အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နေပြည်တော်(ဩဂုတ် ၂၉ရက်၊ ၂၀၁၇ခုနှစ်)။ ။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လတ်တလောဖြစ်ပွားနေသော အကြမ်းဖက် တိုက်ခိုက်မှုများအတွက် နိုင်ငံတွင် အမြင့်ဆုံး လုံခြုံရေးအဖွဲ့အစည်းဖြစ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာ/လုံ) အစည်းအဝေးခေါ်ယူပြီး လိုအပ်သလို ညှိနှိုင်း လုပ်ဆောင်ရန် ဒုတိယ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ် သန်းထွဋ်သိန်းက ပြောကြားလိုက်သည်။
“အကြမ်းဖက်တိုက်ခိုက်မှု၊ သတ်ဖြတ်မှု၊ မီးရှို့ဖျက်ဆီးမှုဖြစ်စဉ်များ ယခုထက်ပိုပြီး ပြင်းထန်လာပါက မိမိနိုင်ငံရဲ့ အနောက်ဖက် လုံခြုံရေးတံခါး ကျိုးပေါက်သွားနိုင်ပြီးတော့ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့များရဲ့ အန္တိမ ရည်မှန်းချက်ဖြစ်တဲ့ လွတ်မြောက်နယ်မြေဖြစ်သွားနိုင်တဲ့အတွက် နိုင်ငံတော် လုံခြုံရေးဆောင်ရွက်မှုမှာ အဆင့်အမြင့်ဆုံးဖြစ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို ခေါ်ယူပြီး လိုအပ်သလို ညှိနှိုင်း၊ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ် သန်းထွဋ်သိန်းက ပြောသည်။
နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဘုရင့်နောင်ခန်းမတွင် ဩဂုတ်လ ၂၉ရက်၊ မွန်းလွဲပိုင်းက ပြုလုပ်သည့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော အစွန်းရောက် ဘင်္ဂါလီများ၏ အကြမ်းဖက်ဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ် သန်းထွဋ်သိန်းက အထက်ပါအတိုင်း နှစ်ကြိမ်တိတိ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲကို ပြည်တွင်း၊ ပြည်ပ မီဒီယာတစ်ချို့ကို ဖိတ်ကြားပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးဦးစီးကော်မတီ ဥက္ကဌ ဗိုလ်ချုပ် စိုးနိုင်ဦး၊ ဒုတိယဥက္ကဌ ဗိုလ်ချုပ် အောင်ရဲဝင်းနှင့် ဒုတိယ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ် သန်းထွဋ်သိန်းတို့ သုံးဦးက ဦးဆောင်ပြီး ရှင်းလင်းခဲ့သည်။
ကာ/လုံ ဟု လူသိများသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူခြင်း၊ မခေါ်ယူခြင်းသည် အစိုးရအပေါ်မှာသာ မူတည်ပြီး ကာ/လုံ၏ နောက်ဆုံးအဆုံးအဖြတ်သည် နိုင်ငံတော်သမ္မတသာ ဖြစ်သည်ဟု ဗိုလ်ချုပ် အောင်ရဲဝင်းကလည်း ရှင်းလင်းပွဲတွင် ပြောသည်။
“ကာ/လုံရဲ့ သဘောထားမှာ တပ်မတော်က ၆ မဲပါတယ်။ အရပ်ဘက်က ၅ မဲပါတယ်။ ကာ/လုံသာ ခေါ်ပြီးတော့ ဆုံးဖြတ်မယ်ဆိုရင်တော့ တပ်မတော်က လုပ်ချင်တာ လုပ်မယ်ဆိုပြီးတော့ မြင်နေတာတွေ အများကြီး ရှိပါတယ်။ တကယ်တော့ ဘယ်လိုပဲ ဆွေးနွေး၊ ဆွေးနွေး နောက်ဆုံး အဆုံးအဖြတ်ကတော့ သမ္မတကြီးပဲ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်အောင်ရဲဝင်းက ပြောကြားသည်။
ပြီးခဲ့သည့် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင်လည်း ကာ/လုံ အစည်းအဝေးများ ခေါ်ယူဆွေးနွေးခဲ့သော်လည်း တကယ့် အဆုံးအဖြတ်သည် သမ္မတသာဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ရဲဝင်းက ဆိုသည်။
“ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာလည်း ကျနော်တို့ ကာ/လုံတွေ ခေါ်ခဲ့ပါတယ်။ ခေါ်တဲ့အခါမှာလည်း ဖြစ်နေတဲ့ အနေအထား၊ ဖြစ်သင့်တဲ့ အနေအထားနဲ့ ဖြစ်ချင်တဲ့ အနေအထား ဒီ ၃ ခုကိုပဲ ဆွေးနွေးပါတယ်။ ဒါပေမယ့် တစ်ကယ့်တစ်ကယ့် Decision ကတော့ သမ္မတပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ကာ/လုံ အစည်းအဝေး အကြိမ် ၂၀၀ခန့် ကျင်းပခဲ့ပြီး တစ်ပတ်အတွင်း အစည်းအဝေး သုံးကြိမ် ခေါ်ယူသည်အထိ ရှိခဲ့သည်ဟု ဒုတိယဗိုလ်ချုပ်ကြီးဟောင်း တစ်ဦး၏ ဩဂုတ်လ ၂၄ရက်က လွှတ်တော်တွင်း ဆွေးနွေးချက်အရ သိရသည်။
သို့သော် လက်ရှိ NLD ဦးဆောင်သည့် အစိုးရသက်တမ်း တစ်နှစ်ခွဲကျော်ကာလအတွင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူကျင်းပကြောင်း ထုတ်ပြန်ထားခြင်း မရှိပေ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို သမ္မတ၊ ဒုသမ္မ(၂)ဦး ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသားလွှတ်တော်ဥက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီး စုစုပေါင်း (၁၁)ဦးဖြင့် ဖွဲ့စည်းထားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၁၃(က)တွင် နိုင်ငံတော်သမ္မတသည် “နိုင်ငံတော်အား ကျူးကျော်တိုက်ခိုက်ခြင်း ခံရလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းထားသော အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းလျက် စစ်ရေးအရ လိုအပ်သလို ဆောင်ရွက်ပိုင်ခွင့် ရှိသည်” ဟု ပြဌာန်းထားသည်။
“လက်ရှိ အခြေအနေမှာတော့ ဘူးသီးတောင်၊ မောင်တောဒေသမှာ အားလုံးသိတဲ့အတိုင်းပဲ ကျေးရွာများ မီးရှို့ခံရတဲ့အတွက် ကျေးရွာအုပ်ချုပ်မှုနဲ့ မြို့နယ်များ ဆက်စပ်အုပ်ချုပ်နေတဲ့ အုပ်ချုပ်ရေးယန္တယားကလည်း ပျက်ပြားလျက် ရှိပါတယ်” ဟုလည်း ဗိုလ်ချုပ် သန်းထွဋ်သိန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ထို့ပြင် အဆိုပါ ဒေသတွင် နှစ်ဖက်အဖွဲ့အစည်းများ အကြား မယုံသင်္ကာမှု၊ စိုးရိမ်ထိတ်လန့်မှုနှင့် မုန်းတီးမှုများသည် အမြင့်မားဆုံး ရောက်ရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။
ဩဂုတ် ၂၅ရက် နံနက်ပိုင်းမှ စတင်ကာ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်အတွင်းရှိ လုံခြုံရေးတာဝန် ထမ်းဆောင်နေသော ရဲကင်းစခန်း ၃၀နှင့် တောင်ဘဇာကျေးရွာရှိ နယ်မြေခံတပ်ရင်း ဌာနချုပ်တို့ကို အစွန်းရောက် ဘင်္ဂါလီများက အကြမ်းဖက် တိုက်ခိုက်သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
ထိုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၁၀ဦး၊ တပ်မတော်သား ၁ဦး၊ စုစုပေါင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ဦးနှင့် လ.ဝ.က ဝန်ထမ်း ၁ဦးတို့ ကျဆုံးပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၉ဦးနှင့် အပြစ်မဲ့ပြည်သူအများအပြား ဒဏ်ရာရရှိကာ လက်နက် ၆လက် ဆုံးရှုံးခဲ့ရသည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသည်။
အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်သော ပါဝင်သော အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများနှင့် ယင်းအကြမ်းဖက်သမားများအတွက် တာဝန်ရှိသော Arkan Rohingya Salvation Army(ARSA) တို့ကို ‘အကြမ်းဖက်အုပ်စု’ အဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ကြေငြာထားသည်။
အဆိုပါ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများအား အားပေးခြင်း၊ ထောက်ခံခြင်း၊ ပူးပေါင်းခြင်း မပြုကြပါရန်လည်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီက ဩဂုတ် ၂၇ရက်တွင် အသိပေးထားသေးသည်။
=====================
251/ End
၂၉ ဩဂုတ် ၂၀၁၇ - ၁၉:၀၃
News ID: 851262
နေပြည်တော်(ဩဂုတ် ၂၉ရက်၊ ၂၀၁၇ခုနှစ်)။ ။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လတ်တလောဖြစ်ပွားနေသော အကြမ်းဖက် တိုက်ခိုက်မှုများအတွက် နိုင်ငံတွင် အမြင့်ဆုံး လုံခြုံရေးအဖွဲ့အစည်းဖြစ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာ/လုံ) အစည်းအဝေးခေါ်ယူပြီး လိုအပ်သလို ညှိနှိုင်း လုပ်ဆောင်ရန် ဒုတိယ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ် သန်းထွဋ်သိန်းက ပြောကြားလိုက်သည်။