အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
ပါလက်စတိုင်း ၂၀၀ ကျော်သေဆုံးခဲ့ရတဲ့ ပိတ်ဆို့ခံထားရတဲ့ ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးရဲ့တိုက်ခိုက်မှုတွေဟာ အချိုးအဆမျှတမှုမရှိကြောင်း တွေ့ရှိရတယ်ဆိုရင် စစ်ရာဇဝတ်မှုတွေကျူးလွန်ရာမြောက်နိုင်ကြောင်း ကုလလူ့အခွင့်အရေးအကြီးအကဲဖြစ်သူ မစ်ချယ်ဘက်ချလက်က ပြောကြားခဲ့ပါတယ်။
အိုင်အိုင်စီအဖွဲ့အစည်းကိုယ်စား ပါကစ္စတန်ရဲ့တောင်းဆိုမှုနဲ့ ကုလလူ့အခွင့်အရေးကောင်စီအထူးစည်းဝေးပွဲတစ်ခုဖွင့်ပြီးနောက် ကြာသာပတေးနေ့မှာ ဘက်ချလက်ရဲ့မှတ်ချက်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ အစ္စရေးတိုက်လေယာဉ်တွေ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ဂါဇာကအရပ်သားအဆောက်အဦးတွေဟာ စစ်ဘက်ရည်ရွယ်ချက်နဲ့အသုံးပြုခဲ့တယ်ဆိုတဲ့သက်သေ သူမ မတွေ့ရကြောင်းကုလတာဝန်ရှိသူကပြောကြားခဲ့ပြီး ဒီလိုတိုက်ခိုက်မှုတွေဟာ အချိုးအဆမျှတမှုမရှိတဲ့ အင်အားသုံးတိုက်ခိုက်မှုတွေ တွေ့ရှိရတယ်ဆိုရင် စစ်ရာဇဝတ်မှုမြောက်ကြောင်း ဘက်ချလက်က အဖွဲ့ဝင်၄၇နိုင်ငံပါဝင်တဲ့ ဂျနီဗာဖိုရမ်မှာ ပြောကြားခဲ့ပါတယ်။ အစ္စရေးနယ်မြေတွေထဲ ရောကတ်ဒုံးကျည်နဲ့ပစ်ခတ်မှုတွေကို ရှောင်ရှားဖို့ သူမက ဟားမက်စ်အဖွဲ့ကိုတိုက်တွန်းခဲ့ပါတယ်။
မေလ ၁၀ ရက်နေ့ကစတသ်တဲ့ ဂါဇာကမ်းမြှောင်ဒေသကိုအစ္စရေးရဲ့ထိုးစစ်ဆင်လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ကလေးငယ် ၆၆ဦးအပါအဝင် ပါလက်စတိုင်း ၂၅၃ဦးထက်မနည်းသေဆုံးခဲ့ရပြီး ၁၉၀၀ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနကဖော်ပြထားပါတယ်။ ဟားမက်စ်အဖွဲ့က ရောကတ်ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့်လည်း ကလေးငယ်၂ဦးနဲ့ နိုင်ငံခြားအလုပ်သမား၃ဦးအပါအဝင် အစ္စရေးဘက်က ၁၂ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။
“ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့စစ်ဘက်အဆောက်အဦးတွေကို ပစ်မှတ်ထားခဲ့တယ်လို့ ဆိုပေမယ့်လည်း အစ္စရေးရဲ့တိုက်ခိုက်မှုတွေဟာ အရပ်သားသေဆုံး ဒဏ်ရာရမှုတွေအမြောက်အများဖြစ်စေခဲ့သလို အရပ်သားအဆောက်အဦးတွေ ကြီးကြီးမားမားပျက်ဆီးထိခိုက်မှုတွေရှိခဲ့တယ်” လို့ ဘက်ချလက်က ပြောကြားခဲ့ပါတယ်။ လူ၂သန်းကျော်နေထိုင်တဲ့ ဒီကမ်းမြှောင်ဒေသက အစိုးရအဆောက်အဦးတွေ လူနေထိုင်ရာအဆောက်အဦးတွေ နိုင်ငံတကာလူသားချင်းစာနာထောက်ထားရေးအဖွဲ့အဆောက်အဦးတွေ ဆေးဘက်အဆောက်အဦးတွေနဲ့ မီဒီယာရုံးတွေ ထိခိုက်ပျက်ဆီးခဲ့တာကို သူမကထောက်ပြခဲ့ပါတယ်။
“ဒီအဆောက်အဦးအများအပြားမှာ လက်နက်ကိုင်အဖွဲ့တွေရှိနေပြီး စစ်ဘက်ရည်ရွယ်ချက်တွေနဲ့ အသုံးချနေတာဖြစ်ကြောင်း အစ္စရေးကအခိုင်အမာပြောဆှိုတွေရှိပေမယ့်လည်း ဒါနဲ့ပတ်သက်ပြီး ကျွန်မတို့သက်သေတွေမတွေ့ခဲ့ရပါဘူး” လို့ ဘက်ချလက်ကဆိုပါတယ်။ “အစ္စရေးအနေနဲ့သူတို့ရဲ့နိုင်ငံသားတွေနဲ့ သူတို့ဆီမှာနေထိုင်သူတွေကို ကာကွယ်ခွင့်အခွင့်အရေးရှိသလို ပါလက်စတိုင်းမှာလည်း ဒီလိုတူညီတဲ့အခွင့်အရေးရှိပါတယ်” လို့ သူမကဆက်လက်ပြောကြားခဲ့ပါတယ်။
Al Jazeera သတင်းဌာနပါ “Israel’s Gaza strikes may constitute war crimes: UN’s Bachelet” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
*****************************************************************
END / 251