အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲမှာ ဗိုလ်လုပွဲမတက်နိုင်ခဲ့ဘဲ တိုင်းပြည်အတွက် ရွှေဆုမယူပေးနိုင်ခဲ့တာကြောင့် အားလုံး ဝမ်းနည်းကြရပြီး တတိယဆုအတွက် ဆက်ကြိုးစားသွားမယ်လို့ မြန်မာအသင်းနည်းပြချုပ် ဂတ်ဇီဆီက ပြောလိုက်ပါတယ်။
မနက်ဖြန်ယှဉ်ပြိုင်မယ့် ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲ မြန်မာနဲ့ အင်ဒိုနီးရှား တတိယလုပွဲအတွက် ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ မြန်မာအသင်းနည်းပြက ပြောခဲ့တာပါ။
“ဗိုလ်လုပွဲမတက်ခဲ့လို့ အားလုံးဝမ်းနည်းကြရပါတယ်။ တိုင်းပြည်အတွက် ရွှေဆု မယူပေးနိုင်ခဲ့တာကြောင့် တတိယဆုအတွက် ကျနော်တို့ ဆက်ကြိုးစားသွားမှာပါ။ အင်ဒိုနီးရှားအသင်းက အသင်းလိုက် ကစားအား အရမ်းကောင်းသလို မြန်လည်းမြန်ပါတယ်။ ကစားသမား တဦးချင်းမှာလည်း အင်ဒိုက ပိုပြီးကောင်းပါတယ်။ ကျနော်တို့အသင်းကတော့ ညီညွတ်မှုနဲ့ အသင်းလိုက်နားလည်မှု၊ ယုံကြည်မှုတွေ ရှိပြီးသားပါ။ မနက်ဖြန်ပွဲကနေ ဆုတံဆိပ်ယူပြီး ပြန်ပါမယ်။”
မြန်မာအသင်းတိုက်စစ်မှူး သန်းပိုင်ကလည်း “ကျနော်တို့ ပရိသတ်တွေ ငိုကြ၊ ဝမ်းနည်းကြတာမြင်လို့ အရမ်းခံစားရပါတယ်။ ဒါမျိုး နောက်ထပ်မမြင်ရစေဖို့ ကျနော်တို့ ဆက်ကြိုးစားပါမယ်။ အင်ဒိုနီးရှားကို အနိုင်ယူပြီး တတိယဆု သယ်ဆောင်လာဖို့ တသင်းလုံး အစွမ်းကုန် ကြိုးစားသွားမှာပါ” ပြောပါတယ်။
မြန်မာအသင်းမှာ ဒဏ်ရာရသူ၊ ပွဲပယ်ခံရသူ မရှိတဲ့အတွက် အင်ဒိုနဲ့ပွဲမှာ ခြေစွမ်းပိုပြသနိုင်ကြမယ်လို့လည်း ဆိုပါတယ်။
မြန်မာအသင်းဟာ ဆီမီးဖိုင်နယ်မှာ ထိုင်းအသင်းကို တဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့သလို အင်ဒိုနီးရှားကလည်း ဆီမီးမှာ အိမ်ရှင်မလေးရှားကို တဂိုး ဂိုးမရှိနဲ့ပဲ ရှုံးနိမ့်ခဲ့တာပါ။
တတိယနေရာလုပွဲမှာ မြန်မာအသင်းဟာ ဂျာစီအင်္ကျီအဖြူရောင် ဝတ်ဆင်ကစားမှာဖြစ်ပြီး မနက်ဖြန် မြန်မာစံတော်ချိန် ညနေ ၃ နာရီ မလေးရှားနိုင်ငံ ဆလာရန်း ဘောလုံးကွင်းမှာ ကျင်းပသွားမှာဖြစ်တယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။
=====================
251/ End
၂၈ ဩဂုတ် ၂၀၁၇ - ၁၇:၀၂
News ID: 851017
ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲမှာ ဗိုလ်လုပွဲမတက်နိုင်ခဲ့ဘဲ တိုင်းပြည်အတွက် ရွှေဆုမယူပေးနိုင်ခဲ့တာကြောင့် အားလုံး ဝမ်းနည်းကြရပြီး တတိယဆုအတွက် ဆက်ကြိုးစားသွားမယ်လို့ မြန်မာအသင်းနည်းပြချုပ် ဂတ်ဇီဆီက ပြောလိုက်ပါတယ်။