အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန် ဇူလိုင် ၅ ။ ။ ၇၁ ကြိမ်မြောက်၊ အာဇာနည်နေ့အခမ်းအနား ကျင်းပနိုင်ရေး အစည်းအဝေးကို ရန်ကုန်မြို့အာဇာနည် ဗိမာန်ကွပ်ကဲရေးရုံးတွင် ဇူလိုင်လ ၅ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ပြီး နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေတက်ရောက် ဆွေးနွေးခဲ့သည်။
အခမ်းအနားတွင် ၇၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ နာယက အဖြစ် တာဝန်ယူထားသူ နိုင်ငံတော်ဒုတိယသမ္မတ ဦးမြင့်ဆွေက အဖွင့်အမှာစကားပြောကြားခဲ့ ပြီး အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် ၇၁ မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေးဗဟိုကော်မတီဝင်များနှင့် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အခမ်းအနား ကျင်းပရေးဆပ်ကော်မတီများက အသေး စိတ်ရှင်းလင်း တင်ပြခဲ့ကြသည်။ ယင်းနောက် အာဇာနည်နေ့အခမ်းအနားတွင် အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် အတွင်းဝန်ရုံးသို့လာရောက် လေ့လာကြမည့် အများပြည်သူတို့ အဆင်ပြေချောမွေ့စွာ ကြည့်ရှုလေ့လာနိုင်ရေး၊ လုံခြုံရေးစီမံဆောင်ရွက်ချက်များ၊ အာဇာနည်ဗိမာန် ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၏ ကြံ့ခိုင်မှုအခြေအနေ များနှင့် အတွင်းဝန်ရုံး ပြင်ဆင်ထားမှုအခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း နှင့် ဝန်ကြီးများ၊ပြည်ထဲရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ အာဇာနည်ဗိမာန်၊ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် အတွင်းဝန်ရုံးတို့၏ ပြင်ဆင်ဆောင်ရွက် ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
၂၀၁၈ ခုနှစ် ၇၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအတွက် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)ကို ဇူလိုင် ၁၉ ရက်မှ ၂၁ရက်အထိ နေ့စဉ် နံနက် (၆) နာရီမှ ညနေ (၆)နာရီအထိ ဖွင့်လှစ်ပြသသွားရန် စီစဉ်လျက်ရှိကြောင်းလည်း သိရ သည်။
=======================
251 / End
၅ ဇူလိုင် ၂၀၁၈ - ၁၅:၄၄
News ID: 900589
ရန်ကုန် ဇူလိုင် ၅ ။ ။ ၇၁ ကြိမ်မြောက်၊ အာဇာနည်နေ့အခမ်းအနား ကျင်းပနိုင်ရေး အစည်းအဝေးကို ရန်ကုန်မြို့အာဇာနည် ဗိမာန်ကွပ်ကဲရေးရုံးတွင် ဇူလိုင်လ ၅ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ပြီး နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေတက်ရောက် ဆွေးနွေးခဲ့သည်။