၂၁ ဩဂုတ် ၂၀၁၇ - ၁၈:၁၄
စစ်ဘေးရှောင်များအတွက် ၈၈ မျိုးဆက်က လှူဒါန်းသည့် ဆန်အိတ်များတားမြစ်ခံရ

ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်ခွဲ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးဟောင်းမှာ ဖွင့်လှစ်ထားတဲ့ လီဆူစစ် ရှောင်စခန်းကို ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)က ဆန်အိတ် ၁၀၀ သွားရောက်လှူဒါန်းဖို့ သွားရောက်ရာမှာ တားမြစ်ခံခဲ့ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်ခွဲ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးဟောင်းမှာ ဖွင့်လှစ်ထားတဲ့ လီဆူစစ် ရှောင်စခန်းကို ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)က ဆန်အိတ် ၁၀၀ သွားရောက်လှူဒါန်းဖို့ သွားရောက်ရာမှာ တားမြစ်ခံခဲ့ရပါတယ်။

သြဂုတ် ၂၀ ရက်က အဆိုပါစစ်ပြေးဒုက္ခသည်စခန်းကို သွားရောက်လှူဒါန်းဖို့ ဆန်အိတ် ၁၀၀ နဲ့အတူ သွားရောက်ရာမှာ ဆဒုံးအခြေစိုက် စစ်ဗျူဟာလက်အောက်ရှိ ဝါရှောင်စစ်ဆေးရေး ဂိတ်ကတားဆီး ခဲ့တဲ့ အတွက် ဆန်သယ်သွားခွင့်မရပဲ လူတွေပဲ သွားရောက်အားပေးခဲ့ရတယ်လို့ အဲဒီကို သွားရောက်ခဲ့တဲ့ ၈၈ မျိုး ဆက်အဖွဲ့က မနီလာသိန်းက ပြောပါတယ်။

“မနေ့တုန်းက ဆဒုံကိုသွားတယ်။ လီဆူတွေရှိတဲ့စစ်ဘေးရှောင် ဆဒုံးစခန်းကို ကျမတို့ သွား တယ်ပေါ့။ သွားတဲ့အခါမှာ လီဆူဝန်ကြီးရယ်၊ ဗမာတိုင်းရင်းသားဝန်ကြီးရယ် နှစ်ယောက်စလုံး ပါတယ်။ ကျမတို့ ဆန်အိတ် ၁၀၀ ကိုတင်သွားပါတယ်။ အဲလိုတင်သွားတဲ့အခါ ၀ါရှောင်ဂိတ်ကို ရောက်တဲ့အခါမှာ ကျမ တို့ဆန်ကားကို ပေးမသွားတော့ပါဘူး။ နဂိုက ဒီနေရာမှာ ဆန်တွေ သွားလာခွင့် ပိတ်ပင်ထားတာလည်း မရှိပါဘူး။ ဒီစခန်းကို ဘယ်ပစ္စည်း မသယ်ရဘူး ဆိုတဲ့ တားမြစ်ထားတဲ့ အချက်အလက်တွေလည်းလုံးဝမရှိပါဘူး။ မနေ့ကမှ ကျမတို့ အဲလိုမျိုး တားမြစ်ခံရခြင်းဖြစ်ပါတယ်။ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး လက်မှတ်မပါလို့ ဆိုပြီးတော့ ပြောတာပေါ့နော်။ လူကိုတော့ပေးသွားတယ်။ ဆန်ကိုတော့ သွားခွင့်ပိတ်ထားတယ်။”

အဆိုပါ လီဆူဒုက္ခသည်စခန်းဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလနောက်ပိုင်း တိုက်ပွဲတွေကြောင့် ဆဒုံးအနီးနားက ကျေးရွာတွေက ထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်ပြီး လတ်တလော စားနပ်ရိက္ခာ အခက်ခဲရှိနေတာဖြစ်ပါတယ်။

အဆိုပါစခန်းမှာ ဒုက္ခသည်ဦးရေ ၄၀၀ ကျော်ရှိပြီး တ၀က်လောက်ဟာ ကလေးတွေ ဖြစ်ပါတယ်။ ကလေးတွေထဲကမှ မူလတန်းကနေအထက်တန်းကျောင်းအထိ ပညာသင်ယူနေသူ ၁၀၀ ကျော်ရှိနေကြတာပါ။

ဒီလိုတားမြစ်ခံခဲ့ရပေမယ့် လူတွေကိုယ်တိုင်သွားရောက်ပြီး ဒုက္ခသည်တွေကို အားပေးခဲ့သလို ဒီဆန်တွေကို အရောက်ပေးပို့ဖို့ ထပ်ပြီး ကြိုးစားမယ်လို့လည်း လီဆူဝန်ကြီးက ဒုက္ခသည်တွေကို ကတိပေးခဲ့ကြောင်းလည်းသိရပါတယ်။ ဒီလိုတားမြစ်ခံခဲ့ရတဲ့အပေါ် ရှုတ်ချကြောင်း မနီလာသိန်းက ပြောပါတယ်။

“အဲလိုလှူဒါန်းတယ်ဆိုတဲ့အခါမှာ ကျမတို့ရဲ့ တိုင်းရင်းသားညီကိုမောင်နှမတွေ တကယ် ဒုက္ခရောက်နေတယ်၊ အခက်အခဲဖြစ်နေတယ်။ အကြပ်အတည်းဖြစ်နေတဲ့ကာလမှာ ဒါမျိုးလုပ်ဆောင်ခံရတဲ့အတွက် ကျမတို့အင်မတန်မှ စိတ်မကောင်းဖြစ်မိတယ်။  ဘာဖြစ်လို့ လဲဆိုတော့ ကျမတို့ ညီကိုမောင်နှမတွေ တွေ့ကြုံခံစားရတဲ့ဒုက္ခတွေ ကျမတို့မြင်တွေ့ရတဲ့အခါမှာ သူတို့တွေ တကယ်ကို အေးချမ်းမှုတွေ၊ငြိမ်းချမ်းမှုတွေ ဖြစ်စေချင်နေပါပြီ။ သူတို့ ဒီလိုမျိုးတွေ့ကြုံ နေရတဲ့သူတွေ ဖေးမကူညီရမယ့်အစားအာဏာ၊ တာဝန်ယူထားတဲ့အပေါ်မှာ ကိုယ့်ရဲ့ပြည်သူ အပေါ်မှာ ကူညီရိုင်းပင်းမှု စာနာမှုမလုပ်ဘဲနဲ့ အာဏာနဲ့ ဒုက္ခရောက်တဲ့သူကို ပိုပြီးဒုက္ခရောက်အောင်လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေဟာ အင်မတန်မှ ကျမတို့ ရှုတ်ချပါတယ်။ အဲဒါမျိုးကို ကျမတို့ လုံးဝလက်မခံပါဘူး။”

တားမြစ်ခံခဲ့ရတဲ့အတွက်  ဆန်တွေကို  မိုးလေကင်းလွတ်တဲ့  ဝိုင်းမော်မြို့သို့ ပြန်လည်ပို့ ဆောင်ထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဖားကန့်ကနေ နမ္မတီးက စစ်ဘေးဒုက္ခသည်တွေကို သွားရောက်ကူညီမယ့် ကချင်လူမှုအဖွဲ့အစည်းရဲ့ ပစ္စည်းတွေနဲ့ကားတွေလည်း လုံခြုံရေးဂိတ်က တားမြစ်ပိတ်ပင်ခဲ့ပါတယ်။

=====================
251/ End