အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဧပြီ ၂၉ ။ ။ မကွေးတိုင်းဒေသ ပျောက်ဆုံးရန်ပုံငွေနှင့်ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် မသက်ဆိုင်ကြောင်း သဘောထားကြေညာချက်တစ်ရပ် ယနေ့ ထုတ်ပြန်သည်။
ဧပြီလ ၂၅ ရက်တွင် ပြုလုပ်ခဲ့သော ယခင်မကွေးတိုင်းဒေသကြီး အစိုးရ၏ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ၇ ဘီလီယံကျော် စုံစမ်းစစ်ဆေးဖော်ထုတ်တွေ့ရှိမှုကို လက်ရှိမကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
ယင်းသတင်းစာရှင်းလင်းပွဲပါအချက်များသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာန ချုပ်နှင့် လုံးဝသက်ဆိုင်ခြင်းမရှိပါကြောင်း နှင့် အဆိုပါကိစ္စရပ်များအတွက် ယခင်ဒေသအာဏာပိုင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဟောင်း ဦးဘုန်းမော်ရွှေနှင့် တာဝန်ခံဆောင်ရွက်ခဲ့သူ ဦးကြည်ထွန်းတို့မှ လက်ရှိ မကွေး တိုင်းဒေသကြီးအစိုးရနှင့် တိုက်ရိုက်ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း ပြည်ခိုင်ဖြိုးပါတီမှ ယနေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအပေါ်ဂုဏ်သိက္ခာညှိုးနွမ်းစေရန်နှင့် နိုင်ငံရေးအရ အမြတ်ထုတ်ဆောင်ရွက်မှုများရှိလာခဲ့ပါလျှင် ဥပဒေကြောင်းများအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ ကြေညာချက်ထုတ်ထားသည်။
ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်က “ ကျွန်တော်တို့ ပါတီကတော့ ဦးဘုန်းမော်ရွှေကတာဝန်ရှိသူပုဂ္ဂိုလ် တစ်ယောက်အနေနဲ့ ကာယကံရှင်အနေနဲ့ သူဟာသူဖြေရှင်းပါလိမ့်မယ် ။ ကျွန်တော်တို့ ပါတီနဲ့ လုံးဝမသက်ဆိုင်ပါဘူး။ ကျွန်တော်တို့ပါတီကလည်း အဲ့ဒီအပေါ်မှာ ဥပဒေကြောင်းအရ ပြန်လည်ဖြေရှင်းသွားမှာပါ ” ဟု ဧပြီလ ၂၇ ရက်က မဇ္ဈိမသို့ ပြောထားသည်။
မကွေးတိုင်းဒေသကြီးတွင် ရေနံလက်ယက်တွင်းမှ ရရှိသည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၇ ဘီလီယံအနက် ပြည်ခိုင်ဖြိုးပါတီသို့ လှူခဲ့သည့် ငွေကျပ် ၁.၇ ဘီလီယံ၊ ရွှေသုခအသေးစား ငွေရေးကြေးရေးလုပ်ငန်းသို့ ငွေကျပ် ၁. ၅၇ဘီလီယံ လွှဲပြောင်းပေးခဲ့သည်ကို ပြည်ထဲရေးဝန်ကြီးဌာနမှ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ) က အစီရင်ခံစာ တင်ပြခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးချုပ်ဟောင်းနှင့်ရွှေသုခ အသေးစား ငွေရေးကြေးရေး ဥက္ကဋ္ဌ ဦးကြည်ထွန်း ကိုယ်စားလှယ်အဖြစ် ၂၀၁၇ ဇူလှိုင်လ နောက်ဆုံးပတ် မတိုင်မီ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကို အရစ်ခွဲပေးသွင်းသွားမည်ဖြစ်သည်။
ထို့ကြောင့် မကွေးတိုင်းဒေသ ရေနံလက်ယက်တွင်းမှရရှိသည့် ပျောက်ဆုံးဒေသရံပုံငွေ ၇ ဘီလီယံအနက် ၃ ဘီလီယံကျော်ပြန်ရတော့မည်ဖြစ်ပြီး ၄ ဘီလီယံကျော်ကျော်မှာ ပျောက်ဆုံးနေဆဲဖြစ်သည်။
===================
251/End
၂၉ ဧပြီ ၂၀၁၇ - ၁၂:၅၇
News ID: 826713
ဧၿပီ ၂၉ ။ ။ မကွေးတိုင်းဒေသ ပျောက်ဆုံးရန်ပုံငွေနှင့်ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် မသက်ဆိုင်ကြောင်း သဘောထားကြေညာချက်တစ်ရပ် ယနေ့ ထုတ်ပြန်သည်။