၂၂ စက်တင်ဘာ ၂၀၁၈ - ၁၃:၁၁
ကျပ်သန်းပေါင်း ၄၆ဝဝ ကျော်ဖြင့် ဆောက်လုပ်ခဲ့သော ရန်ကင်းကလေးဆေးရုံ ၆ ထပ် တိုးချဲ့ဆောင်သစ်ဖွင့်လှစ်

ရန်ကုန်၊ စက်တင်ဘာလ ၂၂ ။ ။ ကျပ်သန်းပေါင်း ၄၆ဝ၃ သန်းဖြင့် ဆောက်လုပ်ခဲ့သော ရန်ကင်းကလေးဆေးရုံကြီး(ရန်ကုန်)၏ ၆ ထပ်တိုးချဲ့ဆောင်သစ်အား စက်တင်ဘာလ ၂၂ ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ဖွင့်လှစ်ပေးခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရန်ကုန်၊ စက်တင်ဘာလ ၂၂ ။               ။ ကျပ်သန်းပေါင်း ၄၆ဝ၃ သန်းဖြင့် ဆောက်လုပ်ခဲ့သော ရန်ကင်းကလေးဆေးရုံကြီး(ရန်ကုန်)၏ ၆ ထပ်တိုးချဲ့ဆောင်သစ်အား စက်တင်ဘာလ ၂၂ ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ဖွင့်လှစ်ပေးခဲ့သည်။

“ ကျွန်တော်တို့ နိုင်ငံဟာ ချမ်းသာတဲ့ နိုင်ငံမဟုတ်သော်လည်း ပြည်သူ့ကျန်းမာရေးကို အစိုးရအနေနဲ့ အရင်းအနှီးတစ်ခုပြုလိုက်တာပဲ။ အရင်းအနှီး အများကြီးပြုထားပါတယ်။ လာမယ့်နှစ်မှာလည်း အရင်းအနှီးပြုမှာ အများကြီးရှိသလို အလွန်အရေးကြီးတဲ့၊ ဆက်ပြီးတော့ အလွန်အကျိုးရှိမယ့် Positive implication  တွေ၊ Benefit (အကျိုးအမြတ်)တွေအများကြီးရမယ့် အရင်းအနှီးတွေ ဒီအရင်းအနှီးတွေက နောက်ထပ် နှစ် ၅ဝ၊ ၁ဝဝ အဲ့ဒီလောက် ကြာရှည်မယ့်အရင်းအနှီးဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

အဆိုပါ ၆ ထပ်တိုးချဲ့ဆောင်သစ်အား ဆောက်လုပ်နိုင်ရန်အတွက် ၂ဝ၁၆- ၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်အစိုးရမှ ခွင့်ပြုရန်ပုံငွေ  ကျပ်သန်းပေါင်း ၂၄ဝဝ စတင်ချထားပေးခဲ့သည်။
၂ဝ၁၇- ၂ဝ၁၈ ခုနှစ်တွင် ထပ်တိုးလုပ်ငန်းများကြောင့် ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း ၂၂ဝ၃ သန်းအား ထပ်မံချထားပေးခဲ့ပြီး  စုစုပေါင်း ကျပ်သန်းပေါင်း ၄၆ဝ၃ သန်းဖြင့် မက်စ်မြန်မာ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူကာ ၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်တည်ဆောက်ခဲ့ခြင်းလည်းဖြစ်သည်။

စက်တင်ဘာလ ၂၂ ရက်နေ့တွင် စတင်ဖွင့်လှစ်နိုင်ခဲ့သော ၆ ထပ်တိုးချဲ့ဆောင်သစ်မှာ အလျား ၁၇ဝ ပေနှင့်အနံ ၆၇ ပေရှိကာ ၆ ထပ် သံကွန်ကရစ်အဆောက်အဦးဖြစ်ပြီး စုစုပေါင်း ကုတင် ၁ဝဝ ဆံ့ဖြင့် ကုသပေးသွားနိုင်မည်ဖြစ်ကြောင်းသိရသည်။

“ ဒီအဆောက်အဦသစ်ရဲ့ မြေညီထပ်က ခွဲစိတ်ခန်း ၂ ခုလုံးမှာ နှလုံးခွဲစိတ်ကုသပေးမှုတွေကို နိုင်ငံတကာ အဆင့်မီ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အရင် အဆောက်အဦမှာတုန်းက ခွဲစိတ်တဲ့သူဆိုရင် တစ်နေ့မှာ လူနာ ၂ ဦးပဲ ခွဲစိတ်နိုင်ပါတယ်။ ဒီအဆောက်အဦသစ်ကြီးမှာဆိုရင် ကျွန်မတို့ မော်ကျူလာ အပါအဝင်ဆိုရင် တစ်နေ့ကို ၄ ဦးခန့် ခွဲစိတ်နိုင်တော့မှာ ဖြစ်ပါတယ်။ အခု ဒီစက်တင်ဘာလ ၁၂ ကနေစပြီးတော့မှ ဒီအဆောက် အဦသစ်ကြီးမှာ ကျွန်မတို့ UK Team ရယ်၊ Japan Team ရယ်ခွဲစိတ်တာဆိုရင် ဒီလထဲမှာပဲ ၁၆ ဦးခန့် ခွဲစိတ်ကုသပြီး ဖြစ်ပါတယ်”ဟု ရန်ကင်းကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်ခိုင်ကပြောသည်။

စက်တင်ဘာလ ၂၂ ရက်နေ့တွင် နိုင်ငံတကာအဆင့်မီ ဆောက်လုပ်ထားသည့် ၆ ထပ်တိုးချဲ့ ဆောင်သစ်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊   ပြည်ထောင်စုငြိမ်း ချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမေက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်၊ ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဋ္ဌဦးဇော်ဇော်၊ ရန်ကင်းကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်ခိုင်တို့က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ကြသည်။

ကုတင် ၅၅ဝ ဆံ့ ရန်ကင်းကလေးဆေးရုံကြီးကို ၂ဝ၁၁ခုနှစ်၊ မတ်လ (၁၃) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး နှလုံးခွဲစိတ်ကုသခြင်းအား ၂ဝ၁၂ ခုနှစ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ပံ့ပိုးပေးမှု၊ စက်ပစ္စည်းကိရိယာများ ပံ့ပိုးပေးမှုနှင့် သင်တန်းများပံ့ပိုးပေးမှုဖြင့် စတင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

နှလုံးခွဲစိတ်ကုသမှု စတင်ခဲ့သည့် ၂ဝ၁၂ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်ထိ ၆ နှစ်တာကာလအတွင်း နှလုံးခွဲစိတ်ကုသပေး နိုင်ခဲ့သည့် လူနာပေါင်း ၂၂ဝဝ ခန့်ရှိပြီဖြစ်ကြောင်း ရန်ကင်းကလေးဆေးရုံကြီး(ရန်ကုန်)မှ သိရသည်။

=======================
251 / End