
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တရားစွဲဆိုခံထားရတဲ့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဒုဥက္ကဋ္ဌဟောင်း လွှတ်တော် အစည်းအဝေးတက်ရောက်ခွင့်ရမယ်လို့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က အတည်ပြုပြောကြားပါတယ်။
အလွဲသုံးစားမှုနဲ့တရားစွဲဆိုခံထားရတဲ့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဒုဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်အနေနဲ့ အာမခံ ရရှိသွားပြီဖြစ်တဲ့အတွက် စက်တင်ဘာ ၁၉ ရက်နေ့မှာ စတင်ကျင်းပမယ့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ၁၉ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို တက်ခွင့်ရမှာဖြစ်ပါတယ်။
လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က “အစည်းအဝေးဖိတ်စာက ကျန်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေလို သူ့ကို ဖိတ်စာ အဆင်သင့် ရှိပြီးသားပါ။ တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ပေါ့။ ဖိတ်စာကိုတော့ ရုံးမှာသိမ်းထားတာပါ။ ဒါပေမယ့် ဟိုနေ့က တရားရုံးက အာမခံပေးလိုက်ပြီဆိုတော့ အဲ့နေ့ပဲ ဖိတ်စာသွားပေးဖို့ ရုံးကိုမှာလိုက်တယ်”လို့ ပြောပါတယ်။
ဦးစံမင်းအောင်အနေနဲ့ လွှတ်တော်အတွက် ကား ၅စီး ဝယ်ယူတဲ့ကိစ္စမှာ ငွေကျပ် ၁၉ သိန်းကျော်ကို ကိုယ်ကျိုးအတွက်အသုံးပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးတရားစွဲဆိုခံခဲ့ရတာပါ။
ဦးစံမင်းအောင်အနေနဲ့ တရားရင်ဆိုင်မှုမတိုင်ခင်ကထဲက ကျန်းမာရေးမကောင်းတာကြောင့် တရားရုံးမှာ အာမခံလျှောက်ထားခဲ့တာဖြစ်ပြီး ဆေးကုသခံယူနေရပါတယ်။
====================================
END / 251