အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန်၊ ဇွန် ၂ ။ ။ အမျိုးသားရေးလှုပ်ရှားသူဟု အမည်ခံထားသည့် မင်္ဂလာတောင်ညွန့် ပဋိပက္ခတွင် ပါဝင်သူ ၃ ဦး အာမခံလျှောက်ားမှု ကို မင်္ဂလာတောင်ညွှန့်မြို့နယ် တရားရုံးက ပယ်ချလိုက်ကြောင်း စွပ်စွဲခံရသူများဘက်မှ အမှုလိုက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးအေးပိုင်ကပြောသည်။
တင်လင်းထိုက်၊ တင်ဌေးအောင်(ခ) အကြီးကောင် နှင့် မြတ်ဘုန်းမိုရ်တို့ ဇွန် ၂ ရက်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ် တရားရုံး၌ အာမခံလျှာက်ထားခဲ့ခြင်းဖြစ်ပြီး ၄င်းတို့ကို ချုပ်ရက် ၁၄ ရက်ထပ်တိုးယူကာ နောက်တစ်ပတ်ရုံးချိန်း ဇွန် ၁၆ ရက်သို့ ချိန်းဆိုထားသည်။
အဆိုပါ ၃ ယောက်သည် ကိုယ်တိုင်လာအဖမ်းခံသူများဖြစ်သည့်အတွက် ထွက်ပြေးမည့်သူများလည်း မဟုတ်သော်လည်း ၎င်းတို့အမှုမှာ ရုန်းရင်းဆန်ခေတ်မှုဖြစ်သည့်အတွက် အာမခံ မပေးခဲ့တာလည်းဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအေးပိုင် ကပြောသည်။
"ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မမှာ အာမခံမပေးနိုင်သော်လည်းပဲ သေဒဏ်၊ ကျွန်းဒဏ်ကျခံရတဲ့ ပြစ်မှုမဟုတ်ဘူးဆိုရင် အာမခံပေးလို့ရတယ်လို့ ပြဋ္ဌာန်းထားတယ်လေ။ ဒီအမှုက ရဲအရေးပိုင်တဲ့အမှုလည်းမဟုတ်ဘူး။ တရားရုံးကဖမ်းဝရမ်းထုတ်တာ။ ဒီဖမ်းဝရမ်းကို ကျွန်တော်ပြောတဲ့ ၃ယောက်က သိကိုမသိလိုက်တာ အကြောင်းမကြားသိကိုမသိတော့ သူတို့ကိုယ်တိုင်ပဲ ခရိုင်ရဲကိုသွားပြီး သတင်းပေးပြီးတော့ အဖမ်းခံရတာဆိုတော့ ထွက်ပြေးတိမ်းရှောင်မယ့်သူမဟုတ်ဘူး။ ရင်လည်း ရင်ဆိုင်မှာ သို့သော်လည်းပဲ တရားရုံးက ဒီဟာက ရုန်းရင်းဆန်ခတ်မှုဖြစ်တဲ့အတွက် အာမခံမပေးသေးဘူးဆိုပြီးတော့ပဲ အမိန့်ချလိုက်တာပါ" ဟု ဦးအေးပိုင်က ပြောဆိုသည်။
မင်္ဂလာတောင်ညွန့် ရုန်းရင်းဆန်ခတ်မှုဖြစ်စဉ်တွင် ဦးဆောင်သူဟု ရဲတပ်ဖွဲ့ကယူဆ၍ ဖမ်းဝရမ်းအထုတ်ခံထားရသူ လူပုဂ္ဂိုလ် ၅ ဦး နှင့် သံဃာ ၂ ပါးရှိသည့် အနက် လူ ၅ ဦးကို ဖမ်းဆီးရမိ စစ်ဆေးနေခြင်းဖြစ်သည်။
မြယာကုန်းလမ်းမှ တိုက်တစ်တိုက်ရှိ ငါးလွှာနှင့် ရှစ်လွှာအခန်းတို့ကို သွားရောက်စစ်ဆေးခဲ့သည့် ဦးဆောင်သူ ၇ ဦးတွင် မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂအဖွဲ့ အတွင်းရေးမှူး ဆရာတော် ဦးသုစိတ္တ၊ ဦးပညာဝံသ သံဃာ ၂ ပါး ကျန်ရှိနေသေးသည့်အတွက် အမှုကို ပြီးပြတ်အောင် စစ်ဆေးရန် မဖြစ်နိုင်သေးကြောင်းလည်း သိရသည်။
"တရားရုံးကလုပ်ထုံးလုပ်နည်းအတိုင်း ထပ်မံပြီးတော့ ဆောင်ရွက်နေပါတယ်။ အမှုကတော့ သံဃာတော်တွေ ရောက်လာမှပဲ သံဃာတော်တွေအပိုင်း ပြီးပြတ်အောင်ဆောင်ရွက်ပြီးမှပဲ အမှုကိုဆက်စစ်ဆေးမယ့် လုပ်ထုံးလုပ်နည်းရှိပါတယ်" ဟု စွပ်စွဲခံရသူများဘက်မှ အမှုလိုက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးအေးပိုင် ကပြောသည်။
ဆရာတော် ဦးသုစိတ္တ၊ ဦးပညာဝံသ နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်နေ ကိုလတ်(ခ) တင်ထွဋ်ဇော်နှင့် ဇနီး မအောင်အောင်မြင့်၊ တင်လင်းထိုက်၊ တင်ဌေးအောင်၊ မြတ်ဘုန်းမိုရ်တို့ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ဂ)၊ ပုဒ်မ ၃၄ တို့ဖြင့် မင်္ဂလာတောင်ညွန့် မြို့နယ် ရဲတပ်ဖွဲ့ ရဲမှူး ခင်မောင်ဦးက တရားလိုပြုပြီး အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
===================
251/End
၂ ဇွန် ၂၀၁၇ - ၁၇:၂၄
News ID: 833734
ရန်ကုန်၊ ဇွန် ၂ ။ ။ အမျိုးသားရေးလှုပ်ရှားသူဟု အမည်ခံထားသည့် မင်္ဂလာတောင်ညွန့် ပဋိပက္ခတွင် ပါဝင်သူ ၃ ဦး အာမခံလျှောက်ားမှု ကို မင်္ဂလာတောင်ညွှန့်မြို့နယ် တရားရုံးက ပယ်ချလိုက်ကြောင်း စွပ်စွဲခံရသူများဘက်မှ အမှုလိုက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးအေးပိုင်ကပြောသည်။