ဘဏ္ဍာရေးနှစ်သတ်မှတ်ချက်ပြောင်းလဲနိုင်ကြောင်း သမ္မတပြောကြား
လာမည့်နှစ်တွင် ဘဏ္ဍာ ရေးနှစ်သတ်မှတ်ချက် ပြောင်းလဲနိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြည်ထောင်စု ဝန်ကြီးများနှင့် တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များကို ပြောကြား သည်။
ဇူလိုင် ၇ ရက်တွင် သမ္မတအိမ်တော်၌ပြုလုပ်သော ဘဏ္ဍာ ရေးကော်မရှင်အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ လက် ရှိ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ် သည် ဧပြီ ၁ ရက်၌ စတင်ခြင်း ကြောင့် ဆောက်လုပ်ရေးလုပ်ငန်း များဆောင်ရွက်ရာတွင် အခက်အခဲဖြစ်စေခြင်း၊ ပြက္ခဒိန်နှစ် သတ်မှတ်မည်ဆိုပါကလည်း စီမံ ကိန်းများလုပ်ကိုင်ရန် ဆွေးနွေးမှု၊ တင်ဒါခေါ်မှုများပြီးနောက် မိုးရာသီရောက်ရှိသဖြင့် လုပ်ငန်း မလုပ်နိုင်ဘဲ အချိန်လေးလခန့် ကုန်ဆုံးသဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုကို အဟန့်အတားဖြစ် စေသည်ဟု နိုင်ငံတော် သမ္မတက ပြောကြားသည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်ကို အောက်တိုဘာ က စတင်ပြီး စက်တင်ဘာလကုန် အထိ သတ်မှတ်မည်ဆိုပါက သင့်တော် ကြောင်း နိုင်ငံတော်သမ္မတ ဦးထင် ကျော်က ကော်မရှင်အစည်းအ ဝေးတွင် ပြောကြားသည်။
အောက်တိုဘာ-စက်တင် ဘာ ဘဏ္ဍာရေးနှစ်သည် တစ် ဆက်စပ်တည်း လုပ်ကိုင်ရမည့် ပွင့်လင်းရာသီကာလအရှည်ဆုံး ဖြစ်၍ တည်ဆောက်ရေးလုပ်ငန်း များဆောင်ရွက်ရာတွင် ပိုမိုအ ဆင်ပြေနိုင်သော်လည်း စတင် ဆောင်ရွက်သည့်အချိန်၌ လက် ရှိကျင့်သုံးနေသည့် ဘဏ္ဍာရေးနှစ် နှင့် ပြင်ဆင်သတ်မှတ်လိုက်သည့် ဘဏ္ဍာရေးနှစ်တို့၏ကာလအပိုင်း အခြား သတ်မှတ်ချက် မတူညီ သဖြင့် စာရင်းပြုစုရာတွင် အနည်းငယ်အခက်အခဲရှိစေမည့်အပြင် မေခရိုစီးပွားရေးညွှန်းကိန်းများ တွက်ချက်ရာတွင်လည်း ပြောင်း လဲနိုင်ကြောင်း သမ္မတက ပြော သည်။
မေခရိုညွှန်းကိန်းအပေါ်တွင် ခန့်မှန်းတွက်ချက်ရသည့် ရငွေနှင့် အသုံးစရိတ်များသည်လည်း ညွှန်းကိန်းများပြောင်းလဲသည်နှင့် ခန့်မှန်းတွက်ချက်မှုသည်လည်း ပြောင်းလဲနိုင်ပြီး အမှန်နှင့်နီးစပ်မှု မရှိနိုင်တော့ကြောင်း၊ ယင်းကို ဖြေရှင်းနိုင်ရန် အကောင်းဆုံးနည်း
လမ်းကို ရှာဖွေရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ မိမိတို့ဘဏ္ဍာရေးနှစ် ပြင်ဆင်သတ်မှတ်ခြင်းကို ဝိုင်းဝန်း စဉ်းစားကြရန်၊ ဆွေးနွေးကြရန် တိုက်တွန်းလိုကြောင်း သမ္မတက ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးဌာန များ၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများ၏ စီမံကိန်းလုပ်ငန်း များသည် လာမည့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ပြောင်းလဲနိုင် သဖြင့် မိမိတို့ဆောင်ရွက်ရမည့် စီမံကိန်းများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ရန်နှင့် ရှေ့လုပ်ငန်း စဉ်စီမံကိန်းရည်မှန်းချက်များနှင့် အညီ အရအသုံးခန့်မှန်းခြေငွေ စာရင်း ရေးဆွဲရန် လိုအပ် ကြောင်း သမ္မတက ပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လည်း ပြည်ထောင်စုလွှတ်တော် နှင့် တိုင်ပင်ပြီး ဘဏ္ဍာရေးနှစ် ပြောင်းလဲမည်ဆိုပါက အမြန် ပြောင်းလဲစေလိုကြောင်း ပြော ကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က ဘဏ္ဍာရေးနှစ်ပြင်ဆင်မှုနှင့်ပတ် သက်ပြီး လေ့လာသည့်အခါ မိမိ တို့နိုင်ငံဘဏ္ဍာရေးနှစ်ကဲ့သို့ သတ် မှတ်ကျင့်သုံးနေသည့်နိုင်ငံသည် အာဆီယံတွင် နှစ်နိုင်ငံရှိကြောင်း ပြောသည်။
ဘဏ္ဍာရေးနှစ် ပြောင်းလဲ ခြင်းကို အများက သဘောတူ သည့်အတွက် ဆွေးနွေးစရာမရှိ ကြောင်း၊ သို့သော်လည်း ပြည် ထောင်စုလွှတ်တော်နှင့် တိုင်ပင် ရန်လိုအပ်ကြောင်း၊ ဘဏ္ဍာရေး နှစ်ပြောင်းလဲမည်ဆိုပါက အမြန် ပြောင်းလဲစေလိုကြောင်း၊ တိုင်း ဒေသကြီးအစိုးရများနှင့် တိုင်းဒေ သကြီးလွှတ်တော်များအကြား သဘောထားရိုးရိုးဖြင့် မတူညီမှု များရှိသည်ကို နားလည်ကြောင်း၊ သို့သော်လည်း ညှိနှိုင်းဆောင်ရွက် ပြီး နိုင်ငံနှင့် ပြည်သူအကျိုးအ တွက် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြား သည်။
မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး နှစ်သတ်မှတ်ချက်ကို ပြောင်းလဲ မည်ဆိုပါက ကုန်သွယ်ဖက်နိုင်ငံ များ၏ဘဏ္ဍာရေးနှစ်သတ်မှတ် ချက်ကိုလည်း လေ့လာသုံးသပ်ရန် လိုအပ်ကြောင်း စီးပွားရေးပညာ ရှင်ဒေါက်တာအောင်ကိုကိုက အ ကြံပြုသည်။
ထို့အပြင် ဘဏ္ဍာရေးနှစ် ပြောင်းလဲမှုကြောင့် ပုဂ္ဂလိက ကဏ္ဍ စီးပွားရေးလုပ်ငန်းများ၏ အခွန် ရှင်းလင်းရေးစနစ်များ လည်း ပြောင်းလဲရမည်ဖြစ်သော ကြောင့် အခွန်ထမ်းများအတွက် လည်း ထည့်သွင်းစဉ်းစားရန် လိုအပ်သည်ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
‘‘လက်ရှိ ဘဏ္ဍာရေးနှစ် သတ်မှတ်ချက်က ဦးနေဝင်းလက် ထက်ကတည်းက ပြောင်းခဲ့တာ ဆိုတော့ နှစ်အတော်ကြာကျင့်သုံး ခဲ့တာ။ အဲဒါကို အခုပြောင်းလိုက် မယ်ဆိုရင် စာရင်းအင်းပိုင်း၊ ဝန် ထမ်းတွေရဲ့ လုပ်ကိုင်ဆောင်ရွက် ပုံတွေက အကုန်ခက်ကုန်လိမ့် မယ်’’ဟု စီးပွားရေးပညာရှင် ဦး ဇော်ဖေဝင်းက ပြောသည်။
ဘဏ္ဍာရေးနှစ် အစကို အောက်တိုဘာအဖြစ် ပြောင်းလဲ သတ်မှတ်မည်ဆိုပါက စီးပွားရေး သဘောတရားအရ လုပ်ငန်းအ များစု စာရင်းပိတ်နိုင်ခြင်း မရှိ သည့် အခြေအနေကိုလည်း ဦး ဇော်ဖေဝင်းက ဆိုသည်။
နိုင်ငံတကာတွင် ဘဏ္ဍာရေး နှစ်သုံးမျိုး ကျင့်သုံးလျက်ရှိပြီး ပြက္ခဒိန်နှစ်အတိုင်း သတ်မှတ် ထားသည့် ဘဏ္ဍာရေးနှစ်၊ ဧပြီ ၁ ရက်မှ မတ်လ ၃၁ ရက်အထိ သတ်မှတ်ထားသည့် ဘဏ္ဍာရေးနှစ်နှင့် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ သတ်မှတ်ထား
သည့်ဘဏ္ဍာရေးနှစ်တို့ဖြစ်သည်။
လက်ရှိကျင့်သုံးနေသည့် ဘဏ္ဍာနှစ်သတ်မှတ်ထားသော စနစ်သည် နိုင်ငံနှင့် ကိုက်ညီမှုမရှိ သဖြင့် ပြန်လည်သတ်မှတ်သင့် ကြောင်း ၂၀၁၆ ဒီဇင်ဘာ ၇ ရက် တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၌ ဦးမျိုးဝင်းက တင်ပြခဲ့သည်။
ယခုပုံစံ၌ မိုးတွင်းလေးလပါ ရှိနေသဖြင့် လုပ်ငန်းများလုပ်ကိုင် ရန် ရာသီဥတုက အခက်အခဲဖြစ် စေသဖြင့် အစိုးရက စဉ်းစားရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးမျိုးဝင်းက တင်ပြခြင်း ဖြစ်သည်။
ဘဏ္ဍာနှစ်စတင်သည့်လ သည် သင်္ကြန်ရုံးပိတ်ရက်များရှိ သည့် ဧပြီဖြစ်သဖြင့် အလုပ်လုပ် ဆောင်ရမည့်အချိန်များနည်းပါး နေပြီး မေလက စတင်ကာ ဗဟို အစိုးရက ဘဏ္ဍာငွေများခွဲဝေသုံး စွဲရန် ဆောင်ရွက်ရာတွင် အောက် ခြေဌာနများသို့ ငွေရောက်ရှိသွား ချိန်၌ ရာသီဥတုအရ မုတ်သုံလေ စတင် ဝင်ရောက်သည့်ကာလဖြစ် ကြောင်း ၎င်းက ထောက်ပြခဲ့ သည်။
လွတ်လပ်ရေးရပြီး ၁၉၄၈ မှ ၁၉၆၂ ကာလအတွင်း အောက်တိုဘာ ၁ ရက်က စတင်ပြီး နောက် နှစ် စက်တင်ဘာတွင် အဆုံးသတ် သည့် ဘဏ္ဍာနှစ်သတ်မှတ်သည့် ပုံစံကို အသုံးပြုခဲ့သည်။ ၁၉၆၂ နောက်မှ ၁၉၇၃ မတိုင်မီအထိ ဘတ်ဂျက်ရေးဆွဲခြင်း မရှိဘဲ သုံးစွဲ ခဲ့ခြင်းဖြစ်ကြောင်း ဦးမျိုးဝင်းက ဆိုသည်။
‘‘ကျွန်တော့်အမြင်ကတော့ မြန်မာနိုင်ငံနဲ့ အင်မတန်ဆီလျော် တဲ့ ဘတ်ဂျက်နှစ်သတ်မှတ်တဲ့ ပုံစံပါပဲ။ ဘတ်ဂျက်ကျတာနဲ့ ပွင့်လင်းရာသီဖြစ်တာနဲ့အညီ လုပ်ငန်းကို ချက်ချင်းလုပ်နိုင်ပါတယ်။ ရက် ရှည်ပိတ်ရက်ကလည်း မရှိ။ ရာသီဥတုကလည်း ကောင်းဆိုတော့ မူလလျာထားတဲ့ဘတ်ဂျက်တွေနဲ့ အနှောင့်အယှက်မရှိဘဲ သင်္ကြန် မတိုင်မီအထိ ခြောက်လကျော် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်’’ ဟု ဦးမျိုးဝင်းက ပြောခဲ့သည်။