အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံထားတဲ့ အီတာလျံထိုင်း ကုမ္ပဏီနေရာမှာ ၀င်ရောက်လုပ်ကိုင်ဖို့ တရုတ်ကုမ္ပဏီတွေ စိတ်ဝင်စားနေတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်ထူးက ပြောပါတယ်။
“အဲဒါ စိတ်ဝင်စားတဲ့ ကုမ္ပဏီတော့ ရှိပါတယ်။ စိတ်ဝင်စားတဲ့ ကုမ္ပဏီဆိုတာ အမှန်အတိုင်း ပြောရရင်တော့ ၀င်ချင်တာတော့ တရုတ်ကုမ္ပဏီတွေပဲ။ ဒါပေမယ့် ကျနော်တို့ကလည်း နည်းနည်း ချိန်ချိန်ဆဆလေးနဲ့ သိပ်ပြီး တရုတ်ချည်း အများကြီးပေးမယ်ဆိုလည်း မဖြစ်ဘူးပေါ့။ ဒါပေမယ့် တရုတ်ကတော့ မြန်တယ်။ မြန်တာတော့ သေချာတယ်” လို့ ဆိုပါတယ်။
အီတာလျံထိုင်းကုမ္ပဏီနေရာမှာ နောက်ထပ်ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတွေကို အစားထိုးရမှာဖြစ်ပြီး နောက်ကုမ္ပဏီတခုက လုပ်ကိုင်ချင်တယ်ဆိုရင် အီတာလျံထိုင်း ရင်းမြှုပ်နှံထားတဲ့ အမေရိကန်ဒေါ်လာသန်း ၁၃၀ ပေးလျော်ရမယ်လို့ ပြောပါတယ်။ စာချုပ်တွေပြန်ဖျက်တာမှာ ဥပဒေကြောင်းအရ အခက်အခဲတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။
“ဒါပေမယ့် သူကလည်း စိုက်ထားရတယ်။ သူက ဒေါ်လာ သန်း ၁၃၀ လောက် စိုက်ထားပြီးဖြစ်နေတော့ နောက်ကုမ္ပဏီက ၀င်လုပ်ချင်တယ်ဆိုရင် သူက အဲဒေါ်လာသန်း ၁၃၀ ကို လျော်ပေးရမယ်။ ဒါပေမယ့် အရင်တုန်းက စာချုပ်တွေ ချုပ်ထားတဲ့အခါမှာ ဒီစာချုပ်တွေကို ပြန်ဖျက်တဲ့အခါမှာ ဥပဒေကြောင်းအရ တော်တော်ခက်ခဲမှုတွေ ရှိတယ်။ အဲလို အခက်အခဲမျိုးတွေရှိတော့ ဒါကိုလည်း ချိန်ဆပြီး စဉ်းစားရတာပေါ့။ တကယ်လို့ သဘောတူတာက ဘာဖြစ်ရမလဲဆို အီတာလျံထိုင်းက သူ့ရဲ့ကိုယ်ပိုင်ဆန္ဒအရ ထွက်သွားရမယ်၊ နောက်ကုမ္ပဏီတခုက ၀င်လုပ်ရမယ်။ တကယ်လို့ အီတာလျံထိုင်းက မဖယ်ပေးချင်ဘူးလို့ ပြောတယ်ဆိုရင် ကျနော်တို့က ဘာမှ ဆက်လုပ်လို့ မရဘူး၊ ဥပဒေကြောင်းအရ။ အခုကတော့ စေ့စပ်ညှိနှိုင်းမှုကတော့ လုပ်နေတုန်းပါပဲ” လို့ ဒုတိယ ၀န်ကြီးကဆိုပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းလုပ်ကိုင်ဖို့ ၂၀၀၈ မှာ မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရ ချင်း လက်မှတ်ရေးထိုးခဲ့ပြီး ထိုင်းနိုင်ငံဘက်မှ အီတာလျံထိုင်းကုမ္ပဏီနဲ့ ပြည်တွင်းမှ မက်စ် (မြန်မာ) ကုမ္ပဏီတို့ စတင်လုပ်ကိုင်ခဲ့ကြပေမယ့် ဘဏ္ဍာရေးအခက်အခဲကြောင့် ၂၀၁၃ မှာ စီမံကိန်းရပ်ဆိုင်းခဲ့ပါတယ်။
အီတာလျံထိုင်းကုမ္ပဏီအနေနဲ့ ထားဝယ်အထူးစီးပွားရေးဇုန်မှာ ကျောက်တူးတာ၊ လမ်းဖောက်တာတွေနဲ့ လယ်သမားတွေအတွက် အစားပေးတဲ့ အိမ်ရာတွေ ဆောက်လုပ်ပေးတာ စတဲ့ လုပ်ငန်းတွေ ဆောင်ရွက်ထားပြီး ဆက်မလုပ်နိုင်တော့တာလို့ သိရပါတယ်။
ဒီနောက် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းလုပ်ဖို့ ၂၀၁၅ ခုနှစ် ဇူလိုင် ၃ ရက်နေ့က ကျင်းပခဲ့တဲ့ မဲခေါင်ဒေသ ၅ နိုင်ငံ စီးပွားရေးဖိုရမ်အပြီးမှာ မြန်မာ၊ ထိုင်း၊ ဂျပန် ၃ နိုင်ငံ ပူးပေါင်းအကောင်အထည်ဖော်ဖို့ သဘောတူညီခဲ့ကြတာပါ။ အဲဒီစီမံကိန်းမှာ ထားဝယ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ အခြေခံအဆောက်အဦ တည်ဆောက်ရေး ကဏ္ဍအတွက် သုံးစွဲဖို့ ဂျပန်က အမေရိကန်ဒေါ်လာ ၈၁၂ သန်းကျော်ကို သုံးနှစ်အတွင်း ချေးငွေပေးနိုင်ဖို့လည်း သဘောတူညီခဲ့ပါတယ်။
အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ လောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မယ့် ထားဝယ်အထူးစီးပွားရေးဇုန်ဟာ စတုရန်းမိုင် ၁၀၀ လောက် ကျယ်ဝန်းပြီး သီလဝါအထူးစီးပွားရေးဇုန်ထက် ၁ဝ ဆလောက်ကြီးမားကာ စီမံကိန်း အကောင်အထည်ပေါ်ပေါက် လာပါက အရှေ့တောင်အာရှမှာ အကြီးဆုံးစက်မှုဇုန်တခု ဖြစ်လာမယ်လို့ သိရပါတယ်။
=======================
251 / End
၁၀ နိုဝင်ဘာ ၂၀၁၈ - ၁၉:၃၅
News ID: 916080
ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံထားတဲ့ အီတာလျံထိုင်း ကုမ္ပဏီနေရာမှာ ၀င်ရောက်လုပ်ကိုင်ဖို့ တရုတ်ကုမ္ပဏီတွေ စိတ်ဝင်စားနေတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်ထူးက ပြောပါတယ်။