၈ စက်တင်ဘာ ၂၀၁၇ - ၁၉:၂၉
ရခိုင်ပြည်နယ် ပဋိပက္ခသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ရခိုင်ပြည်နယ်တွင် ဖြစ် ပွားနေသော ပဋိပက္ခအခြေအ နေများသည် မြန်မာနိုင်ငံ ရင်ဆိုင် နေရသည့် အကြီးမားဆုံးစိန်ခေါ် မှုတစ်ခုဖြစ်သည်ဟု ဒေါ်အောင် ဆန်းစုကြည်က ယမန်နေ့က မှတ်ချက်ပြုပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရခိုင်ပြည်နယ်တွင် ဖြစ် ပွားနေသော ပဋိပက္ခအခြေအ နေများသည် မြန်မာနိုင်ငံ ရင်ဆိုင် နေရသည့် အကြီးမားဆုံးစိန်ခေါ် မှုတစ်ခုဖြစ်သည်ဟု ဒေါ်အောင် ဆန်းစုကြည်က  ယမန်နေ့က မှတ်ချက်ပြုပြောကြားသည်။

မြန်မာနိုင်ငံသို့ သုံးရက်ကြာအလည်အပတ်ခရီးစဉ် ရောက်ရှိနေသည့် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ ရောက် ရှိလာချိန်တွင် ဒေါ်အောင်ဆန်း စုကြည်က ရခိုင်အရေးနှင့်ပတ် သက်၍ အိန္ဒိယအခြေစိုက် ANI သတင်းဌာန၏ မေးမြန်းမှုကို ဖြေကြားသည်။

‘‘ဟုတ်တယ်။ ဒါဟာ ကျွန်မ တို့ ကြုံနေရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုတွေထဲကတစ်ခုပဲ။ ရခိုင်ပြည်နယ်ရဲ့ အခြေအနေက ဆယ်စုနှစ်ပေါင်းများစွာ အခက်အခဲတွေ ကြုံခဲ့ရတာ ဖြစ်တယ်။ ပြောရမယ်ဆိုရင် ကိုလိုနီခေတ် မတိုင်မီလောက်ကတည်းကပဲ။ ဒီတော့ ရခိုင်အရေးကို ၁၈ လလောက်ကာလအတွင်း အလုံးစုံ ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်နေတာက ကြောင်းကျိုးဆီလျော်မှု သိပ်မရှိဘူးလို့ ကျွန်မထင်တယ်။ ကျွန်မတို့ အစိုးရတက်လာတာ ၁၈ လ လောက်ပဲ ရှိသေးတယ်လေ’’ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။ ယင်းမှာ မောင်တော အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်ပွားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်အရေးနှင့်ပတ်သက်၍ မီဒီယာသို့ ပထမဆုံး ပြောသော မှတ်ချက်ဖြစ်သည်။

ထို့အပြင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး ရန်ပုံငွေမြှင့်တင်ရန် တတ်နိုင်သမျှ အမြန်ဆုံး ကြိုးစား နေကြောင်း၊ လက်ရှိအချိန်တွင် ရင်းမြစ်ပိုင်း အကန့်အသတ်ကြီး မားမှုက အဓိကပြဿနာ တစ်ခုအဖြစ် ရှိနေကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က သုံးသပ် သည်။

‘‘ကိုဖီအာနန်ရဲ့ (ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ) အကြံပြု ဆွေးနွေးမှု တွေထဲက တချို့ကို ကျွန်မတို့ ဖြစ်နိုင်သမျှ အမြန်ဆုံးအကောင်အ ထည် ဖော်နေပါတယ်။ ဒါပေမဲ့ တခြားဟာတွေမှာတော့ အချိန်ယူ ဖို့ လိုတယ်။ ကိစ္စတိုင်းကို တစ်ပြိုင်တည်း ပြီးမြောက်အောင် လုပ်ဖို့က တော့ မဖြစ်နိုင်ပါဘူး’’ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်နိုင်ရေး၊လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေး တို့နှင့် သက်ဆိုင်သည့် ကိစ္စများ အကောင်အထည်ဖော်ရန် အဖွဲ့ အစည်းအလိုက် စတင်လုပ်ဆောင်နေပြီဟုလည်း ဒေါ်အောင်ဆန်းစုကြည်က အတည်ပြု သည်။

ရခိုင်တွင် အကြမ်းဖက်လှုပ်ရှားသူများနှင့် ဘင်္ဂါလီအရပ်သား များ ရောထွေးနေနိုင်သည့် အခြေ အနေနှင့် ပတ်သက်ပြီး ဒေါ်အောင် ဆန်းစုကြည်က ‘‘ကျွန်မတို့ ပထမဆုံး စဉ်းစားရမယ့် ကိစ္စတစ်ခုက အကြမ်းဖက်သမားတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို ဘယ်လိုခွဲခြားစိ စစ်နိုင်မလဲ ဆိုတာပါ။ ရှင်တို့ (အိန္ဒိယ သတင်းထောက်များကို ရည်ညွှန်းသည်) အိန္ဒိယနိုင်ငံမှာ ဆိုလည်း ဒါမျိုးကြုံဖူးမှာပါပဲ။ အိန္ဒိယမှာ မွတ်စလင်အသိုက်အဝန်းကြီးကြီးမားမား ရှိနေတယ်။ ကက်ရှ်မီးယားလို ဒေသတွေ ရှိတယ်။ အပြစ်မဲ့ပြည်သူတွေထဲက နေ အကြမ်းဖက်သမားတွေကို စစ်ထုတ်ရှာဖွေရတဲ့ ကိစ္စမှာ ရှင်တို့ လည်း အခက်တွေ့မှာပါပဲ။ သာမန်ပြည်သူတွေက အကြမ်းဖက် လှုပ်ရှားမှုနဲ့ ဘာမှမပတ်သက်ဘူးလေ။ ကျွန်မတို့မှာလည်း အဲဒီ ပြဿနာ ရှိပါတယ်’’ ဟု ပြော ကြားသည်။

ထို့အပြင် နိုင်ငံသားများကိုစောင့်ရှောက်ရန်မှာ အစိုးရ၏ တာဝန်ဖြစ်ပြီး၊ အကောင်းဆုံးကြိုးစားမည်ဖြစ်ကြောင်းလည်း ပြော သည်။ ‘‘ကျွန်မတို့မှာ ရှိနေတဲ့ အရင်းအမြစ်က ပြီးပြည့်စုံတဲ့ အနေအထားတော့ မဟုတ်ဘူးပေါ့လေ။ ဒါပေမဲ့ အားလုံးကို ဥပဒေနဲ့အညီ ကာကွယ်နိုင်ဖို့ ကျွန်မတို့ သေချာအားထည့် လုပ်ဆောင်သွားမှာပါ’’ဟု ဆက်လက်ပြောသည်။

=====================
251/ End