၂၁ ဇွန် ၂၀၁၇ - ၁၇:၃၂
ဆေးဝါးစက်ရုံ (ရန်ကုန်)လက်ထောက်မန်နေဂျာ ဒေါက်တာအောင်ဇော်နှင့်တွေ့ဆုံခြင်း

‘‘ဆေးရဲ့အာနိသင်ကတော့ ဗိုင်းရပ်စ်ပိုးဖြစ်တဲ့ အိတ်ခ်ျအိုင်ဗီပဲဖြစ်ဖြစ်၊ အသည်းရောင်အသားဝါပဲဖြစ်ဖြစ် သတ်တဲ့ဆေးပြင်းတဲ့အတွက် ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဗိုင်းရပ်စ်ကောင်ရေကို ကျဆင်းစေတယ်’’

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အိတ်ခ်ျအိုင်ဗီနှင့်အသည်းရောင် အသားဝါ ဘီရောဂါများ၏ ဗိုင်း ရပ်စ်ပိုးကို ကျဆင်းစေသည့်၊ သတ် ပစ်နိုင်သည့် ကုသဆေး (Tenofovir Tablet) တစ်မျိုးကို ရန်ကုန် ရှိအင်းစိန်ဆေးဝါးဆေးရုံက စတင် ထုတ်လုပ်နိုင်ပြီ ဖြစ်သည်။ လက်ရှိ ပြည်တွင်း ဆေးဈေးကွက်တွင်အိန္ဒိယ၊ ထိုင်းနှင့် အနောက်နိုင်ငံထုတ်ဆေးများသာရှိရာ မြန်မာနိုင်ငံ၌ ယင်းဆေးဝါးကို ထုတ်လုပ်နိုင်ခြင်းနှင့်ပတ်သက်၍ ဆေးဝါးဆေးရုံ(ရန်ကုန်) လက်ထောက်မန်နေဂျာ ဒေါက်တာအောင်ဇော်အား မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

အိတ်ခ်ျအိုင်ဗီနဲ့အသည်းရောင်ဘီ ပိုးတို့အတွက် ကုသဆေးထုတ်လုပ်ဖြစ်ပုံကို ပြောပြပေးပါ။

ဒါကအိတ်ခ်ျအိုင်ဗီကုသတဲ့ နေရာမှာလည်း သုံးလို့ရသလို အ သည်းရောင်အသားဝါဘီရောဂါ ကုတဲ့အခါမှာလည်း သုံးလို့ရပါ တယ်။ တကယ်တော့ အသည်း ရောင်အသားဝါဘီအတွက်ကို အဓိကထားထုတ်တာ။ ဘီပိုးကူးစက်ခံ ရနှုန်းကလည်း မြန်မာနိုင်ငံလူဦး ရေရဲ့ ၁၀ ရာခိုင်နှုန်းလောက်ရှိ တယ်။ ဒီဆေးကို ပြည်ပကနေတင် သွင်းနေတာလည်း တွေ့ရတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ ဈေးသက်သက်သာသာနဲ့ ပေးနိုင် ခဲ့ရင် ပြည်သူတွေ ဈေးနှုန်းချိုသာ စွာနဲ့သောက်ရမယ်ပေါ့။ အဲဒီလို မျှော်မှန်းပြီးထုတ်တာပါ။ ကျွန်တော်တို့ ဆေးက ပျောက်ကင်းအောင်ကုသတာမဟုတ်ဘဲ ဖြစ်ပွားနေတဲ့ အိတ်ခ်ျအိုင်ဗီဗိုင်းရပ်စ်ကောင်ရေကို လျှော့ချတာပါ။ အလားတူပဲ ဒီဆေးက မြန်မာနိုင်ငံဈေးကွက်ထဲမှာ တခြားနိုင်ငံတွေကနေ ရောက်ရှိပြီးသားဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တော့ ကျွန်တော်တို့စက်ရုံမှာ ပထ မဆုံးအကြိမ်ထုတ်တာပါ။ အိမ်နီး ချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ အိန္ဒိယနိုင်ငံတွေမှာလည်း ဒီဆေး ကို ထုတ်နေတာကြာပါပြီ။

ဒီဆေးက ရောဂါနှစ်မျိုးစလုံးအ တွက်သုံးလို့ရတယ်ဆိုတော့ သုံးစွဲ ပုံကိုလည်းရှင်းပြပေးပါ။ အာနိသင်အနေနဲ့ကော ဘယ်လိုရှိပါသလဲ။

Tenofovir Tablet ကဗိုင်း ရပ်စ်သတ်တဲ့ဆေးပါ။ ခန္ဓာကိုယ် ထဲမှာရှိတဲ့ ဗိုင်းရပ်စ်ကောင်ရေကို ကျဆင်းစေတယ်။ ခုခံအားကျ ဆင်းတဲ့ရောဂါ အိတ်ခ်ျအိုင်ဗီတို့၊ အသည်းရောင်အသားဝါဘီပိုးတို့ အားလုံးကလည်း ဗိုင်းရပ်စ်ကနေ တစ်ဆင့် ကူးစက်တာဖြစ်တယ်။ ဒီဆေးသည် ဗိုင်းရပ်စ်သတ်တဲ့ဆေးဖြစ်တဲ့အတွက် အိတ်ခ်ျအိုင်ဗီဗိုင်းရပ်စ်ကိုလည်း သတ်နိုင် တယ်။ ဘီပိုးဗိုင်းရပ်စ်ကိုလည်း သတ်နိုင်တယ်။ ဘီပိုးအတွက်က လောလောဆယ် ဒီဆေးတစ်မျိုး တည်းရပေမယ့် အိတ်ခ်ျအိုင်ဗီကျ တော့ တစ်မျိုးတည်းမရဘူး။နောက်ထပ် ဆေးနှစ်မျိုးထပ်လိုသေး တယ်။ သုံးမျိုးသောက်ရမှာပေါ့။ အိတ်ခ်ျ အိုင်ဗီအတွက်သုံးမယ် ဆိုရင်သုံးတဲ့နေရာမှာ သူတစ်မျိုးတည်းသုံး လို့မရပါဘူး။  တခြားဆေးနှစ်မျိုးနဲ့တွဲပြီး သုံးရမှာပါ။

လက်ရှိမှာ ဆေးထုတ်လုပ်မှုအခြေ အနေက ဘယ်အဆင့်ရောက်ပြီလဲ။

စမ်းသပ်ထုတ်လုပ်မှု သုံးလ ကနေ ခြောက်လအထိကြာမြင့်မှာ ဖြစ်ပါတယ်။ အဲဒါပြီးရင်တော့မြန် မာနိုင်ငံ အစားအသောက်နှင့် ဆေး ဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ကို ဆေးဝါးမှတ်ပုံတင် လိုင်စင်လျှောက် ထားသွားမှာဖြစ်ပါတယ်။ အခုက စမ်းသပ်ပြီးပြီ။ FDA တင်ဖို့အတွက် က ဆေးကအဆင်သင့်ဖြစ်နေပြီ။ ဒီလကုန်လောက်ဆို FDA တင်လို့ ရမှာပါ။

ဒီဆေးထုတ်ဖို့အတွက် နိုင်ငံတကာ ပညာရှင်တွေရဲ့ အကူအညီယူရ သေးလား။ ဘယ်နိုင်ငံကနည်း ပညာယူခဲ့သေးလဲ။

ဒီဆေးကို ထုတ်ဖို့အတွက် အိန္ဒိယနိုင်ငံက ဖော်မြူလာဝယ်ယူ ခဲ့တာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက ပညာရှင်တွေကလည်း လာရောက် ပူးပေါင်းပြီးတော့ ဆေးပြားကို ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ အခု အရည်အသွေးစစ်ဆေးမှုတွေလုပ် နေတယ်။

ဈေးကွက်ထဲ ရောက်လာဖို့အတွက် အချိန်ဘယ်လောက်ကြာမလဲ။မြန်မာနိုင်ငံ FDA အပြင်တခြားကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) လိုမျိုးကကော အသိအမှတ်ပြုယူဖို့ရှိမလား။

FDA ကနေဆေးဝါးလိုင်စင် လျှောက်ထားဖို့အတွက် စာရွက်စာ တမ်းတွေကို ပြင်ဆင်နေပါတယ်။ FDA ကလည်းသူတို့ပြန်ပြီး စမ်း သပ်မှုတွေလုပ်မှာဖြစ်တဲ့အတွက် သူတို့ဘက်ကလည်း အချိန်သုံးလ ကနေ ခြောက်လအထိ ယူဦးမှာ ဖြစ်ပါတယ်။ ပြည်တွင်းမှာ ရောင်း ချမယ်ဆိုရင်တော့ FDA ထောက် ခံချက်တစ်ခုတည်းယူရင်တော့ ရ ပါတယ်။ WHO (ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့) ထောက်ခံချက်ယူစရာ မလိုပါဘူး။

ဆေးထွက်လာပြီဆိုရင် ဘယ်တွေ ကိုရောင်းချသွားမလဲ။ ဈေးနှုန်းအ နေနဲ့ကော ဘယ်လောက်ရှိနိုင်လဲ။

ဆေးကိုကျန်းမာရေးနဲ့အား ကစား ဝန်ကြီးဌာနကိုလည်းရောင်း မယ်။ ပုဂ္ဂလိကဆေးရုံများအသင်း ကိုလည်း ချိတ်ဆက်ပြီးရောင်းချ သွားမှာပါ။ အခုဈေးကွက်ထဲမှာတော့ အိန္ဒိယကနေထုတ်တဲ့ Tenofovir Tablet သောက်ဆေးတစ်ဘူးကို ကျပ်လေးသောင်းနဲ့ ရောင်းချနေတယ်။ မြန်မာနိုင်ငံမှာ ထုတ်လုပ်ရောင်းချမယ်ဆိုရင်တော့ ကျပ်နှစ်သောင်းခွဲ၊ သုံးသောင်းဝန်းကျင်နဲ့ ရောင်းချဖို့စီစဉ်ထားပါတယ်။ တစ်ဘူးမှာအလုံး ၃၀ ပါတယ်။ ဒီဆေးကိုတော့ BPI အမှတ်တံဆိပ်နဲ့ပဲ ထုတ်လုပ်သွားမှာပါ။

ပြည်ပဈေးကွက်ကို ရောင်းချ ဖို့ရှိပါသလား။

ပြည်တွင်း ဈေးကွက်ဖူလုံ အောင်ဖြန့်ဖြူးသွားမှာ ဖြစ်တဲ့အ တွက် လောလောဆယ်တော့ တ ခြားနိုင်ငံကို ရောင်းချသွားဖို့ အစီ အစဉ်မရှိသေးပါဘူး။

BPI ဆေးတွေကိုအတုအပ ထုတ် လုပ်နေတာတွေလည်း ရှိတယ်ဆို တော့  အတုအပမရှိရအောင်ဘယ် လိုစီစဉ်ထားပါသလဲ။

ကျွန်တော်တို့အနေနဲ့ Tenofovir ဆေးပြားပေါ်မှာ BPI အမှတ် တံဆိပ်ရိုက်နှိပ်မှာဖြစ်ပါတယ်။ အဲ ဒီအတွက် အတုအပပြုလုပ်နိုင်ဖို့ အခွင့်အရေးတော်တော်နည်းသွား ပါမယ်။ နောက်ပြီးဆေးကိုအလွှာ ပါးတစ်ခုအုပ်ထားတဲ့အတွက်၊ ဒီ လိုအလွှာပါးအုပ်ဖို့က နည်းပညာ အလွန်ခက်ခဲတဲ့အတွက် အတု လုပ်ဖို့ခဲယဉ်းမယ်လို့ မှန်းထားပါ တယ်။

အင်းစိန်ဆေးဝါးစက်ရုံအနေနဲ့ ဒီနှစ်အတွင်းမှာ ဆေးဝါးနဲ့ ပတ်သက်ပြီး တိုးချဲ့မယ့်လုပ်ငန်းစဉ် လေးတွေရှိရင်လည်း ပြောကြားပေးပါ။

လက်ရှိ BPI အင်းစိန်ဆေးဝါး စက်ရုံအနေနဲ့ ဆေးဝါးအမျိုးပေါင်း ၁၈၀ ခန့်ထုတ်လုပ်နေပြီးတော့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ  ဆေးဝါး စုစုပေါင်းတန်ဖိုး ကျပ် ၃၆  ဘီလီယံ ခန့် ထုတ်လုပ်ဖို့လျာထားပါတယ်။ ဒီနှစ်ထဲမှာတော့ ဆေးဝါးအသစ် ထပ်ပြီး ထုတ်လုပ်ဖို့စမ်းသပ်မှုတွေ လုပ်နေပါတယ်။ ဒီဆေးဝါးအသစ် ခြောက်မျိုးက ဒီနှစ်မှာစမ်းသပ်ပြီး စီးသွားပြီဆိုရင် FDA ကိုဆေးဝါး မှတ်ပုံတင် လိုင်စင်လျှောက်ထား သွားမှာဖြစ်ပြီးတော့ FDA ဆေးဝါး မှတ်ပုံတင် လိုင်စင်ကျခဲ့မယ်ဆိုရင် ဈေးကွက်အတွင်း ဖြန့်ဖြူးသွားမှာ ဖြစ်ပါတယ်။  ကျွန်တော်တို့ရဲ့ BPI ဆေးဝါးအရောင်းဆိုင်တွေကိုလည်း ထပ်ချဲ့ဖို့ရှိပါတယ်။

ဟုတ်ကဲ့ပါဆရာ။ BPI ဆေးဝါးအ တုတွေ ဈေးကွက်ထဲတွေ့ရှိရမှု အခြေအနေကကော ဘယ်လိုရှိပါ သလဲ။

ဆေးဝါးအတုစစ်တာက မ နှစ်ကပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ဖမ်းဆီးပြီးနောက်ပိုင်း မှာ ဆေးဝါးအတုက ဈေးကွက်ထဲ မှာ မရှိသလောက်နည်းသွားပြီ။ ရန်ကုန်ဈေးကွက်ကိုပြောတာပေါ့ လေ။ နယ်ဈေးကွက်တွေကတော့ အနည်းအကျဉ်း ကျန်ရင်ကျန်နိုင် တယ်။ ကျွန်တော်တို့အနေနဲ့က တော့ ဆေးဝါးအတုတွေကို ပုံမှန် စောင့်ကြည့်နေတယ်။ ဈေးကွက် စစ်ဆေးမှုတွေ လုပ်နေပါတယ်။

ဖြေကြားပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။

=====================
251/ End