၂၃ ဇွန် ၂၀၂၀ - ၁၈:၅၆
 ယခုနှစ်ဟဂ်ျကို လူအကန့်အသတ်ဖြင့် ခွင့်ပြုမည်ဟု ဆော်ဒီကြေငြာ

ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့နေမှုကြောင့် အခုနှစ် ဟဂ်ျဘုရားဖူးခရီးစဉ်ကို လူအကန့်အသတ်နဲ့သာ ခွင့်ပြုသွားမယ်လို့ ဆော်ဒီအာရေဗျက မနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။



အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့နေမှုကြောင့် အခုနှစ် ဟဂ်ျဘုရားဖူးခရီးစဉ်ကို လူအကန့်အသတ်နဲ့သာ ခွင့်ပြုသွားမယ်လို့ ဆော်ဒီအာရေဗျက မနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

ငွေကြေးတတ်နိုင်ပြီး ကျန်းမာရေးကောင်းမွန်တဲ့ အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုးသမီးတိုင်း တစ်သက်မှာတစ်ကြိမ် ဆော်ဒီအာရေဗျကို သွားရောက်ပြီး ဟဂ်ျဘုရားဖူးဖို့ဟာ မလုပ်မနေရ ဘာသာရေးတာဝန် ဖြစ်ပါတယ်။ အခုနှစ် ဟဂ်ျကာလကဇူလိုင်လမှာ ကျရောက်မှာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုကြောင့် ဆော်ဒီဟာ အွမ္မရာဘုရားဖူးခရီးစဉ် ခွင့်ပြုမှုကို မတ်လမှာ ရပ်ဆိုင်းခဲ့ပြီး ဟဂ်ျခရီးစဉ်အတွက် ပြင်ဆင်မှုကို ရပ်ဆိုင်းထားဖို့လည်း ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်တွေကို တိုက်တွန်းခဲ့ပါတယ်။

ဆော်ဒီ ဟဂ်ျနဲ့ အွမ္မရာဟ်ဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်မှာတော့ အခုနှစ် ဟဂ်ျဘုရားဖူးခရီးစဉ်ကို လူအကန့်အသတ်နဲ့ ခွင့်ပြုသွားမယ်လို့ ဖော်ပြထားပြီး ဆော်ဒီအာရေဗျမှာ နေထိုင်သူတွေသာ ဟဂ်ျပြုခွင့် ရမှာ ဖြစ်ပါတယ်။

“ဆော်ဒီအာရဗျမှာ နေထိုင်နေတဲ့ နိုင်ငံသားပေါင်းစုံကို အရေအတွက်အကန့်အသတ်နဲ့ ဟဂ်ျလုပ်ဖို့ ခွင့်ပြုမှာ ဖြစ်ပါတယ်။ ပြည်သူ့ကျန်းမာရေး အန္တရာယ်ကင်းစေဖို့အတွက် ဒီလိုစီစဉ်တာဖြစ်ပြီး ကြိုတင်ကာကွယ်ရေးနဲ့ ခပ်ခွာခွာနေထိုင်ရေး စည်းမျဉ်းစည်းကမ်းတွေအားလုံးကို လိုက်နာရမှာ ဖြစ်ပါတယ်”

ပြီးခဲ့တဲ့နှစ် ဟဂ်ျဘုရားဖူးကာလမှာ ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင် ၁.၈ သန်းလောက် ဆော်ဒီအာရေဗျကို လာရောက်ခဲ့ကြပါတယ်။

ဆော်ဒီ အစ္စလာမ့်သာသနာ့ပညာရှင်များကောင်စီကလည်း အစိုးရရဲ့ ဒီဆောင်ရွက်ချက်ကို ထောက်ခံတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။