၁၆ ဩဂုတ် ၂၀၁၇ - ၁၇:၄၉
ဒေါက်တာဆက်အောင်အတွက် ဒုတိယအကြိမ် စမ်းသပ်မှု

မစ္စတာအက်စ်အီးဇက် (Mr.SEZ) ဟု နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်များက တင်စားခေါ်ရသူတစ်ဦးကို ဒီချုပ်အစိုးရက စီးပွား ရေးနှင့် သက်ဆိုင်သော ဝန်ကြီးဌာနတစ်ခုတွင် ဒုတိယဝန်ကြီးအ ဖြစ် ခန့်လိုက်သည့်အချိန်၌ ငြိမ် သက်နေသည့် စီးပွားရေးလောက အနည်းငယ်လှုပ်ရှားလာသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မစ္စတာအက်စ်အီးဇက် (Mr.SEZ) ဟု နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်များက တင်စားခေါ်ရသူတစ်ဦးကို ဒီချုပ်အစိုးရက စီးပွား ရေးနှင့် သက်ဆိုင်သော ဝန်ကြီးဌာနတစ်ခုတွင် ဒုတိယဝန်ကြီးအ ဖြစ် ခန့်လိုက်သည့်အချိန်၌ ငြိမ် သက်နေသည့် စီးပွားရေးလောက အနည်းငယ်လှုပ်ရှားလာသည်။

ဗြိတိန်မှ ငွေကြေးနှင့် ဘဏ်လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုစီမံခန့်ခွဲမှု ဘာသာရပ်တို့ဖြင့် မဟာဘွဲ့ရရှိခဲ့သလို ဂျပန်နိုင်ငံရှိ Keio တက္က သိုလ်မှ ဒေါက်တာဘွဲ့ရရှိခဲ့သော ဒေါက်တာ ဆက်အောင်သည် ဦးသိန်းစိန် အစိုးရလက်ထက်တွင် အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့သူ ဖြစ်သည်။ အရှေ့တောင်အာရှ နိုင်ငံများ၏ ဖွံ့ဖြိုးရေးနည်းဗျူဟာများကို နှံ့စပ်စွာ သိရှိထားပြီး နိုင်ငံ့စီးပွားရေးတွင် အဓိကကျသည့် သီလဝါကဲ့သို့ အထူးစီးပွားရေးဇုန်များကို အုတ်မြစ်ချခဲ့သူ တစ်ဦးဖြစ်သည်ဟု ဒေါက်တာဆက်အောင် နှင့်ပတ်သက်၍ ဂျပန်သတင်းစာများက ဖော်ပြသည်။

ဒေါက်တာ ဆက်အောင်သည် ဦးသိန်းစိန်အစိုးရလက်ထက်တွင် စီးပွားရေးအကြံပေး၊ ၂၀၁၃ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌနှင့် သီလဝါအထူးစီးပွားရေး ဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌအ ဖြစ် ပူးတွဲတာဝန်ထမ်းဆောင်ခဲ့သည်။ ပြည်တွင်း၊ ပြည်ပစီးပွားရေးနှင့်ပတ်သက်၍ အတွေ့အကြုံများစွာရှိသော အသက် (၄၀) ကျော်လူလတ်ပိုင်းအရွယ်ရှိသူ တစ်ဦးကို နိုင်ငံစီးပွားတွင် အဓိကတာဝန်ယူထားသည့် ဝန်ကြီးဌာန၌ သမ္မတဦးထင်ကျော်က ပြီးခဲ့သည့် ဇူလိုင်၃၁ ရက်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအ ဖြစ် ခန့်အပ်ခဲ့သည်။

စီမံဘဏ္ဍာဝန်ကြီးဌာနတွင် ဦးဆက်အောင်ကို ဒုတိယဝန်ကြီး ခန့်အပ်ခဲ့ခြင်းသည် ကျဆင်းနေသည့် စီးပွားရေးကို ကုစားရန် တွန်းအားတစ်ခု ဖြစ်လာနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက မျှော် လင့်နေသည်။

‘‘ဒီအပြောင်းအလဲက မှန်ကန်တဲ့လုပ်ဆောင်ချက်တစ်ခုဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်’’ဟု ရွှေလင်ဗန်းစက်မှုဇုန် စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောသည်။

လျှပ်စစ်မီးပြဿနာ၊ မြင့်မားသော ငွေကြေးဖောင်းပွမှုနှင့် ဝင်ငွေနည်းမှု၊ ချေးငွေလိုအပ်ချက်မြင့် မားနေသည့် အသေးစား၊ အလတ် စားလုပ်ငန်းများ၊ နှစ်စဉ်မြင့်တက်နေသည့် အစိုးရဘတ်ဂျက်လိုငွေနှင့် ကုန်သွယ်မှုလိုငွေ၊ အခြေခံအ ဆောက်အအုံမပြည့်စုံမှု၊ အလုပ်အကိုင်ရှားပါးမှု၊ ပြည်ပရင်းနှီးမြှုပ် နှံမှု ဝင်ရောက်မှုနည်းပါးခြင်း စ သည်တို့သည် လက်ရှိအစိုးရအတွက် စီးပွားရေးကဏ္ဍမှ စိန်ခေါ်မှုများဖြစ်သည်။

ထို့အပြင် အစိုးရဗျူရိုကရေစီယန္တရား (အစိုးရဌာနများ)အတွင်း ကြိုးနီစနစ်များ၊ လာဘ်ပေးလာဘ်ယူမှုများအပြင် ဥပဒေလုပ်ထုံးလုပ် နည်းများ ရှင်းလင်းလွယ်ကူမှုမရှိခြင်း၊ စီးပွားရေးနှင့်သက်ဆိုင်သော ဝန်ကြီးဌာနချင်း ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းတို့သည်လည်း စီးပွားရေးနှေးကွေးမှုကို အားပေးသော အချက်များဖြစ်သည်။

‘‘ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံခြားကုမ္ပဏီတွေ အလုပ်လုပ်ရတာ အလွန်ခက်ခဲပါတယ်။ ဒါက ဘာကြောင့်လဲဆိုတော့ ဝန်ကြီးဌာန တွေ ပူးပေါင်းဆောင်ရွက်မှု အားနည်းလို့ပါ’’ဟု မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေးဝန်ဆောင်မှုအသင်းဥက္ကဋ္ဌ ဦးကျော်ကျော်လှိုင်က ကြုံတွေ့နေရသည့် အခြေအနေကို ပြောသည်။

ဝန်ကြီးဌာနချင်း ပူးပေါင်းဆောင်ရွက်မှု အားနည်းချက်ကို မြန်မာ့အသွင်ကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲတွင် စီးပွားရေး ကဏ္ဍနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သော မြန်မာနိုင်ငံ မျက်မှောက်ခေတ် ပြုပြင်ပြောင်းလဲရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမြင့်ကလည်း ထောက်ပြသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး ၂၀၁၆ ဧပြီ ၁ ရက်က စတင်၍ နိုင်ငံတော်ကို ဦးဆောင်လာသည့် ဒီချုပ်အစိုးရသက်တမ်းသည် လက်ရှိတွင် ၃၀ ရာခိုင်နှုန်းခန့် သုံးစွဲပြီးဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်အချို့က ပြောကြသည်။

၂၀၁၇ သည် ဒီချုပ်အစိုးရသက်တမ်းတစ်နှစ်ခန့် ကုန်ဆုံးပြီးခဲ့သဖြင့် ဆောင်ရန်၊ ရှောင်ရန်အခြေအနေများကို သိရှိလာပြီးအစိုးရယန္တရား တည်ငြိမ်ချိန်ရောက်လာရာ စီးပွားရေးအလားအလာကောင်းမည်ဟု ခန့်မှန်းကြောင်း ဧဒင်ကုမ္ပဏီအုပ်စုဥက္ကဋ္ဌ ဦးချစ်ခိုင်က ယခုနှစ်ဆန်းက ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံ၏ စီးပွားရေးတုံ့ နှေးမှုကို တရားဝင်ထုတ်ဖော်ပြော ကြားထားသည်။ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ၆ ဒသမ ၉ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း နိုင်ငံတကာငွေကြေးရန် ပုံငွေအဖွဲ့ (IMF)က ထုတ်ပြန်ထားသည်။

လက်ရှိ နိုင်ငံ့စီးပွားရေးအခြေအနေသည် အထွေထွေကုန်ဈေး နှုန်းကြီးမားပြီး အလုပ်အကိုင်အ ခွင့်အလမ်းနည်းပါးမှုကြောင့် လူတစ်ဦးချင်း၏ ဝင်ငွေလျော့နည်းကျဆင်းနေပြီး ပြည်တွင်းဝယ်လို အားလျော့ကျသည်ဟု ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင် အချို့က ပြောသည်။

သဘာဝဓာတ်ငွေ့ဈေးနှုန်းကျဆင်းမှု၊ သီးနှံအရည်အသွေး ကြောင့် နိုင်ငံတကာဈေးကွက်သို့ လယ်ယာထွက်ကုန်တင်ပို့မှု ကျဆင်းလာခြင်းတို့ကြောင့် ယခုဘဏ္ဍာနှစ် လေးလအတွင်း ကုန် သွယ်ရေးတွင် လိုငွေပမာဏ ကန်ဒေါ်လာ နှစ်ဘီလီယံကျော်ရှိသည်။ ပြီးခဲ့သည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ် တစ်နှစ်လုံးတွင် ကုန်သွယ်မှုလိုငွေ ပမာဏ ငါးဘီလီယံကျော်ရှိခဲ့သည်။

ကုန်သွယ်မှုလိုငွေ များနေ ခြင်းနှင့်အတူ ငွေကြေးဖောင်းပွမှုက ၈ ရာခိုင်နှုန်းခန့်တွင်ရှိနေပြီး အစိုးရ၏ အသုံးစရိတ်ကလည်း ဝင်ငွေထက်ကျပ်ဘီလီယံ လေးထောင်ကျော်ပိုများနေသည်။

ထို့အပြင် အစိုးရက စီးပွားရေးလုပ်ငန်းများကို ခန့်မှန်းဈေးကစားခြင်းပုံစံမှ ပုံမှန်စီးပွားရေး ပုံစံသို့ ပြောင်းလဲရန်ကြိုးစားမှုများကလည်း နိုင်ငံ့စီးပွားရေးကို ခေတ္တတုံ့ဆိုင်းသွားစေသည်ဟု စီးပွား ရေးပညာရှင်အချို့က ပြောသည်။

‘‘ကျွန်တော်တို့ အနေအထားက အဆိုးဆုံးအခြေအနေတစ်ခုကို ရောက်နေပြီ။ ဒီထက်မဆိုး လောက်ဘူးလို့ မျှော်လင့်ရတာပဲ’’ ဟု ဦးနေလင်းဇင်က သူ၏အမြင်ကို ပြောသည်။

နိုင်ငံစီးပွားရေးနှင့်ပတ်သက်၍ အဓိကဦးဆောင်ရသော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန တွင် နိုင်ငံတကာဖွံ့ဖြိုးရေးလုပ်ငန်းများ၌ အတွေ့အကြုံများသည် လူလတ်ပိုင်းအရွယ်တစ်ဦးကို ဒုတိယဝန်ကြီးခန့်အပ်လိုက်ခြင်းကြောင့် ကောင်းမွန်သော အပြောင်းအလဲနှင့် အကျိုးသက်ရောက်မှုများရှိလာရန် စီးပွားရေး လုပ်ငန်းရှင်များက မျှော်လင့်ကြသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် အစိုးရ၏ အသုံးစရိတ်နှင့် ရငွေစီစဉ်ရမှု၊ အနာဂတ်စီးပွားရေး စီမံကိန်းများနှင့်ပတ်သက်၍ အစီအစဉ်ချရသည့် ဝန်ကြီးဌာနတစ်ခုဖြစ်သည်။ ဒီချုပ်အစိုးရသည် ယခင်အမျိုးသားစီမံ ကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ကို ပေါင်းစပ်ပြီး ဝန်ကြီးဌာနတစ်ခုတည်း ပြောင်းလဲဖွဲ့စည်းလိုက်သည်။ ထို့ကြောင့် ဌာန၏ တာဝန်ယူမှု ပိုမိုကြီးမားလာသည်။

စီမံကိန်းဝန်ကြီးဌာနအနေ ဖြင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခြင်း၊ အစိုးရနှင့် နိုင်ငံတကာမှ အကောင်အထည်ဖော်မည့် စီမံကိန်းများနှင့်ပတ်သက်၍ စိစစ်ဆောင်ရွက်ရခြင်း၊ တိုင်းနှင့် ပြည်နယ် ပြည်ထောင်စုဝန်ကြီးဌာနများ၏ နှစ်စဉ်ဖွံ့ဖြိုးရေးအစီအစဉ်များ၊ နှစ်ရှည်ဖွံ့ဖြိုးရေးအစီ အစဉ်များ ရေးဆွဲရခြင်းတို့ကို ဆောင်ရွက်သည့်ဌာနဖြစ်သည်။

ဘဏ္ဍာရေးဝန်ကြီးဌာနသည် အစိုးရဘဏ္ဍာရေးမူဝါဒ၊ အစိုးရ ရငွေနှင့် သုံးငွေလျာထားမှု၊ အစိုး ရ၏ နိုင်ငံတကာကြွေးမြီများ၊ နိုင်ငံတကာ အကူအညီများနှင့်ပတ် သက်၍ စီမံရသည့်ဝန်ကြီးဌာနဖြစ် သည်။

‘‘ဒီဌာနက ကြီးပြီးတော့ နိုင်ငံ့စီးပွားရေးအတွက် အဓိကကျတဲ့ အခန်းကဏ္ဍမှာရှိနေတယ်။ ဝန်ကြီးဌာနနှစ်ခုပေါင်းထားတာဆိုတော့ ဒုဝန်ကြီးနှစ်ယောက်ထားတာ ပိုကောင်းပါတယ်’’ဟု စီးပွားရေး ပညာရှင် ဦးဇော်ဖေဝင်းက ပြော သည်။

ထိုကဲ့သို့ နိုင်ငံစီးပွားရေးကို ဦးဆောင်နေသည့် ဝန်ကြီးဌာန၏ အဓိကပဲ့ကိုင်ရှင်တစ်ဦးဖြစ်သူ ပြည်ထောင်စုဝန်ကြီးက ဦးကျော် ဝင်းဖြစ်သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ဥက္ကဋ္ဌအဖြစ် ဦးဆောင်နေသော ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အ စည်းတွင်လည်း ဦးကျော်ဝင်းသည် ဒုတိယဥက္ကဋ္ဌ တာဝန်ယူထားပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော် မရှင်၌ ဥက္ကဋ္ဌတာဝန်ယူထားသူဖြစ်သည်။

ယခင်အစိုးရလက်ထက်တွင် သမ္မတဦးသိန်းစိန်က စီမံကိန်းဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနတို့၌ ပြည်ထော်စုဝန်ကြီးတစ်ဦးစီ ခန့်ထားသည့်အပြင် နိုင်ငံ စီးပွားရေးမူဝါဒကို ကိုင်တွယ်ရန် သမ္မတရုံးဝန်ကြီးများဖြစ်သော ဦးစိုးသိန်းနှင့် ဦးတင်နိုင်သိန်းတို့က အဓိကတာဝန်ခံပူးပေါင်းဆောင် ရွက်ခဲ့သည်။

ဒီချုပ်အစိုးရလက်ထက်တွင် ဝန်ကြီးဌာနနှစ်ခုပေါင်းစည်းပြီး ပြည်ထောင်စုဝန်ကြီးတစ်ဦးသာ စတင်တာဝန်ပေးခဲ့သည်။ ထို့ နောက် အမြဲတမ်းအတွင်းဝန် ဦးမောင်မောင်ဝင်းကို ဒုတိယဝန် ကြီးခန့်အပ်ပြီး ၂၀၁၇ ဇူလိုင်ကုန် တွင် ဦးဆက်အောင်ကို ဒုတိယ ဝန်ကြီးအဖြစ် ထပ်မံခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

ဦးဆက်အောင်ကို ဒုတိယဝန်ကြီးခန့်အပ်ခြင်းသည် ဒီချုပ်အစိုးရ၏ ရွေးချယ်မှုမှန်ကန်သည် ဟု စီးပွားရေးလုပ်ငန်းရှင်များက မှန်းဆနေကြသော်လည်း ပြည်ထောင်စုဝန်ကြီးကို ကျော်လွန်ပြီး ဆောင်ရွက်နိုင်မည်လားဟုလည်း သိလိုနေကြသည်။

‘‘အခုအခြေအနေက သူက ဒုဝန်ကြီးဆိုတော့ နံပါတ် (၁)ကို ကျော်ပြီး လုပ်ဖို့မလွယ်နိုင်ဘူး လေ။ ဒါပေမဲ့ သူ့မှာက အတွေ့ အကြုံနဲ့ အကြံဉာဏ်ကောင်းတွေကိုတော့ အများကြီးပေးနိုင်မယ် ထင်ပါတယ်’’ဟု ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက သူ၏အမြင်ကို ပြောသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးပြည် ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် ယုံကြည်မှုလွန်ကဲစွာ ပြောကြား ချက်အချို့ကြောင့် ဝေဖန်မှုခံခဲ့ရဖူးသည်။ ‘ပြီးခဲ့တဲ့၊ ကုန်ဆုံးခဲ့တဲ့ တစ်နှစ်တာကာလက Runway (လေယာဉ်ပြေးလမ်း)မှာပြေးတဲ့ အချိန်ကာလသတ်မှတ်တဲ့၊ ဒီနှစ် ကတော့ Runway ကနေ ကမ္ဘာ မြေကြီးရဲ့ Gravity (ကမ္ဘာ့ဆွဲငင် အား)ကို ဆန့်ကျင်ပြီးတော့၊ တွန်းကန်ပြီးတော့ Jet Power နဲ့ လေထဲကို Take off လုပ်တဲ့နှစ်ပဲ’ဟုမြန်မာ့ရင်းနှီးမြှုပ်နှံမှု ဖိုရမ်တွင်ပြောကြားခဲ့သဖြင့် ဝေဖန်မှုအချို့ ကြုံခဲ့သည်။ ဝန်ကြီးမဖြစ်မီ ဒီချုပ်စီးပွားရေးကော်မတီဝင် တာဝန်ယူခဲ့စဉ်ကလည်း ရက် ၁၀၀ အတွင်းစီးပွားရေးနာလန်ထူအောင် လုပ် မည်ဟု ကြုံးဝါးခဲ့ဖူး၏။

ထို့အပြင် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များကို လုပ်ငန်းများတိုးချဲ့ လုပ်ကိုင်ရန်၊ အဆိုပြုလွှာများတင်ရန် မကြာခဏဖိတ်ခေါ်သဖြင့် စီးပွားရေးလုပ်ငန်းရှင်အချို့က နောက်ကွယ်တွင် ချစ်စနိုးဖြင့် (Proposal ဦးကျော်ဝင်း)ဟု အမည်ပေးထားသည်။

ထို့အပြင် ၎င်းသည် ဒုတိယသမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် အကြိမ်တိုင်း နီးပါးပါဝင်လျက်ရှိပြီး ငါးကြိမ် မြောက်တွေ့ဆုံပွဲ၌ စီးပွားရေးကဏ္ဍ ၁၀ ခုတွင် ပြည်တွင်းလုပ် ငန်းရှင်များ ပါဝင်လုပ်ကိုင်ရန် ဖိတ်ခေါ်ခဲ့သည်။

၂၀၁၇ ဧပြီလဆန်းက ကျင်းပသည့် တွေ့ဆုံပွဲတွင် ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်ကဏ္ဍ၊ သွင်းကုန်အစားထိုးလုပ်ငန်းတို့အပါအ ဝင် လုပ်ငန်းကဏ္ဍ ၁၀ ခုကို အဆို ပြုလွှာများတင်ရန် ဖိတ်ခေါ်ခဲ့သူ ဖြစ်သည်။

ထိုကဲ့သို့ စွမ်းဆောင်ရည်ရှိသော ပြည်ထောင်စုဝန်ကြီး၏ အောက်တွင် ဒုတိယဝန်ကြီးအဖြစ် တာဝန်ယူရမည့် ဦးဆက်အောင်၏ ဆောင်ရွက်ချက်များက စီးပွားရေးကဏ္ဍအတွက် စိတ်ဝင်စားစရာဖြစ်နေသည်ဟု စီးပွားရေးလုပ်ငန်းရှင် အချို့က ပြောသည်။

‘‘သူက အရည်အချင်းရှိတဲ့လူဆိုတော့ အကောင်းဆုံးလုပ်နိုင်မယ်လို့တော့ မျှော်လင့်တာပဲ’’ဟု ထွန်းကော်မာရှယ်ဘဏ်မှ ဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြောသည်။

ဦးဆက်အောင်သည် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုတို့တွင် ဖွံ့ဖြိုးရေးအစီအစဉ်များ၌ ပါဝင်ခဲ့ ပြီး သီလဝါအထူးစီးပွားရေးဇုန်ကို လည်း ဂျပန်စီးပွားရေးလုပ်ငန်းရှင် များ၊ အစိုးရတို့နှင့် ပူးပေါင်းဆောင် ရွက်ခဲ့သဖြင့် နိုင်ငံစီးပွားရေးအ တွက် ဦးဆောင်မှုအပိုင်းတွင် ပါဝင်ခြင်းက သင့်လျော်သည့် ရွေး ချယ်မှုတစ်ခုဖြစ်ကြောင်း JETRO မြန်မာမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောကြားသည်။

ဦးဆက်အောင်သည် ဒုတိယ ဝန်ကြီးမဖြစ်မီ ဇူလိုင် ၃၀ ရက်အထိ မြန်မာနိုင်ငံ ဗဟိုဘဏ်တွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ သူဖြစ်သည်။

ဦးဆက်အောင် ဗဟိုဘဏ် တွင်ရှိစဉ်က နိုင်ငံခြားငွေအသုံး များပြီး မြန်မာငွေတန်ဖိုး စံချိန်တင် ကျဆင်းသဖြင့် ပြည်သူအများ စီး ပွားရေးကျပ်တည်းမှု တွေ့ကြုံနေ ရချိန်၌ အစိုးရဝန်ကြီးဌာနများ အပါအဝင် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များ နိုင်ငံခြားငွေမသုံး ရန် စီစဉ်ခဲ့သူဖြစ်ကြောင်း ဗဟို ဘဏ် ညွှန်ကြားရေးမှူးချုပ်တစ်ဦး က ပြောသည်။

သို့သော် ငွေကြေးဖောင်းပွ ခြင်းသည် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းမြန်ဆန်ခြင်းကြောင့် ဖြစ်ကြောင်း ယခင်အစိုးရလက်ထက်က သတင်းမီဒီယာများအား ပြောကြားခဲ့ခြင်းအပေါ် ဝေဖန်မှုများလည်း ကြုံခဲ့သည်။

ဒုတိယဝန်ကြီး တာဝန်ယူပြီး နောက် မြန်မာ့ဒီမိုကရေစီရေး ကူး ပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေး ပွဲတွင် ပါဝင်ပြီး မြန်မာနိုင်ငံ၏ အနာဂတ်စီးပွားရေးဝန်းကျင်အတွက် လိုအပ်ချက်ကို ထုတ်ဖော် ပြောကြားသည်။ ကြိုတင်မှန်းဆ နိုင်သည့် စီးပွားရေးဝန်းကျင်တစ်ခု ဖြစ်ရန် မူဝါဒပိုင်းခိုင်မာပြီး ရှင်းလင်းလွယ်ကူသည့် လုပ်ထုံးလုပ် နည်းများ လိုအပ်သည်ဟု ဩဂုတ် ၁၃ ရက်တွင် ပြောကြားသည်။

နိုင်ငံတကာအတွေ့အကြုံ များရှိသလို ယခင်အစိုးရအဖွဲ့ စီးပွားရေးအကြံပေးပုဂ္ဂိုလ်၊ စီမံကိန်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ တာဝန်များထမ်းဆောင်ခဲ့ဖူးသော လူလတ်ပိုင်းပညာရှင်တစ်ဦးဖြစ်၍ နိုင်ငံ့စီးပွားရေး လမ်းကြောင်းမှန်ပေါ်ရောက်ရန် ဦးဆက်အောင်အပေါ်  စီးပွားရေးလုပ်ငန်းရှင်များက မျှော်လင့်ခြင်း တနင့်တပိုးဖြစ်ကြသည်။

ရှေ့လာမယ့် သီတင်းပတ်များအတွင်း ဦးဆက်အောင်၏ အဓိကတာဝန်သည် အစိုးရ၏ပြောင်းလဲနေသော စီးပွားရေးမူဝါဒများကို တိုင်ပင်ဆွေးနွေး၊ အထက်အောက်ဆက်သွယ်ပေးကာ ပေါင်းစပ်ညှိနှိုင်းရေးဖြစ်သည်ဟု အမည်မဖော်လိုသော အစိုးရအရာရှိကြီးတစ်ဦးက ပြောကြားသည်။

၎င်းအနေဖြင့် ဝန်ကြီးဌာနအထူးသဖြင့် ဗျူရိုကရေစီများကြား ဩဇာခိုင်မာရေးလုပ်ဆောင်ခြင်း နှင့်အတူ သမ္မတရုံးနှင့်လည်း ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်သည်။

=====================
251/ End