
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မွန်ပြည်နယ်၊ ရေးမြို့အပါအဝင် ရေးမြို့နယ်တောင်ပိုင်း ကျေးရွာများ၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေကြောင်း သိရသည်။
"လက်ရှိမှာ ရေးမြို့ ရွှေဆံတော်စေတီခြေရင်းမှာ ရေရှိနေတုန်းပဲ။ မနေ့ညကတော့ ကယ်ဆယ်ရေးစခန်းတွေ အရေးပေါ် ဖွင့်လိုက်ရတယ်။ ရေးမြို့အပါအဝင် ရေးတောင်ပိုင်းကအိမ်တွေ အကုန်နီးပါး မြုပ်နေတယ်။ လောလောဆယ် ရေဘေးသင့်သူတွေကို စာရင်းတိတိကျကျ ကောက်လို့မရသေးဘူး။ မနေ့ညကမှ ရေကတရိပ်ရိပ် တက်လာတာ။ ဒီလောက်အထိကြီးတဲ့ရေ တစ်ခါမှ မတွေ့ဖူးဘူး" ဟု ရေးမြို့နယ် မဲဆန္ဒနယ်အမှတ် (၈) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းက ပြောကြားသည်။
"လူတွေကလည်း တစ်နေရာနဲ့ တစ်နေရာ သွားလာဖို့ ခက်ခဲနေတယ်။ ကုန်းမြင့်တဲ့နေရာတွေမှာ လိုက်လျှောက်နေနေရတယ်။ အဲ့ဒါကို စာရင်းကောက်ဖို့က အခက်အခဲတွေ ရှိနေတယ်။ ရွာတွေနဲ့က လုံးဝအဆက်အသွယ် ပြတ်နေတယ်။ ဟံဂံကျေးရွာမှာဆိုရင် ရေလုံးဝမြုပ်နေတယ်" ဟု ဦးမျိုးဝင်းက ဆက်လက်ပြောကြားသည်။
လက်ရှိအခြေအနေတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၊ မွန်လွှတ်တော် ဒုက္ကဋ္ဌနှင့်အဖွဲ့ ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ လူမှုကူညီကယ်ဆယ်ရေး အဖွဲ့များ ရေးမြို့နယ်သို့ ကူညီကယ်ဆယ်ရေးများ ပြုလုပ်ရန် ထွက်ခွာနေကြပြီ ဖြစ်ကြောင်း လည်း သိရသည်။
ရေးမြို့၊ ရေဘေးကယ်ဆယ် ထောက်ပ့ံမှုများ ဆောင်ရွက်ရန် ရေးမြို့သို့ထွက်ခွာ လျက်ရှိပြီး ရဟတ်ယာဉ် ဆင်းသက်ရန် လက်ရှိရာသီဥတု အခြေအနေအရ အဆင်မပြေ၍ မော်တော်ယာဉ်များဖြင့် သွားရောက်လျက် ရှိကြောင်း သိရသည်။
နောက်ဆက်တွဲ သတင်းများအရ ယနေ့နံနက်ပိုင်း၌ ဒုတိယသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ၊ လူကယ်ပြန် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မွန်ပြည်နယ် ဝန်ကြီးချုပ်၊ အရှေ့တောင်ပိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ် လုံ/နယ် ဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်များနှင့် ညွန်ချုပ်များ ပူးပေါင်းအဖွဲ့က အရေးပေါ် ညှိနှိုင်းဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ပြီး ရေးမြို့သို့ မော်တော်ယာဉ်များဖြင့် ထွက်ခွာနေပြီဖြစ်ကြောင်း သိရသည်။
++++++++++++++
End / 251