၂၈ ဇူလိုင် ၂၀၁၉ - ၁၄:၄၀
အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးရရန် များစွာရုန်းကန်နေရဟု ဒေါ်အောင်ဆန်းစုကြည်ပြော

အစိုးရ တာဝန်ယူချိန် ကတည်းကနိုင်ငံအတွက်အဓိက လိုအပ်ချက်ဖြစ်သည့်အမျိုးသားပြန်လည်ရင်ကြားစေ့ ရေးနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်ခဲ့သော်လည်း ပြန် လည်သုံးသပ်ပါက များစွာရုန်းကန်နေရကြောင်း နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် က ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အစိုးရ တာဝန်ယူချိန် ကတည်းက နိုင်ငံအတွက် အဓိကလိုအပ်ချက်ဖြစ်သည့်   အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနှင့်  ငြိမ်းချမ်းရေး ဆောင်ရွက်ခဲ့သော်လည်း  ပြန်လည်သုံးသပ်ပါက များစွာရုန်းကန်နေရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ပြောကြားသည်။

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန (၃)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ဇူလိုင် ၂၆ရက် ညနေက နေပြည်တော်၌ကျင်းပစဉ် ဒေါ်အောင်ဆန်းစု ကြည်က အထက်ပါအတိုင်း ပြော ကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနသည်  ငြိမ်းချမ်းရေးနှင့်  အမျိုးသားရင် ကြားစေ့ရေး  နှစ်ခုစလုံးကို ကိုင်တွယ်ရပြီး ဝန်ကြီးဌာန၏  အရေးကြီးဆုံးလုပ်ငန်းဖြစ်ကြောင်း ၎င်း က ပြောသည်။

‘‘နှစ်ခုစလုံးကို ကိုင်တွယ်ရ တဲ့အပြင် ငြိမ်းချမ်းရေးနဲ့ အမျိုး သား ရင်ကြားစေ့ရေးဆိုတာ ကျွန်မတို့ စပြီးလုပ်တဲ့အခါမှာ အဓိကအားဖြင့် ပြည်တွင်းရေးပဲဖြစ်ပါတယ်။ ကျွန်မတို့ အချင်း ချင်းအကြားမှာ ရင်ကြားစေ့ဖို့အ တွက်၊ ငြိမ်းချမ်းရေးရနိုင်ဖို့အ တွက် ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး  ဌာနက မထင်မှတ်ဘဲ အများကြီးပိုပြီးတော့ ရုန်းကန်ရပါတယ်။ အများကြီး ပိုပြီး အားထုတ်ရပါ တယ်။ မထင်မှတ်တဲ့ဘက်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရ တဲ့ အခြေအနေတစ်ခုကို ရောက်လာပါတယ်’’ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

ယင်းသို့ လုပ်ဆောင်ရာ တွင် ဝန်ကြီးဌာန ဝန်ထမ်းများ၏ ဝိုင်းဝန်းပံ့ပိုးမှုနှင့် အရည်အချင်း သည် များစွာအရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ ဝန်ကြီးဌာန ချောမွေ့စွာ လည်ပတ်နိုင်ရေး ပူးပေါင်း ဆောင်ရွက်သည့် ဝန်ထမ်းများကို  ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ သည်။

အစိုးရ တာဝန်ယူပြီးနောက်၂၀၁၆ တွင် ရခိုင်ကိစ္စ မထင်မှတ် ဘဲ ပေါ်ပေါက်လာကြောင်း၊ ARSA နှင့် တိုက်ပွဲများ ဖြစ်ပွား၍ပြဿနာများ ပိုမိုကြီးကျယ်သွား ပြီး စိန်ခေါ်မှုများ ပိုမိုကြီးထွားလာ ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

လက်ရှိ အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာလုပ်ငန်းများကို ဒေါ်အောင်ဆန်းစု ကြည်  ဦးဆောင်လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပြီး ဦးသိန်းစိန် အစိုးရလက် ထက်က NCA လုပ်ငန်းစဉ်ကို ဆက်ခံကာ NCA လက်မှတ်ထိုး အဖွဲ့များ တိုးလာရေး၊ NCA အရဆောင်ရွက်သည့် နိုင်ငံရေးဆွေး နွေးပွဲများ ကျင်းပနိုင်ရေး ကြိုးပမ်း ခဲ့သည်။

အစိုးရ သက်တမ်းသုံးနှစ်အ တွင်း NCA လက်မှတ်ထိုးအဖွဲ့ နှစ်ဖွဲ့တိုးလာ၍ လက်မှတ်ထိုး ၁၀ ဖွဲ့ရှိလာသည်။ လက်ရှိအစိုးရလက်ထက်တွင် ၂၁ ရာစု ပင်လုံအစည်းအဝေး သုံးကြိမ်ကျင်းပခဲ့ ပြီး သမိုင်းတွင် တစ်ကြိမ်မျှ မရှိခဲ့ သည့် အစိုးရ၊ လွှတ်တော်၊ တပ် မတော်၊ နိုင်ငံရေးပါတီနှင့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များအကြား  ဆွေး နွေးသဘောတူညီထားသည့်  ဖက်ဒရယ်ဆိုင်ရာအခြေခံမူ ၅၁ ချက် ရရှိထားသည်။

သို့ရာတွင်  တပ်မတော်က အဆိုပြုသည့် ပြည်ထောင်စုမှ ခွဲမထွက်ရကိစ္စနှင့် တစ်ခုတည်း သော တပ်မတော်ကိစ္စတို့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အဆင်မပြေမှုများ ဖြစ်ပေါ်ကာ  လွန်ခဲ့သည့် တစ်နှစ်ခန့်ကတည်း က NCA ဆိုင်ရာ တရားဝင်အစည်းအဝေးများ ရပ်တန့်နေ၍ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာ ခံ-၂၁ ရာစု ပင်လုံအပါအဝင် နိုင်ငံရေးဆွေးနွေးပွဲများ မကျင်းပ နိုင်ဘဲ ဖြစ်နေသည်။

 ‘‘ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ဆိုတာက တကယ်ဆိုရင် စစ်မြေပြင်မှာ စစ်တိုက်နေ တာထက်ကို ပိုပြီးတော့ ခက်ခဲတဲ့လုပ်ငန်းစဉ်မျိုးဖြစ်နေတာ တွေ့ရတယ်’’ဟု NCA လက်မှတ်ထိုး အဖွဲ့(PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက မှတ်ချက် ပြုသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွင် ရုန်းကန်နေရခြင်းသည်  စိတ် သဘောထားကောင်းများဖြင့် ပူး ပေါင်းဆောင်ရွက်မှု လိုအပ်နေ၍ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ် ကို ဖျက်လိုသူများ ပေါ်ပေါက်လာပါက ပိုမိုဝီရိယစိုက်ထုတ်ရ ကြောင်း ၎င်းက ဆိုသည်။

‘‘အမျိုးသားပြန်လည်သင့် မြတ်ရေးဆိုတာတော့ ပြည်ထောင်စုတစ်ခုလုံးကို လွှမ်းခြုံတဲ့ဟာ ပေါ့။ အဲဒီမှာ လက်နက်ကိုင်ပဋိ ပက္ခမှာပါတဲ့ EAO (တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့) တွေရော၊နောက်ပြီးတော့ လူမှုအသိုင်းအ ဝိုင်းမှာ ဖြစ်နေတဲ့ လူမှုရေး ကွဲပြားခြားနားမှုတွေရော၊ နောက်ပြီးတော့ တိုင်းပြည်ရဲ့ သမိုင်းကြောင်းအရ အမျိုးသားနိုင်ငံရေးမှာ ဖြစ်ပေါ်နေတဲ့ အင်အားချိန်ခွန်လျှာ တွေပေါ့ဗျာ။ အဲဒါမျိုးတွေ ထိန်းညှိရတာက အမျိုးသားပြန်လည်သင့် မြတ်ရေးလုပ်ငန်းက ကြီးကျယ်ခမ်းနားပါတယ်။  အဲဒါတဖြည်း ဖြည်းဆောင်ရွက်ပြီး ရရင်ရသလောက် အဆင့်တိုးလုပ်သွား ရမယ့် လုပ်ငန်းမျိုးပါ’’ဟု ဗိုလ်မှူး ကြီး ခွန်ဥက္ကာက ပြောသည်။

လက်ရှိအစိုးရသည် ဒီမိုက ရေစီနည်းကျ ရွေးကောက်ပွဲဖြင့် တက်သည့် အစိုးရဖြစ်၍ နိုင်ငံ တကာစံချိန်နှင့် ကြည့်ပါက တရားဝင်မှု အပြည့်ဖြစ်နေကြောင်း၊ တပ်မတော်အနေဖြင့်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အမျိုးသားနိုင်ငံရေးတွင် ပါဝင်ခွင့်ရှိနေကြောင်း၊ ထို့ကြောင့်  ဒီမိုကရေစီနည်းကျ   ရွေးကောက်ခံရ သည့် အစိုးရနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အရ နိုင်ငံရေးလုပ်ပိုင်ခွင့်ရထား သည့် တပ်မတော်အကြား ပွတ်တိုက်မှုများ ရှိနေသည်ကို တွေ့ရ ကြောင်း ၎င်းက ပြောသည်။

‘‘အဲဒီပွတ်တိုက်မှုကို နည်းနိုင်သမျှနည်းအောင်၊ ပြည်ထောင်စုအကျိုး၊ တိုင်းသူပြည်သားတွေ ရဲ့အကျိုးအတွက် ညှိနှိုင်းတိုင်ပင်ရင်တော့ အကောင်းဆုံးဖြစ်တာ ပေါ့’’ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက  ပြောသည်။

ဒီမိုကရေစီနည်းကျ၊ ဖက်ဒရယ်နည်းကျသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခု ဖော်ဆောင် နိုင်မှသာလျှင် အမျိုးသားပြန် လည်သင့်မြတ်ရေးပန်းတိုင်ကို အကောင်အထည်ဖော်နိုင်မည်ဟု ၎င်းက မှတ်ချက်ပြုသည်။

=======================

251 / End