၁၇ စက်တင်ဘာ ၂၀၁၉ - ၁၆:၄၀
၂၀၂၀ ရွေးကောက်ပွဲတွင် လူ့ဘောင်သစ်ပါတီက အနည်းဆုံး နေရာ ၅၀ ၌ ၀င်ပြိုင်မည်ဟုဆို

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS)အနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်အနည်းဆုံးမဲဆန္ဒ နယ်မြေ ၅၀ ၌ ၀င်ရောက်ယှဉ် ပြိုင်မည်ဖြစ်ကြောင်း ယင်း ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) အနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အနည်းဆုံးမဲဆန္ဒ နယ်မြေ ၅၀ ၌ ၀င်ရောက်ယှဉ် ပြိုင်မည်ဖြစ်ကြောင်း ယင်းပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောသည်။

စက်တင်ဘာ ၁၄ ရက်တွင် မန္တလေးမြို့၌ ပြုလုပ်သည့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၏ တိုင်းရုံးခွဲဖွင့်ပွဲ အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားသည်။ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ မဲဆန္ဒနယ်များ၌ ၀င်ပြိုင်မည်ဟု ဆိုသည်။

  ‘‘ပြည်သူလူထုအနေနဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံရေးယုံကြည်မှု၊ ကျွန်တော်တို့ရဲ့ နိုင်ငံရေးလုပ်ငန်း စဉ်တွေနဲ့ပတ်သက်လို့ တစ်စုံတစ်ရာ နားလည်လိမ့်မယ်၊ ထောက်ခံလိမ့်မယ်၊ အဲဒီအတွက်ကျွန်တော်တို့ကို မဲပေးလိမ့်မယ်၊ အဲဒီလိုတော့ ယုံကြည်ပါတယ်’’ဟု ဦးအောင်မိုးဇော်က ပြောသည်။

 ရွေးကောက်ပွဲဆိုသည်မှာ လက်ရှိတိုင်းပြည်၏ အခြေအနေ၊ ဒီမိုကရေစီ အခြေအနေများ  တိုးတက်ပြောင်းလဲနိုင်ရန် မဟာဗျူဟာလုပ်ငန်း တစ်ခုဖြစ်ကြောင်း ၎င်းကပြောသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ပါတီငယ်များ အခက်တွေ့နိုင်ပြီး ရွေးကောက်ပွဲကော်မရှင်၏ သမာသမတ်ကျမှု ကိုလည်း စောင့်ကြည့်ရန်လို ကြောင်း ဆိုသည်။

သို့သော် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီအနေဖြင့် ရွေးကောက်ပွဲ တစ်ခုတည်းကို အာရုံစိုက်နေမည် မဟုတ်ဘဲ အခြားနိုင်ငံရေးပါတီ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ တိုင်းပြည်အတွက် လုပ်သင့်၊ လုပ်ထိုက်သည့် အပြောင်းအလဲ ဖြစ်မည့်ကိစ္စများကို ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးအောင်မိုးဇော်က ပြောသည်။

ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မှုနှင့်ပတ်သက်၍ အောက်တိုဘာတွင် မဟာဗျူဟာ လုပ်ငန်းစဉ် တစ်ရပ်ရေးဆွဲမည်ဖြစ် ကြောင်း အဆိုပါ ပါတီတာဝန် ရှိသူများက ပြောကြားထားသည်။

လက်ရှိတွင် ၎င်းတို့အနေ ဖြင့် ပါတီစည်းရုံးရေး၊ တည်ဆောက်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေပြီး စည်းရုံးရေးမှူးသင်တန်းများ ပို့ချပေးနေကြောင်း တာဝန်ရှိသူများက ဆိုသည်။

လူ့ဘောင်သစ် ဒီမိုကရက် တစ်ပါတီသည် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ၀င်ပြိုင်သော်လည်း ရှုံးနိမ့်ခဲ့သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၂၁ နေရာ၌ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွေးချယ်ခံရသည့် မဲဆန္ဒနယ်မရှိခဲ့ပေ။

====================================

END / 251