင်း အောင်ဝင်း ဇော်က ခိုင်းထားတဲ့ အောင်ဝင်း ဇော်နဲ့ ပတ်သက်တဲ့ အထောက် အထားစာရွက်စာတမ်းလည်း မ တွေ့ဘူး’’ဟု မီဒီယာများကို ပြော ကြားခဲ့သည်။
သို့သော် သမ္မတရုံးမှ ဦးကိုနီလုပ်ကြံမှု နောက်ဆက်တွဲ ထုတ်ပြန်ချက်(၂)တွင် အောင်ဝင်းဇော်သည် အောက်တိုဘာ ၁၆ ရက်တွင် သေနတ်ဝယ်ရန် ဘားအံသို့သွားရောက်ခဲ့ကြောင်း၊ ၉ မမပစ္စတိုနှင့်ကျည်ဆန် ၁၀ တောင့်ကို ငွေကျပ် ၂၅ သိန်းဖြင့် လည်းကောင်း၊ ငါးလုံးပြူး သေနတ်နှင့် ကျည်လေးတောင့်ကို ကျပ် ၂၅ သိန်း ဖြင့်လည်းကောင်း ဝယ်ယူခဲ့ကြောင်း အောင်ဝင်းဇော်၏ ထွက်ဆိုချက်ကိုပင် ထုတ်ပြန်ခဲ့သည်။
တရားခံများ၏ကျန်းမာရေး အခြေအနေသည် ကောင်းမွန် ကြောင်း ၎င်းတို့၏ရှေ့နေများက ပြောသည်။ လက်ရှိ တရားခွင်တွင်တရားလိုရှေ့နေများ၏လှုပ်ရှားမှု မရှိဘဲ အောင်ဝင်းခိုင်အတွက် ဖမ်းဝရမ်းထပ်တိုးရန်ကိုသာ နောက် တစ်ပတ်အတွင်း အားစိုက်လုပ်မည် ဟု တရားလိုရှေ့နေ ဦးနေလက ပြောသည်။
‘‘ဒီနေ့က လက်နက်မှုကို စတင်ဖွင့်လှစ်တဲ့ တရားလိုဘက် က လက်နက်မှုနဲ့ပတ်သက်လို့ ကနဦးစစ်ဆေးချက်ပဲ ရှိပါသေး တယ်။ ကနဦးစစ်ဆေးချက်နဲ့ ပတ် သက်လို့ လက်နက်တွေအားလုံး ဟာ အောင်ဝင်းဇော်နဲ့မပတ်သက် ဘူးလို့ ငြင်းဆို၊ မေးမြန်းသော် လည်းပဲ ထိရောက်မှုမရှိဘူးလို့ ပြောရမှာပါ။ နောက်ထပ် လက် နက်မှုနဲ့ပတ်သက်လို့ စစ်ဆေးစရာသက်သေတွေလည်း ကျန်နေ သေးတယ်။ နောက်ပြီး ရာဇဝတ် ကြီး အမှတ်ကို စစ်ဆေးတဲ့အခါ ကျလို့ရှိရင် လက်နက်တွေအား လုံးဟာ သူတို့ ဘယ်လိုဆက်နွှယ် ပြီးတော့ ကြည်လင်းရရှိတဲ့အ ကြောင်း ပေါ်ပေါက်လာမှာပါ’’ဟု ဦးနေလက ပြောသည်။ ထို့နောက်နှစ်နာရီကြာစစ်ဆေးမှုအပြီး တ ရားခွင်ကို နေ့လယ် ၁၁ နာရီခွဲခန့် တွင် ရပ်နားခဲ့သည်။
ရှေ့နေ ဦးအောင်ခိုင်နှင့် တရားလို ဒုရဲမှူးမြထွန်းကျော်တို့၏ သက်သေထွက်ဆိုမှုများနှင့် မေးခွန်းမေးမြန်းခြင်းများကို အကျဉ်းချုံးဖော်ပြလိုက်ပါသည်။ ဦးအောင်ခိုင်၏ မေးခွန်းမေးမြန်းလျှောက်လဲမှုသည် အချိန်တစ်နာရီခန့် ကြာမြင့်ခဲ့ပြီး တရားလိုရှေ့နေက တစ်ကြိမ်ကန့်ကွက်ခဲ့သည်။
အခင်းဖြစ်ပွားပြီး မည်သည့်အချိန် တွင် ရောက်ရှိခဲ့ပါသလဲ။
နာရီဝက်အကြာတွင် ရောက်ရှိခဲ့ပါတယ်။
အခင်းဖြစ်နေရာကို ရောက်စဉ်က ကြည်လင်းနှင့်အတူ ပူးပေါင်းပါဝင်သူ အချို့ ထွက်ပြေးသွား ကြောင်း၊ မည်သည့်အရပ်ကို မည် သို့ ထွက်ပြေးကြောင်း ကြိုတင် ရောက်ရှိနေသော ရဲတပ်ဖွဲ့ဝင်အ ရပ်သားတစ်စုံတစ်ရာသတင်းပို့ တာရှိပါသလား။
ရှိပါတယ်။ ရဲအုပ်မိုးနိုင်မှ သတင်းပို့ပါတယ်။
ရဲအုပ်မိုးနိုင်က တင်ပြရာ၌ ထွက် ပြေးသွားသူမှာ မည်သည့်အဝတ် အစားပုံစံ၊ အရောင်၊ ကျားမ၊ အ သက်အရွယ်၊ ခန္ဓာကိုယ်ပုံစံပါ ပြောပြခဲ့သလား။
မရှိခဲ့ပါ။
အခင်းဖြစ်တဲ့နေ့က တရားခံကြည် လင်းနှင့်အတူ ပူးပေါင်းပါဝင်သူ များရှိသည်ဟု ထွက်ဆိုသော် လည်း ထိုနေ့က ထိုနေရာတွင် ပူးပေါင်းပါဝင်သူ မည်သူ့ကိုမျှ မျက်မြင်တွေ့ရှိခဲ့ခြင်း၊ ဖမ်းဆီးရန် ကြိုးစားခဲ့ခြင်း မရှိဆိုလျှင် မှန်ပါသ လား။
ထိုနေ့က ကြည်လင်းနဲ့အတူ ပါဝင်ပူးပေါင်းခဲ့သူတွေကို ရဲအုပ် မိုးနိုင်ပြောပြချက်အရ ကျွန်တော် ကိုယ်တိုင် ဦးဆောင်ရှာဖွေမှုရှိခဲ့ ပါတယ်။
သေနတ်များကို တစ်နေရာမှ တစ် နေရာသို့ သယ်ဆောင်သည်လို့ ထွက်ဆိုထားပါသည်။ မည်သည့် နေရာက မည်သည့် နေရာကို၊ မည်သည့်ရက်က သယ်ဆောင် တယ်ဆိုတာ ကိုယ်တိုင်တွေ့မြင်ခဲ့ ခြင်းရှိ၊ မရှိ ဖြေပါ။
တရားခံက စစ်ချက်မှာ အဲဒီ လို အတိအကျ ထွက်ဆိုပါတယ်။
ခင်ဗျားကိုယ်တိုင် မြင်လား ပြော ပါ။ တရားခံထွက်တာကို မပြော ပါနဲ့။
မမြင်ပါ။
အောင်ဝင်းဇော်ကို ဘယ်နေ့က ဖမ်းမိတာပါလိမ့်။
ကျွန်တော်မမှတ်မိဘူး ဖြစ် နေတယ်။
ဒီမှာ ရဲစစ်ချက်မှာ ပါတယ်လေ။ ၃ ရက် ၃ လ ၂၀၁၇ ကပါ။ ထားပါ။ ခင်ဗျားမမှတ်မိတာ ပြဿနာမရှိပါဘူး။ ထိုသေနတ်နှင့် ကျည်ဆန် တွေမှာ အောင်ဝင်းဇော်ထံက သိမ်းဆည်းရမိခြင်းလား။
မရှိပါ။
သေနတ်နဲ့ ကျည်ဆန်တွေမှာ အောင်ဝင်းဇော်လက်ရာ ရှိ၊ မရှိ ကျွမ်းကျင်သူတွေနဲ့ စစ်ဆေးတာ မျိုးရှိသလား။
တရားလိုရှေ့နေတစ်ဦးက အဆိုပါမေးခွန်းသည် ဒုရဲမှူးနှင့် မသက်ဆိုင်၍ ကန့်ကွက်သဖြင့် ဦးအောင်ခိုင်က ကျော်လိုက် သည်။
တရားခံ ကြည်လင်းက စစ်ကိုင်း မှာနေတယ်။ ဦးအောင်ဝင်းဇော် က သာကေတမှာနေတယ်။ တစ် နေရာစီဟုတ်ပြီနော်။
မှန်ပါတယ်။
အောင်ဝင်းဇော်အလုပ်ကို သိလား။
မသိပါ။
ထို့အတူ ဦးကြည်လင်းအလုပ်ကို သိပါသလား ဆရာ။
ကုန်သည်လုပ်သည်ဟု သိရ ပါတယ်။
ထွက်ဆိုချက်က သိတာကို မပြော ပါနဲ့။ ခင်ဗျားကိုယ်တိုင် ရောက်ဖူး လို့ သိတာလား။
မဟုတ်ပါ။
ကြည်လင်းနှင့် အောင်ဝင်းဇော်မှာ ဝေးကွာသည့်နေရာတွင် နေထိုင် သည့်အလျောက် စီးပွားရေးအရ ဆက်ဆံမှုမရှိပါဆိုလျှင် မှန်ပါသလား ဆရာဖြေပါ။ ကြိုက်ရာဖြေပါ။
အဲဒီလို ယူဆနိုင်ပါတယ်။
ခင်ဗျားက ဒီအမှုမှာ တစ်စိတ်တစ်ပိုင်းပါဝင်စစ်တုန်းက ဒီသေနတ်နဲ့ ကျည်တွေဟာ အောင်ဝင်းဇော် ဆီကပါလို့ အထောက်အထား တစ်စုံတစ်ရာတွေ့ခဲ့သလား။
ကျွန်တော်စစ်တုန်းက မတွေ့ပါ။ ကျွန်တော်က တစ်စိတ် တစ်ပိုင်းစစ်တာ။ နောက်တော့ မှုခင်းရဲတပ်ဖွဲ့ကို လွှဲပေးလိုက်ပါ တယ်။
နောက်ဆုံးအနေနဲ့ပေါ့။ သက်သေ သိမ်းဆည်းခဲ့သည့် သေနတ်နှင့် ကျည်ဆန်များသည် ကြည်လင်း အား သုံးရန် အောင်ဝင်းဇော်က ပေးထားတယ်ဆိုတဲ့ အထောက် အထားကို ခင်ဗျား အမှုစစ်ဆေး စဉ်က တွေ့ရှိခြင်းရှိလား။
မရှိပါ။
ဒါဆိုရင် ဒီစစ်ဆေးမှုဟာ ပထမ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ကို စစ် ဆေးရင်း စစ်ဆေးချက်အရသာ ပေါ်ပေါက်ခဲ့တာပေါ့။ စစ်ဆေး ရင်းသာ ပေါ်ပေါက်ခဲ့တယ်။ အ ထောက်အထားမရှိဘူးနော်။
မှန်ပါတယ်။
ထို့နောက် ဦးအောင်ခိုင်က မေးခွန်းတင်၍ ပြီးပြီဖြစ်ကြောင်းနှင့် လက်နက်ပြစ်မှုအတွက်အောင်ဝင်းဇော်နှင့် ပတ်သက်သော အထောက်အထားများမှာ ကိုယ်တိုင်တွေ့သော အထောက်အထားများမဟုတ်ဘဲ စစ်ချက်အရ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း တရားသူကြီးများအား လျှောက်ထားခဲ့သည်။ ထို့နောက် တရားသူကြီးများက တရားခွင်ကို ရပ်နားခဲ့သည်။
===================
251/End
၂၅ မတ် ၂၀၁၇ - ၁၄:၃၁
News ID: 819885
သေနတ်နှင့်ကျည်ဆန်မှာ အောင်ဝင်းဇော်နှင့်ပတ်သက်ကြောင်း ရဲတပ်ဖွဲ့တင်ပြထားသော အချက်အလက်မရှိဟု အောင်ဝင်းဇော်ရှေ့နေဆို ဦးကိုနီလုပ်ကြံခံရမှုပြစ် မှုကျူးလွန်သူများကို တတိယအ ကြိမ်ရုံးထုတ်ရာ တရားသူကြီးများက လက်နက်အမှု ၁၉(စ)(ဃ) ကို အဓိကစစ်ဆေးပြီး တရားခံ ရှေ့နေများက ခုခံထွက်ဆိုခဲ့ သည်။