အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ချင်းမိုင်(မဇ္စျိျမ) ၊ ဒီဇင်ဘာလ ၃၀ ။ ။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ အဖြစ် ဗိုလ်ချုပ်ကြီး အင်ဘန်လကို တာဝန်ပေးအပ်လိုက်ပြီး ဒုတိယ ဥက္ကဋ္ဌ အဖြစ် စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်ထန် ဂမ်ရှောင်နှင့် ခေါင်းဆောင်တချို့ တာဝန် ပြောင်းလဲ လွှဲအပ်လိုက်သည်ဟု သိရသည်။
လက်ရှိ KIO ဥက္ကဋ္ဌ အသက် (၇၀)နှစ်ကျော်အရွယ် ဦးလယောက်ဇောင်းခဟား၏ နေရာတွင် ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ KIO ဒုဥက္ကဋ္ဌ (၂)အဖြစ် ဆရာကြီး ဦးဆွမ်းလွတ်ဂမ်၊ ကချင်လွတ်လပ်ရေးကောင်စီ (KIC) ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဗိုလ်ချုပ် ဆွမ်းလွတ်ဂွမ်မော်နှင့် KIC ဒုဥက္ကဋ္ဌ (၂) ဗိုလ်ချုပ် ဇောင်းဘုတ်ထန်းတို့ကို တာဝန်ပေး ခန့်အပ်လိုက်ခြင်း ဖြစ်သည်။
“ဗိုလ်ချုပ်ကြီး အန်ဘန်လကို ဥက္ကဋ္ဌ တာဝန်ပေးလိုက်တယ်။ ကျွန်တော်တို့မှာက ဖွဲ့စည်းပုံ ရှိတယ်။ အဲဒီ ဖွဲ့စည်းထားတဲ့ ဥပဒေအတိုင်း သူ့အဆင့်လိုက် ပြန်တာဝန်ယူရတယ်။ အားလုံးက သဘောတူပြီး ခန့်အပ်လိုက် ပါတယ်”ဟု ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တစ်ဦးက ပြောသည်။
“အရင် ဥက္ကဋ္ဌက အသက်က ၇၂ နှစ်လောက်ရှိပြီထင်တယ်။ သူက အသက်လည်း ကြီးပြီ ကျန်းမာရေးလည်း သိပ်မကောင်းတော့ဘူး။ စကားတောင် သိပ်မပြောနိုင်တော့ဘူး။ ဒါကြောင့် တာဝန်ပြောင်းလိုက်တာပါ”ဟု သူက ပြောသည်။
ဆရာကြီး ဦးဆွမ်းလွတ်ဂမ်သည် ယခင် အစိုးရ ဦးသိန်းစိန် လက်ထက်က ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စား လှယ် ခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့ပြီး လက်ရှိ အရပ်ဖက် အတတ်ပညာရှင်များနှင့် KIO တို့ ပူးပေါင်း ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးရှေ့လုပ်ငန်းစဉ် အကြံပေးအဖွဲ့ (SMJH)တွင် KIO ကိုယ်စားလှယ် အဖြစ် တာဝန်ယူသည်။ ဗိုလ်ချုပ်ဇောင်းဘုတ်ထန်းကလည်း အဆိုပါ SMJH အဖွဲ့တွင် ပါဝင်တာဝန်ယူထားသည်။
KIO ဥက္ကဋ္ဌ အပြောင်းအလဲနှင့် ပတ်သက်၍ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံအား ဆက်သွယ်မေးမြန်းခဲ့ သော်လည်း မရခဲ့ပေ။ ထိုကဲ့သို့ အပြောင်းအလဲအား ဒီဇင်ဘာလ ၂၉ ရက်နေ့က KIO ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး မှ တာဝန် လွဲအပ်လိုက်ခြင်း ဖြစ်သည်။ ထိုဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကို ဒီဇင်ဘာလ ၂၈ ရက်နေ့ မှစတင်ကျင်းပ၍ ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ထိ သုံးရက်ကြာ ကျင်းပခဲ့ခြင်း ဖြစ်သည်။
KIO/KIA ၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး အပါအဝင် ဌာနဆိုင်ရာများ အားလုံးကို ဗဟိုအလုပ်အမှုဆောင်များဖြင့် ဖွဲ့စည်းထားသော ကချင်လွတ်လပ်ရေးကောင်စီ (KIC)၏ ဥက္ကဋ္ဌ တာဝန်ကို ဗိုလ်ချုပ်ကြီး အင်ဘန်လက ဦးဆောင် တာဝန်ယူသွားမည် ဖြစ်သည်။
ဥက္ကဋ္ဌဟောင်း ဦးလယောက်ဇောင်းဟရားသည် လာမည့် ၂၀၁၈ ခုနှစ် ဇန်န်ဝါရီလ ၂ ရက်နေ့တွင် ဆုတောင်းပွဲ ပြကျင်းပ၍ တာဝန်လွဲပြောင်း အပ်နှံလိုက်ပြီး KIO မှ နုတ်ထွက်၍ အလုပ်မှ အနားယူတော့မည် ဖြစ်သည်။
ယခုရက်ပိုင်းအတွင်း တနိုင်းဒေသ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၄ ဘက်တွင် တပ်မတော်နှင့် KIA အကြား တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်။ စစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသော စစ်ပြေးဒုက္ခသည်များလည်း တိုးမြှင့်လာနေသည်ဟု ဒုက္ခသည်များအား ကူညီနေသူများထံက သိရသည်။
KIO သည် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FPNCC)တွင် ပါဝင်ပြီး အဖွဲ့၏ ဒုဥက္ကဋ္ဌ တာဝန်ယူနေသူလည်း ဖြစ်သည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ စုံညီ အစည်းအဝေးကို ဒီဇင်ဘာလ ၂၈ ရက်မှ ၃၀ ရက်နေ့ထိ သုံးရက်ကြာ လိုင်ဇာမြို့တွင် ကျင်းပခဲ့ပြီး KIO ဥက္ကဌ နှင့် KIC ခေါင်းဆောင်သစ်တို့ကို ရွေးချယ်ဆုံးဖြတ်ခဲ့သည်ဟု KIO က အစည်းအဝေးအပြီး ကချင်ဘာသာဖြင့် ကြေညာချက် ထုတ်ပြန်ထားသည်။
KIO ၏ ရှေ့ဆက် နိုင်ငံရေးလုပ်ငန်းစဉ်များကို ကချင်အမျိုးသားခေါင်းဆေင်များနှင့် ကချင်ပြည်သူလူထုများအားလုံး၏ အကြံသဘောထားများ ရယူ၍ လုပ်ဆောင်သွား မည် ဖြစ်ကြောင်း ကြေငြာချက်တွင် ဖော်ပြထားသည်။
========================
251 / End
၃၀ ဒီဇင်ဘာ ၂၀၁၇ - ၁၇:၄၉
News ID: 874983
ချင်းမိုင်(မဇ္စျိျမ) ၊ ဒီဇင်ဘာလ ၃၀ ။ ။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ အဖြစ် ဗိုလ်ချုပ်ကြီး အင်ဘန်လကို တာဝန်ပေးအပ်လိုက်ပြီး ဒုတိယ ဥက္ကဋ္ဌ အဖြစ် စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်ထန် ဂမ်ရှောင်နှင့် ခေါင်းဆောင်တချို့ တာဝန် ပြောင်းလဲ လွှဲအပ်လိုက်သည်ဟု သိရသည်။