အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မောင်တော၊ ဒီဇင်ဘာ ၂၇ ရက်။ ။ ရခိုင်မြောက်ပိုင်း၏ လုံခြုံရေးများ တည်ငြိမ်မှု မရှိဟု ဆိုကာ ပိတ်ထားခဲ့ရသည့် မောင်တောမြို့မဈေးကို ဒီဇင်ဘာလ ၂၆ ရက်နေ့က ပြန်လည် ဖွင့်လှစ်ခဲ့သည်။
မြို့မဈေးနှင့် ဈေးသူ၊ ဈေးသားများအပါအဝင် ယင်းအနီးဝန်းကျင် လုံခြုံရေးအတွက် လုံခြုံရေးစောင့်ကြည့်ကင်မရာ CCTV ၁၆ လုံးကို လက်ရှိအချိန်တွင် တပ်ဆင်ထားပြီး ဖြစ်သလို ထပ်မံ၍ ၈ လုံး တပ်ဆင်ဦးမည်ဖြစ်ပြီး ဈေးဝင်ထွက်ပေါက် ၄ ခုတွင် အမြဲတမ်း လုံခြုံရေး တပ်ဖွဲ့ဝင် ၁၀ ဦးခန့်ကို ချပေးထားမည်ဟုလည်း မောင်တောမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးရွှေမောင်က ပြောသည်။
“ အရင်ကလိုပဲ ရခိုင်တိုင်းရင်းသားတွေရော မူဆလင်တွေပါ အကုန်ရောလို့ပါ။ အဓိကတော့ တည်ငြိမ် အေးချမ်းလာပြီ ဖြစ်တဲ့အတွက် ဖွင့်တာပါ။ ပြဿနာတွေ တစ်စုံတစ်ရာ မရှိသေးပါဘူး။ ဒါပေမယ့် ဖြစ်လာခဲ့သည်ရှိသော် မလိုလားအပ်တာတွေမဖြစ်ရအောင် လုံခြုံရေးတွေ ထုတ်ထားပါတယ်။ CCTV တွေလည်းတပ်ဆင်ထားတယ်။”ဟု ဆိုသည်။
မောင်တောမြို့မဈေးကို လုံခြုံရေးအာမခံချက်မရှိဟု ဆိုကာ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့တွင် စတင်ပိတ်ထားခဲ့ခြင်း ဖြစ်ပြီး ၄ လအကြာတွင် ပြန်လည်ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။
လက်ရှိအချိန်အတွင် အဆိုပါဈေး၌ ယခင်က ရှိနှင့်ခဲ့သည့် ပုံစံအတိုင်း ဘင်္ဂါလီများနှင့် ရခိုင်များ ရောနှောလျက် ဈေးဆက်လက် ရောင်းချခွင့်ပြုထားသည်ဟု မောင်တောမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
“အခုဆိုရင် သားငါးဈေးတွေမှာလည်း မူဆလင်တွေဆီက ရခိုင်ဝယ်။ ရခိုင်တွေဆီက မူဆလင်ဝယ်နဲ့ပေါ့။ ဈေးမှာလည်း ဆိုင်အားလုံးကို ဖွင့်ခိုင်းတာ။ ဘယ်ဆိုင်ကို မဖွင့်ရ။ ဘယ်ဆိုင်ကို ဖွင့်ရမယ်ပြောထားတာမဟုတ်ဘူး။ ဖွင့်ချင်လူလာဖွင့်ပေါ့။” ဟု မောင်တောမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးရွှေမောင်က ပြောသည်။
မောင်တောမြို့မဈေးတွင် ဈေးဆိုင်ခန်းပေါင်း ၄၅၃ ခန်းရှိပြီး ဈေးစတင်ဖွင့်လှစ်သည့် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဈေးဆိုင်ခန်း ၂၆၀ မှာ ပုံမှန်အတိုင်း ဖွင့်လှစ်နိုင်သော်လည်း ကျန် ၁၉၃ ခန်းမှာမူ ဖွင့်လှစ်နိုင်ခြင်းမရှိသေးဟုလည်း အဆိုပါ အရာရှိ၏ ပြောကြားချက်အရ သိရသည်။
========================
251 / End
၂၇ ဒီဇင်ဘာ ၂၀၁၇ - ၁၇:၅၂
News ID: 874525
မောင်တော၊ ဒီဇင်ဘာ ၂၇ ရက်။ ။ ရခိုင်မြောက်ပိုင်း၏ လုံခြုံရေးများ တည်ငြိမ်မှု မရှိဟု ဆိုကာ ပိတ်ထားခဲ့ရသည့် မောင်တောမြို့မဈေးကို ဒီဇင်ဘာလ ၂၆ ရက်နေ့က ပြန်လည် ဖွင့်လှစ်ခဲ့သည်။