အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မွန်ပြည်သစ်ပါတီနဲ့ ကရင်အမျိုးသားအစည်းအရုံးတို့အကြား ပဋိပက္ခလျော့ချရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
မွန်ပြည်သစ်ပါတီ (NMSP) ရဲ့ ထားဝယ်ခရိုင်ဥက္ကဋ္ဌ နိုင်ဉာဏ်ထွန်း ဦးစီးတဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ မှ ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ဗဒိုစောရွှေမောင်းဦးစီးတဲ့ ကိုယ်စားလှယ်အဖွဲ့တို့ မတ် ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ဘုရားသုံးဆူမြို့ ရှိ မွန်ပြည်သစ်ပါတီရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။
နှစ်ဖက်တပ်တွေ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ရေးမြို့နယ်၊ ခေါဇာမြို့၊ မာန်အောင်ကျေးရွာ၊ ရေးချောင်းဖျားပိုင်းတွေနဲ့ မတ် ၃ ရက်နေ့က တနင်္သာရီတိုင်းဒသကြီး ရေဖြူမြို့နယ်ထဲက အလယ်စခန်းကျေးရွာအနီးမှာ ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့တာပါ။
မွန်ပြည်သစ်ပါတီဗဟိုအလုပ်အမှုဆောင် နိုင်ဝင်းလှက “တွေ့ဆုံဆွေးနွေးခဲ့တာက ကျနော်တို့အဖွဲ့ ၂ ဖွဲ့နဲ့အတူ ပဋိပက္ခဖြစ်ခဲ့တဲ့ ဒေသခံတွေပါဝင်ပြီး သူတို့တွေရဲ့စိုးရိမ်မှုတွေ ပပျောက်အောင်ရယ်၊ နယ်မြေအေးချမ်းမှုကို ဦးတည်တဲ့ ရှင်းလင်းပွဲတွေကို မကြာခဏ ပြုလုပ်သွားဖို့ အတွက်ပါ။ အဲ့ဒီလို အမြဲတမ်းလုပ်သွားမယ်ဆိုရင်တော့ နှစ်ဖက်တင်းမာမှုတွေ လျော့ပြီး ကြီးတဲ့ကိစ္စတွေ ငယ်သွားမှာဖြစ်ပြီး နယ်မြေအေးချမ်းမှုကို ဖော်ဆောင်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
KUN တပ်မဟာ ၆ ဒူးပလာခိုင်ဥက္ကဋ္ဌ ဗဒိုစောရွှေမောင်းက “အဓိကကတော့ ကိုယ့်ရဲ့ချထားတဲ့ ကိုယ့်မူ ကိုယ့်ပေါ်လစီပေါ်မှာ ဆက်လက်ဆောင်ရွက်သွားကြဖို့ပါပဲ။ KNU က ချထားတဲ့ ပေါ်လစီ လမ်းညွှန်မှုတွေနဲ့ ကျနော်တို့ ရှေ့ဆက်သွားရမှာပေါ့။ ၁၉၄၉ ခုနှစ်ကတည်းက မွန်ပြည်သစ်ပါတီနဲ့ တော်လှန်ရေးကို အတူတူစခဲ့တာဆိုတော့ အရင်ကတည်းက တွေ့ဆုံခဲ့တာတွေလည်း ရှိခဲ့ဖူးပါတယ်။ ခုဖြစ်တာက အောက်ခြေကအဆင်မပြေမှုလေးတွေပါ။ ကြီးကြီးမားမားဖြစ်တာတော့ မဟုတ်ပါဘူး။ အောက်ခြေအဆင့်ကိုလည်း ကိုယ့်မူ၊ ကိုယ့်ပေါ်လစီအတိုင်း ဆောင်ရွက်ဖို့ တည့်မတ်ပေးလိုက်ရင်တော့ အဆင်ပြေသွားမှာပါ။ နှစ်ဖက်စလုံးကလည်း အန်စီအေ မှာ လက်မှတ်ထိုးထားပြီးပြီဆိုတော့ အဲ့ဒီမှာပါတဲ့ အချက်အလက်တွေနဲ့အညီ ဆောင်ရွက်သွားမယ်ဆိုရင်တော့ အဆင်ပြေသွားမှာပါ” လို့ ပြောပါတယ်။
အဆိုပါဆွေးနွေးပွဲမှာ လက်တလော နှစ်ဖက်မပြေလည်တဲ့အပိုင်းအချို့ ရှိခဲ့တာတွေကို ပြေလျော့အောင်နဲ့ နောက်မဖြစ်အောင်လို့ လုပ်ဆောင်သင့်တဲ့ အရာတွေအတွက် သဘောထားချမှတ်နိုင်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီရုံးက သိရပါတယ်။
အဆိုပါ နှစ်ဖက်ညှိနှိုင်းတွေ့ဆုံရာမှာ မွန်ပြည်သစ်ပါတီက သိမ်းဆည်းရမိထားတဲ့ AK-47 သေနတ်တစ်လက်၊ M-79 သေနတ်တလက်နဲ့ သစ်ထမ်းသမားတစ်ဦးကို KNU တပ်မဟာ ၆ မှ တပ်ရင်းမှူးထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက်ကလည်း ရေးမြို့၊ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှာ စစ်ဆင်ရေးကွပ်ကဲရေးမှူး၊ မွန်ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတို့ အပါအ၀င် နှစ်ဖက်တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပေမယ့် မတ်လ ၄ ရက်က ထပ်မံထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါသေးတယ်။
========================
251 / End
၁၅ မတ် ၂၀၁၈ - ၁၇:၀၇
News ID: 885843
မွန်ပြည်သစ်ပါတီနဲ့ ကရင်အမျိုးသားအစည်းအရုံးတို့အကြား ပဋိပက္ခလျော့ချရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။