အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန်၊ စက်တင်ဘာ ၁၅ ။ ။ မြေပြင်တွင် ပဋိပက္ခလျော့ချနိုင်ရေးအတွက် တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည် တပ်မတော် (RCSS/ SSA) တို့၏ မြေပြင်တပ်မှူးအချင်းချင်း မကြာမှီတွေ့ဆုံသွားရန်ရှိကြောင်း JMC-U အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးရ်ကပြောသည်။
ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင်ပြုလုပ်ခဲ့ သည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ ၁၈ ကြိမ်မြောက်ပုံမှန်အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများကို ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ အခြားနေရာမှာ ပစ်ခတ် တိုက်ခိုက်မှုတွေ မရှိသလောက်ဆိုတော့ ရှမ်းပြည်နယ်မှာလည်း RCSS နဲ့ အစိုးရ တပ်မတော်ကြား မြေပြင်တပ်မှူးတွေ တွေ့ဆုံနိုင်ဖို့ လုပ်ထားတယ်။ ကျွန်တော့်အမြင်ကတော့ နှစ်ဖက်ဆုံတွေ့ နိုင်ရင် ပြေလည်မယ်လို့ ယူဆပါတယ်။ မကြာခင်မှာ တွေ့ဆုံဖို့ ယူဆပါတယ်'' ဟု ဒေါက်တာရွှေခါးရ် ကပြော သည်။
သို့သော် မည်သည့်အချိန်တွင် တပ်မှူးအချင်းချင်းတွေ့ဆုံနိုင်မည်ကိုမှု ဆွေးနွေးနေဆဲဖြစ်ကြောင်းသိရသည်။ ထို့အပြင်ကြားကာလအတွင်း RCSS/ SSA (ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်) အနေဖြင့် တပ်သားသစ် စုဆောင်းမှုကို JMC-S ရှမ်းက ကန့်ကွက်ခဲ့သည်များရှိကြောင်းလည်း JMC-U မှသိရသည်။
NRPC အနေဖြင့်လည်း အဆိုပါစုဆောင်းခံရမှုကိစ္စရပ်တွင် NLD လူငယ်များပါဝင်၍ JMC-U တွင် ဖြေရှင်း သွားရန် အကြောင်းကြားစာများပေးပို့ခဲ့ကြောင်း နှင့်လူသစ်စုဆောင်း၍ ခေါ်ဆောင်သွားခဲ့သူများကို အမြန်ဆုံး ပြန်လွှတ်ပေးနိုင်ရန် ဆွေးနွေးခဲ့ကြကြောင်း၊ အဆိုပါကိစ္စရပ်ကို JMC အနေဖြင့် စိစစ်၍ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မီဒီယာရှင်းလင်းပွဲမှ သိရသည်။
လတ်တလောတွင် တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် JMC-U မှနေ၍ RCSS/ SSA ခေါင်းဆောင်များထံ တွေ့ဆုံနိုင်ရန်အတွက် စာရေးသားပေး ပို့ထားကြောင်း JMC-U အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးရ်က ပြောသည်။
JMC-U ၏ (၁၈) ကြိမ်မြောက် အစည်းအဝေးကို JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဥက္ကဋ္ဌ (၁) စောအိုင်းဇက်ဖိုး(KNU) နှင့် ဒုတိယ ဥက္ကဋ္ဌ(၂) စိုင်းမျိုးသန့်တို့ အပါအဝင် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အရပ်သားကိုယ်စားလှယ်များ၊ အထောက်အကူပြုအဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့သည်။
=======================
251 / End
၁၅ စက်တင်ဘာ ၂၀၁၈ - ၁၇:၃၆
News ID: 909362
ရန်ကုန်၊ စက်တင်ဘာ ၁၅ ။ ။ မြေပြင်တွင် ပဋိပက္ခလျော့ချနိုင်ရေးအတွက် တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည် တပ်မတော် (RCSS/ SSA) တို့၏ မြေပြင်တပ်မှူးအချင်းချင်း မကြာမှီတွေ့ဆုံသွားရန်ရှိကြောင်း JMC-U အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးရ်ကပြောသည်။