၃၁ မေ ၂၀၁၇ - ၁၅:၂၉
အမျိုးသမီးတွေဟာ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်သူတွေပါ

အရောင်အသွေးစုံ ဆင်မြန်းထားကြသူ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ မတူညီတဲ့လေသံနဲ့ ဆက်သွယ်ပြောဆိုနေသံတွေဟာ နေပြည်တော်က ဆွေးနွေးပွဲကြီးတစ်ခုပြုလုပ်ရာဝန်းကျင်မှာ ပျံ့လွင့်နေပါတယ်။ ဒါကတော့မေလကုန်မှာ ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ− ၂၁ ရာစု ပင်လုံဒုတိယအကြိမ်အစည်းအဝေးမှာ ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အရောင်အသွေးစုံ ဆင်မြန်းထားကြသူ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ မတူညီတဲ့လေသံနဲ့ ဆက်သွယ်ပြောဆိုနေသံတွေဟာ နေပြည်တော်က ဆွေးနွေးပွဲကြီးတစ်ခုပြုလုပ်ရာဝန်းကျင်မှာ ပျံ့လွင့်နေပါတယ်။ ဒါကတော့မေလကုန်မှာ ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ− ၂၁ ရာစု ပင်လုံဒုတိယအကြိမ်အစည်းအဝေးမှာ ဖြစ်ပါတယ်။

ပျားပန်းခပ် လှုပ်ရှားနေတဲ့ ညီလာခံကိုယ်စားလှယ်တွေ၊ လေ့လာသူတွေကြားထဲမှာ အမျိုးသမီးတချို့ကိုလည်း တွေ့ရပါတယ်။

အစုအဖွဲ့အလိုက်၊ ကဏ္ဍအလိုက် ဆွေးနွေးပွဲတွေက ထွက်လာတဲ့ သဘောထားတွေကို စုစည်းပြီး ပြည်ထောင်စုငြိမ်းချမ်း ရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)အတွင်းရေးမှူးအဖွဲ့ကို တင်ပြ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

မငြိမ်းချမ်းသေးတဲ့ ဒေသမှာ နေထိုင်သူတွေရဲ့ ခံစားချက်၊ ဒုက္ခ တွေကို ဖော်ထုတ်ပြောဆိုပေးနိုင်ရေး အမျိုးသမီးအများအပြား ပါဝင်လာဖို့က အရေးကြီးတယ်လို့ UPDJCရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက်တာအေးမောင်က ဆိုပါတယ်။

 ‘‘ပဋိပက္ခဖြစ်တဲ့နေရာတွေမှာ အမျိုးသမီးတွေနဲ့ ကလေးတွေက အများဆုံးခံရတာဆိုတော့ UPDJC တိုင်းမှာ အမျိုးသမီးတွေကို ပါဝင်ခွင့်များများပေးဖို့ တောင်းဆိုပါတယ်’’လို့ ရခိုင်အမျိုးသား ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် က ဆိုပါတယ်။

UPDJC အတွင်းရေးမှူးအဖွဲ့ ကဏ္ဍ ငါးခုရဲ့ အဖွဲ့ဝင် ၇၅ ယောက်မှာပါဝင်တဲ့ အမျိုးသမီး အရေအတွက်က လက်နှစ်ဖက် မပြည့်ပါဘူး။

ဆုံးဖြတ်ချက်ချတဲ့အပိုင်းမှာ အမျိုးသမီးတွေပါဝင်ဖို့ လိုတယ် ဆိုတာကို တက်ကြွလှုပ်ရှားသူ တွေ၊ နိုင်ငံရေးသမားတွေသာမက အစိုးရကလည်း လက်ခံပါတယ်။ အမျိုးသမီးအရေးအတွက် နိုင်ငံ တကာစာချုပ်တွေမှာလည်း မြန် မာပြည်က လက်မှတ်ထိုးထားပြီး သားပါ။ သို့သော်လည်း တိုင်းရင်းသားအဖွဲ့တွေ၊ လက်နက်ကိုင်အဖွဲ့တွေ အားလုံးတက်ရောက်ဆွေးနွေးရေးကို ဦးစားပေးနေရတဲ့ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးဖြစ် စဉ်မှာ အမျိုးသမီးများ ပါဝင်လာရေးကို စီစဉ်နိုင်ခြင်းမရှိသေးတာတွေ့ရပါတယ်။

ဒီအခြေအနေမှာပဲ ငြိမ်းချမ်း ရေးဖြစ်စဉ်ရဲ့ ဆုံးဖြတ်ချက်ချတဲ့ အပိုင်းမှာ အမျိုးသမီးတွေ ဝင် ရောက်နိုင်ရေး အများအပြားက ပြောဆို တိုက်တွန်းနေကြပါတယ်။

နိုင်ငံတကာစံနှုန်း

အမျိုးသမီးများအပေါ် ခွဲခြား မှု အားလုံးပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာနိုင်ငံက ၁၉၉၇ မှာ လက်မှတ်ထိုးခဲ့ပြီး အမျိုးသမီးတွေ နိုင်ငံရေးနဲ့ လူမှု ရေးနယ်ပယ်တွေမှာ ၃၀ ရာခိုင် နှုန်း ပါဝင်ဖို့ကို ဘေဂျင်း မဟာဗျူဟာစီမံကိန်းမှာ သဘောတူလက်မှတ်ထိုးထားပါတယ်။

ဒါပေမဲ့ ငြိမ်းချမ်းရေးညီလာခံရဲ့ အဓိကလမ်းကြောင်းတစ်ခုဖြစ် တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အခန်း (၅)၊ အပိုဒ် (၂၃)မှာ ‘နိုင်ငံရေးဆွေးနွေးပွဲတွေမှာ သင့်လျော်တဲ့ အမျိုးသမီးကိုယ် စားလှယ်ဦးရေ ပါဝင်နိုင်ရန်’ဆိုပြီးသာ မရေမရာဖော်ပြထားပါတယ်။

ငြိမ်းချမ်းရေးအတွက် ကျား၊ မတန်းတူရေး မဟာမိတ်အဖွဲ့ရဲ့ လေ့လာမှု စာတမ်းတစ်ခုမှာ ဖော် ပြထားတာကတော့ ၂၀၁၅ ရွေး ကောက်ပွဲမှာ ရွေးကောက်ခံရတဲ့ အမျိုးသမီးအမတ် ဦးရေဟာ အရင်ကထက်စာရင် ပိုများလာ တယ်ဆိုတာပါပဲ။ ဒါပေမဲ့ ပြည် ထောင်စုလွှတ်တော်ရဲ့ အမျိုးသမီး အမတ်ဦးရေ ၁၃ ရာခိုင်နှုန်းကို ဒေသတွင်း အာဆီယံနိုင်ငံတွေရဲ့ ပျမ်းမျှ ၁၈ ဒသမ ၃ ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်  ကြည့်မယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနယ်ပယ် မှာ အမျိုးသမီးပါဝင်မှုက အနည်း ဆုံးလို့ ဆိုပါတယ်။

အာဏာရပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ် လောင်း အမည်တင်သွင်းရာမှာ အမျိုးသမီးနဲ့ လူငယ်ဦးစားပေးဖို့ မူဝါဒချမှတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ကြားဖြတ်ရွေးကောက်ပွဲမှာ တော့ ဒီမူဝါဒကို မတွေ့ရတော့ပါ ဘူး။

၂၁ ရာစု ပင်လုံညီလာခံရဲ့ အစပိုင်းမှာတော့ ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၁၃ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်ပါတယ်။ ရှစ် လကျော်အကြာ ညီလာခံပြန်လည် စတင်ရာမှာ ဖိတ်ကြားခဲ့တဲ့ အမျိုးသမီးဦးရေ၊ တက်ရောက်လာတဲ့ အမျိုးသမီးဦးရေတို့နဲ့  ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွေက အတိအကျ ဖြေဆိုခြင်းမရှိသေးပါ ဘူး။

တပ်မတော်သား ကိုယ်စားလှယ်တွေထဲမှာ အမျိုးသမီးအရာရှိ တော်တော်များများ ပါဝင်လာတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ပြည်ထောင်စု လွှတ်တော်ကို တပ်မတော်ဘက်က ကိုယ်စားလှယ်တချို့ အစား ထိုးခန့်အပ်ရာမှာလည်း အမျိုး သမီးလေးယောက် ပါဝင်လာတာ တွေ့ရမှာပါ။

အမျိုးသမီးကိုယ်စားလှယ် တွေရဲ့ ဆုံးဖြတ်ချက် ချနိုင်ခွင့် အပိုင်းမှာ မေးခွန်းထုတ်စရာရှိနေ ပေမယ့် ဒီလိုပါဝင်လာနိုင်မှုက တော့ ထုံးတမ်းစဉ်လာ အမျိုးသား ကြီးစိုးတဲ့ တပ်မတော်ရဲ့ အပြု သဘောဆောင်တဲ့ ပြောင်းလဲမှု တစ်ခု ဖြစ်တယ်လို့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေက ယူဆနေကြပါတယ်။

အစိုးရရဲ့ ကြိုးပမ်းချက်

ငြိမ်းချမ်းရေးညီလာခံ ကိုယ်စားလှယ်တွေထဲမှာမှ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှာ ပါဝင် ဆွေးနွေးနေတဲ့ ဒေါ်သက်သက်ခိုင်ကတော့ အမျိုးသမီးပါဝင်မှုနဲ့ ပတ်သက်ပြီး တိုးတက်တဲ့ အနေ အထားရှိတယ်လို့ ဆိုပါတယ်။

‘‘လွှတ်တော်အစုအဖွဲ့မှာ အမျိုးသမီးတွေ ပါဝင်လာမှုများလာပါတယ်။ အခုလို ဆွေးနွေးဖို့ ဖိတ်ခေါ်တယ်ဆိုတာကိုက ဆုံး ဖြတ်ချက်ချတဲ့ ဖြစ်စဉ်ထဲမှာ အမျိုးသမီးတွေကို ပါဝင်စေတာပဲ လေ’’လို့ သုံးသပ်ပါတယ်။

နိုင်ငံတော်သမ္မတရုံး ပြော ရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း အစိုးရက အမျိုးသမီးများပါဝင် ရေးကို လျစ်လျူရှုမထားပါဘူးလို့ ဆိုပါတယ်။

‘‘အမျိုးသမီးတွေကို ၃၀ ရာ ခိုင်နှုန်းအထိ ပါဝင်ဖို့ ကျွန်တော်တို့ လုပ်ဆောင်ပါတယ်။ ဒါပေမဲ့ တကယ်တမ်းလက်တွေ့မှာတော့ အမျိုးသမီးတွေရဲ့ အနေအထားအရ ပါဝင်လာဖို့ မလွယ်ဘူးဖြစ် နေပါတယ်။ နိုင်ငံတကာ စံနှုန်းနဲ့ ကိုက်ညီအောင်တော့ ကျွန်တော် တို့ ဆက်ကြိုးစားရပါဦးမယ်’’လို့ ဦးဇော်ဌေးက ပြောပါတယ်။

အမျိုးသမီးတွေ ညီလာခံထဲ ရောက်လာဖို့အတွက် ဝိုင်းဝန်း ဆောင်ရွက်ကြရမယ်လို့ မှတ်ချက် ပြုသူကတော့ ညီလာခံတက် ရောက်လာတဲ့ ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်က ဦးခွန်သောမတ်စ်ပါပဲ။

‘‘တချို့ စွမ်းရည်မြင့်တဲ့ အမျိုးသမီးတွေရှိတယ်။ သူတို့တွေကိုလည်း ဒီလို နိုင်ငံရေးအခင်း အကျင်းတွေထဲမှာ ပါဝင်လာ အောင် ကျယ်ကျယ်ပြန့်ပြန့် ဖိတ် ခေါ်ဖို့လိုအပ်တယ်။ ဒီလို အမျိုးသမီးတွေ များများပါဝင်လာရင် ဆွေးနွေးပွဲတွေမှာ ပဋိပက္ခဖြစ်စေတဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့အခါမှာ ပိုပြီး ထိရောက်စွာ ဆွေးနွေးနိုင် ကြမယ်။ ညှိနှိုင်းမှုတွေလုပ်နိုင်မယ်။ ပိုပြီး အကျိုးရှိမယ်’’လို့ ပြောပါတယ်။

မြန်မာအမျိုးသမီးအများစုဟာ နိုင်ငံရေးနဲ့ စစ်ရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ကျွမ်းကျင်မှုမရှိဘူးလို့ သတ်မှတ်ထားတာတွေ၊ ပညာရေးလိုအပ်ချက်တွေကြောင့်လည်း အမျိုးသမီးတို့ရဲ့ အခန်းကဏ္ဍကို မှေးမှိန်စေကြောင်း လေ့ လာသူတွေက ဆိုပါတယ်။

ဆုံးဖြတ်ချက်ချတဲ့နေရာတွေအထိ အမျိုးသမီးတွေ အများအပြားပါဝင်နိုင်ဖို့ဆိုရာမှာ သူတို့ ရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ပေး ရေး  အထူးအားစိုက်ပြီး လုပ်ပေး ဖို့ လိုအပ်နေပြီဆိုတဲ့ အချက်ကို တော့ အငြင်းမပွားကြပါဘူး။

 ဦးခွန်သောမတ်စ်ကတော့ ငြိမ်းချမ်းတဲ့နေရာဒေသတွေက အမျိုးသမီးတွေတောင် နိုင်ငံရေး နယ်ပယ်မှာ သူတို့ရဲ့ စွမ်းဆောင် ရည်မြင့်မားအောင် ပြုလုပ်နိုင်ဖို့ အခွင့်အရေးရရှိမှု နည်းပါးနေတဲ့ အတွက် စစ်ပွဲဖြစ်ပွားရာဒေသနဲ့ ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ နေရာ တွေက အမျိုးသမီးတွေဆိုရင် တော့ ပိုပြီး ဝါယမစိုက်ရမယ်လို့ ဆိုပါတယ်။

‘‘ကျွန်တော်တို့ ဒေသမှာဆို ရင် အမျိုးသမီးတွေကို စွမ်းရည် မြှင့်တင်ပေးနိုင်ဖို့ နည်းနေသေး တယ်။ စာပေသင်ကြားမှုအပိုင်း မှာရော၊ ကျန်းမာရေးအပိုင်းမှာ ရော အမျိုးသမီးတွေအတွက် အခွင့်အလမ်းနည်းသေးတယ်။ ဒါကြောင့် ကျွန်တော်တို့ဘက်က အမျိုးသမီးတွေမှာ အများကြီး နောက်ကျကျန်နေတယ်။ ဒီ ၂၁ ပင်လုံကို ပါလာနိုင်ဖို့တောင် ကျွန် တော်တို့ အများကြီး ကြိုးစားစည်း ရုံးရတယ်’’လို့ ခွန်သောမတ်စ်က ပြောပါတယ်။

အစဉ်အလာကို ဖောက်ထွက်ခြင်း

ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ဒေသတွေမှာ အောက်ခြေအဆင့် အထိ လေ့လာဆောင်ရွက်နေကြ တဲ့ အရပ်ဘက်အဖွဲ့အစည်းများ ထဲက အမျိုးသမီးတွေရဲ့ အသံက တိုးနေသေးတယ်လို့ ပြောဆိုသူ တွေရှိပါတယ်။ သူတို့တွေထဲက တစ်ဦးကတော့ ငြိမ်းချမ်းရေးအတွက် ကျား၊ မတန်းတူရေး မဟာမိတ်အဖွဲ့ဥက္ကဋ္ဌ မိကွန်ချမ်းနွန်ပါပဲ။

‘‘အမျိုးသမီးတွေရဲ့ လိုအပ် ချက်တွေကို ထုတ်ဖော်ပေးနိုင်ဖို့ တခြား အမျိုးသမီးတွေကိုလည်း ဆုံးဖြတ်ချက်ချနိုင်တဲ့ နယ်ပယ် တွေမှာပါဝင်ဖို့၊ အခွင့်အရေးပေးဖို့ လိုအပ်ပါတယ်’’ဟု ညီလာခံကို လေ့လာသူအနေနဲ့ တက်ရောက်နေတဲ့ မိကွန်ချမ်းနွန်က ပြောပါတယ်။

တစ်ဖက်မှာလည်း အမျိုး သမီးတွေ အရည်အချင်းရှိလို့ ပါဝင်လာနိုင်တယ်ဆိုရင်တောင် ပါဝင်လာတဲ့  အမျိုးသမီးတွေကို ပံ့ပိုးကူညီမှုတွေ အပြည့်အဝပေး ထားနိုင်ဖို့လည်း လိုအပ်နေသေး ကြောင်း မိကွန်ချမ်းနွန်က ပြောပါ တယ်။

ရင်သွေးငယ်ရှိတဲ့ မိခင်တွေ အတွက်လည်း ဒီလို အခင်းအကျင်း မျိုးမှာ ပါဝင်လာနိုင်ဖို့ ပံ့ပိုးပြင်ဆင် ပေးသင့်တယ်လို့ သူက မှတ်ချက် ပေးပါတယ်။

‘‘နို့တိုက်မိခင်နဲ့ ကလေး အတွက် ပြင်ဆင်ပေးထားတာကို မတွေ့ဘူး။ နည်းပညာပံ့ပိုးမှု အပိုင်းက အမျိုးသမီးတစ်ယောက် ဆိုရင် ခြောက်လသမီးလေးတစ် ယောက်ပါလာတယ်။ အဲဒီအလုပ် ခန်းထဲမှာပဲ ကလေးကိုထားရတာ တွေ့ရတယ်’’လို့ မိကွန်ချမ်းနွန်က ပြောပြပါတယ်။

အခက်အခဲရှိနေပေမယ့် အမျိုးသမီးတွေ ကိုယ်တိုင်က လည်း မိမိတို့ရဲ့ လုပ်နိုင်စွမ်းကို မြှင့်တင်ဖို့ အစဉ်အလာတွေထဲက နေ ဖောက်ထွက်ပြီး ယုံကြည်မှုရှိရှိ ရဲရဲဝံ့ဝံ့ ပြောဆိုလုပ်ကိုင်ကြဖို့ ဒေါက်တာအေးမောင်က တိုက် တွန်းပါတယ်။

‘‘အမျိုးသမီးတွေကလည်း နိုင်ငံရေး၊ စီးပွားရေးကဏ္ဍတွေမှာ ပါလာနိုင်ဖို့၊ ပြင်ဆင်မှုတွေလုပ်ဖို့ လိုအပ်တယ်လို့’’ ဒေါက်တာ အေး မောင်က ဆိုပါတယ်။

ဒီလိုငြိမ်းချမ်းရေးဖြစ်စဉ်ကြီး ထဲက အမျိုးသမီးတွေ ပါဝင်လာမှု အပိုင်းမှာ အခက်အခဲတွေနဲ့ အဆင်မပြေမှုတွေ ရှိနေသေး တယ်ဆိုပေမယ့်လည်း ဆွေးနွေး ပြောဆိုခွင့်ရတဲ့ နေရာတွေမှာ တော့ အခွင့်အရေးရသလောက် အမျိုးသမီးတွေဟာ အစွမ်းကုန် အင်တိုက်အားတိုက် ဆွေးနွေးနေ ကြတာ တွေ့ရပါတယ်။

ညီလာခံတက်ရောက်တဲ့ ဗိုလ်ကြီးဟေမန်ဖြိုးဝင်းက ‘‘အမျိုး သမီးတွေရဲ့ လုံခြုံရေးအတွက် ငြိမ်းချမ်းရေးက အရေးကြီးတယ်။ ငြိမ်းချမ်းရေးကို အရမ်းလိုချင် ပါတယ်’’လို့ ဆိုပါတယ်။ အမျိုး သမီးအရာရှိရဲ့ မှတ်ချက်က ‘ဝ’ ဒီမိုကရက်တစ် အထောက်အကူ ပြုအဖွဲ့က အမျိုးသမီးငယ်လေး တစ်ဦးရဲ့ ဖွင့်ဟချက်နဲ့ တူညီနေ တာ တွေ့ရပါတယ်။

UPDJC မှ ဒေါ်စောမြရာဇာ လင်းက သူကိုယ်တိုင် အမျိုးသမီး တွေပါဝင်လာဖို့ တစိုက်မတ်မတ် လုပ်ဆောင်နေတယ်လို့ ဆိုပါ တယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုကိန်း ဂဏန်း ပိုမိုများပြားလာဖို့အတွက် အမျိုးသမီးတွေကို အခွင့်အရေး ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

‘‘ပါတီအသီးသီးနဲ့ အစိုးရ ဌာနကလည်း အမျိုးသမီးတွေ ပါဝင်လာဖို့ လမ်းဖွင့်ပေးရမယ်။ အမျိုးသမီးတွေကလည်း ငါ့ကို အခွင့်ပေးလာလိမ့်မယ်လို့ ထိုင် စောင့်မနေဘဲ အဆင်သင့်ဖြစ်နေ အောင် ကြိုးစားသင့်တယ်’’လို့ ၎င်းက ပြောပါတယ်။   ။

===================
251/End