အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာနိုင်ငံတွင် ဇွန် ၁၉ ရက်မှစ၍ ပိုးတွေ့လူနာ ၁၀ ရာခိုင်နှုန်းကျော်ဖြင့် မြင့်တက်လာခဲ့ရာ ဇူလိုင် ၁ ရက်နောက်ပိုင်းမှစ၍ ပိုးတွေ့လူနာ ၂၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
မေ ၂၇ ရက်မှ စတင်ကာ COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှု သိသိသာသာ ပြန်လည်မြင့်တက် လာခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ရောဂါပိုး စစ်ဆေးနိုင်မှု အခြေအနေအရ ရက်အလိုက် ပိုးတွေ့နှုန်းများမှာ မေ ၂၇ ရက်တွင် ၅ ဒသမ ၃၇ ရာခိုင်နှုန်း၊ မေ ၂၈ ရက်တွင် ၅ ဒသမ ၈၅ ရာခိုင်နှုန်း၊ မေ ၂၉ ရက်တွင် ၃ ဒသမ ၈၇ ရာခိုင်နှုန်း၊ မေ ၃၀ ရက်တွင် ၄ ဒသမ ၉ ရာခိုင်နှုန်း၊ မေ ၃၁ ရက်တွင် ၃ ဒသမ ၃ ရာခိုင်နှုန်း ရှိခဲ့သည်။
ထို့ပြင် ဇွန် ၁ ရက်တွင် ၆ ဒသမ ၀၅ ရာခိုင်နှုန်း၊ ဇွန် ၂ ရက် တွင် ၄ ဒသမ ၅ ရာခိုင်နှုန်း၊ ဇွန် ၃ ရက်တွင် ၈ ဒသမ ၄ ရာခိုင်နှုန်း၊ ဇွန် ၄ ရက်တွင် ၁၁ ဒသမ ၉ ရာခိုင်နှုန်း၊ ဇွန် ၅ ရက်တွင် ၆ ဒသမ ၅ ရာခိုင် နှုန်း၊ ဇွန် ၆ ရက်တွင် ၅ ဒသမ ၉ ရာ ခိုင်နှုန်း၊ ဇွန် ၇ ရက်တွင် ၆ ဒသမ ၃ ရာခိုင်နှုန်း၊ ဇွန် ၈ ရက်တွင် ၆ ဒသမ ၁ ရာခိုင်နှုန်း၊ ဇွန် ၉ ရက်တွင် ၇ ဒသမ ၈ ရာခိုင်နှုန်း၊ ဇွန် ၁၀ ရက် တွင် ၆ ဒသမ ၉ ရာခိုင်နှုန်း၊ ဇွန် ၁၁ ရက်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်း ၊ ဇွန် ၁၂ ရက်တွင် ၄ ဒသမ ၉ ရာခိုင် နှုန်း၊ ဇွန် ၁၃ ရက်တွင် ၁၂ ဒသမ ၉ ရာခိုင်နှုန်း၊ဇွန်၁၄ရက်တွင် ၇ ဒသမ ၉ ရာခိုင်နှုန်း၊ ဇွန် ၁၅ ရက် ၇ ရာ ခိုင်နှုန်း၊ ဇွန် ၁၆ ရက်တွင် ၁၀ ရာ ခိုင်နှုန်း၊ ဇွန် ၁၇ ရက်တွင် ၈ ဒသမ ၆၇ ရာခိုင်နှုန်း၊ ဇွန် ၁၈ ရက်တွင် ၆ ဒသမ ရရရာခိုင်နှုန်း၊ ဇွန် ၁၉ ရက် တွင် ၁၁ ဒသမ ၂၇ ရာခိုင်နှုန်း၊ ဇွန် ၂၀ ရက်တွင် ၁၁ ဒသမ ၈၇ ရာခိုင် နှုန်း၊ ဇွန် ၂၁ ရက်တွင် ၁၁ ဒသမ ၉၉ ရာခိုင်နှုန်း၊ ဇွန် ၂၂ ရက်တွင် ၁၂ ဒသမ ၃၈ ရာခိုင်နှုန်း၊ ဇွန် ၂၃ ရက် တွင် ၁၃ ဒသမ ၅ ရာခိုင်နှုန်း၊ ဇွန် ၂၄ ရက်တွင် ၁၃ ဒသမ ၇ ရာခိုင် နှုန်း၊ ဇွန် ၂၅ ရက်တွင် ၁၄ ဒသမ ၆၇ ရာခိုင်နှုန်း၊ ဇွန် ၂၆ ရက်၌ ၁၄ ဒသမ ၁ ရာခိုင်နှုန်း၊ ဇွန် ၂၇ ရက် တွင် ၁၇ ဒသမ ၃၇ ရာ ခိုင်နှုန်း၊ ဇွန် ၂၈ ရက်တွင် ၁၈ ဒသမ ၆ ရာခိုင် နှုန်း၊ ဇွန် ၂၉ရက်တွင် ၁၅ ဒသမ ၉ ရာခိုင်နှုန်း၊ ဇွန် ၃၀ ရက်တွင် ၁၉ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့သည်။
ထို့အတူ ဇူလိုင် ၁ ရက်တွင် ၂၁ ဒသမ ၈၉ ရာခိုင်နှုန်း၊ ဇူလိုင် ၂ ရက်တွင် ၂၀ ဒသမ ၄ ရာခိုင်နှုန်း၊ ဇူလိုင် ၃ ရက်တွင် ၂၀ ဒသမ ၇ ရာ ခိုင်နှုန်း၊ ဇူလိုင် ၄ ရက်တွင် ၂၂ ဒသမ ၃၄ ရာခိုင်နှုန်း၊ ဇူလိုင် ၅ ရက် တွင် ၂၆ ဒသမ ၉၃ ရာခိုင်နှုန်း၊ ဇူလိုင် ၆ ရက်တွင် ၂၈ ဒသမ ၀၇ ရာ ခိုင်နှုန်း ၊ ဇူလိုင် ၇ ရက်တွင် ၂၆ ဒသမ ၈၉ ရာခိုင်နှုန်း၊ ဇူလိုင် ၈ ရက်တွင် ၂၇ ဒသမ ၆၈ ရာခိုင်နှုန်း၊ ဇူလိုင် ၉ ရက်တွင် ၂၇ ဒသမ ၄၃ ရာခိုင်နှုန်းရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စာရင်းဇယား အချက်အလက်အရ သိရသည်။
“လက်ရှိအချိန်မှာ COVID-19 ပိုးတွေ့လူနာတွေများလာသလို စစ်ဆေးနိုင်မှုကလည်း များလာပြီ။ (ဒီနေရာမှာ ပိုးတွေ့နိုင်ခြေ အများဆုံးရှိနေတဲ့ သံသယလက္ခဏာရှိသူတွေကို စစ်တာမို့ ပိုးတွေ့နှုန်းက အတော်များနေတာကို တွေ့ရမှာ ဖြစ်ပါတယ်) သေဆုံးမှုအနေနဲ့ကလည်း များလာတာကိုတွေ့ရမှာ” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သေဆုံးနှုန်း မြင့်တက်လာမှု
COVID-19 ရောဂါဖြင့် သေဆုံးမှု မြင့်တက်လျက်ရှိရာ သေဆုံးသူအများစုမှာ အသက် ၆၁ နှစ်မှ အသက် ၇၅ နှစ်အရွယ်များဖြစ်ပြီး စုစုပေါင်းသေဆုံးသူ၏ ၃၇ ဒသမ ၆ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ ထို့ပြင် အသက် ၄၅ နှစ်မှ အသက် ၆၀ အရွယ် အုပ်စုမှာလည်း သေဆုံးမှုနှုန်း ၃၄ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဗဟိုရောဂါကူးစက် တိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင်ရေးသားထားသည်။
ပိုးတွေ့ရှိမှု ရာခိုင်နှုန်း ၂၀ အထက်ရှိခဲ့သည့် ဇူလိုင် ၁ ရက်တွင် သေဆုံးသူ ၁၃ ဦး၊ ဇူလိုင် ၂ ရက်တွင် ၁၇ ဦး၊ ဇူလိုင် ၃ ရက်တွင် ၂၀ ဦး၊ ဇူလိုင် ၄ ရက်တွင် ၃၅ ဦး၊ ဇူလိုင် ၅ ရက်တွင် ၄၂ ဦး၊ ဇူလိုင် ၆ ရက် ၅၂ ဦး၊ ဇူလိုင် ၇ ရက်တွင် ၅၇ ဦး၊ ဇူလိုင် ၈ ရက်တွင် ၅၁ ဦး၊ ဇူလိုင် ၉ ရက်တွင် ၆၄ ဦးရှိခဲ့ပြီး ၉ ရက်အ တွင်း စုစုပေါင်း သေဆုံးသူ ၃၅၁ ဦးရှိပြီး ဖြစ်သည်။
“ဒါက ဘာကိုပြသလဲဆိုရင် လူလတ်ပိုင်းတွေမှာ သေဆုံးမှု အရင်ကထက် ပိုများလာတယ်ဆိုတာပါပဲ။ ကမ္ဘာပေါ်မှာလည်း ထို့အတူပါပဲ ဘာလို့လဲဆိုတော့ အကြောင်းရင်းရှိပါတယ်။ လူလတ်ပိုင်း အရွယ်တွေက ကာကွယ်ဆေး ဦးစားပေးထိုးနှံရမယ့်ထဲ မပါပါဘူး။ အပြင်ထွက်တာ များပါတယ်။ COVID-19 က တစ်နှစ်ခွဲကြာလာတော့လည်း COVID-19 စည်းကမ်းတွေကို အလေးမထား ပေါ့လျော့တာကြောင့် ဖြစ်တယ်။ လူကြီးတွေမှာတော့ ဆေးထိုးထားတဲ့သူတွေဟာ ရောဂါကူးစက်မှု နည်းသွားပြီး ဒီတော့ကာ ရောဂါပြင်းထန်စွာ မခံစားရတော့တဲ့အတွက် သေဆုံးမှုယခင်ကာလထက် နည်းတာဖြစ်တယ်လို့ သုတေသနတွေက ဆိုထားပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိ COVID-19 ရောဂါပိုးတွေ့ရှိမှု များပြားလာသည့် မြို့နယ်များကို Stay at Home ထုတ်ပြန်ကြေညာထားပြီး ဇူလိုင် ၉ ရက်အထိ Stay at Home သတ်မှတ်ထားသည့်မြို့နယ်၄၅ မြို့နယ်အထိ ရှိလာပြီဖြစ်သည်။
Stay at Home သတ်မှတ်ထားသည့်မြို့နယ်၄၅ မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ မင်္ဂလာဒုံမြို့နယ်၊ မှော်ဘီမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ အင်းစိန်မြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ဗဟန်းမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့ ပါဝင်သည်။
Stay at Home မြို့နယ်များမှ နေထိုင်သူများနှင့် ကာကွယ်ဆေး ထိုးပြီးသူများအနေဖြင့် သက်ဆိုင်ရာ၏ လမ်းညွှန်ချက်များနှင့် ခွင့်ပြုချက်များအတိုင်း ဆောင်ရွက်နေထိုင်ရမည်ဖြစ်သည်။
“ဒီနေရာမှာ Stay at Home မှသည် မလိုအပ်ဘဲနဲ့ အပြင်မထွက်ရဘူး။ တစ်အိမ်တစ်ယောက်ပဲ ထွက်ရမယ်။ဆေးဝါးကုသမှုအတွက်ဆိုရင် အဖော်တစ်ယောက်နဲ့ သွားရမယ်။ လိုအပ်ရင် သက်ဆိုင်ရာခွင့်ပြုချက် တောင်းရမယ်။ စသဖြင့် Stay at Home ဆိုကတည်းက အပြင်မထွက်ရဘူးရှိပါတယ်။ဒါကြောင့်မို့ ဘယ်အကြောင်းနဲ့မှ ဆေးထိုးပြီးတဲ့သူဖြစ်ပါစေ၊ မထိုးရသေးတဲ့သူ ဖြစ်ပါစေ၊ ဘယ်အကြောင်းနဲ့မှ အပြင်ထွက်ခွင့်မရပါဘူး။ ဒါကို ရှင်းရှင်းလင်းလင်း သိဖို့လိုပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူက ပြောကြားထားသည်။
ဗီဇပြောင်း ပိုးများတွေ့ရှိမှု
မြန်မာနိုင်ငံတွင် တစ်ကျော့ပြန် COVID-19 ရောဂါပိုးကူး စက်မှုနှုန်း ပြန်လည်မြင့်တက်လာမှု နှင့်အတူ အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပွားနေသော COVID-19 ရောဂါပိုး မျိုးရိုးဗီဇကွဲများဖြစ်ကြသည့် Alpha ၊ Delta ၊ Kappa ပိုးများကို မြန်မာနိုင်ငံတွင်တွေ့ရှိလာရကြောင်း ဇွန် ၁၅ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် ပိုးတွေ့ရှိမှုနှုန်း၊ သေဆုံးမှုနှုန်းများပြားလာခြင်းသည် ဗီဇပြောင်းပိုးများ၏ အဓိကတရားခံဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
“ကျွန်မတို့နိုင်ငံမှာလည်း ဗီဇပြောင်းမျိုးကွဲ Alpha ရော၊ Delta ရော၊ Kappa ရော ဒါတွေရှိနေပါတယ်။ ဗီဇပြောင်းပိုးတွေက ခုလက်ရှိကူးစက်မှုတွေရဲ့ အဓိကတရားခံလို့ပြောမယ်ဆိုပြောလို့ရပါတယ်။ ဘာပြုလို့လဲဆိုတော့ ခုချိန်မှာ UK တို့၊ အိန္ဒိယတို့၊ အင်ဒိုနီးရှားတို့၊ ထိုင်းတို့ စသဖြင့် အဲဒီနိုင်ငံတွေ တော်တော်များများရဲ့ ကူးစက်မှုတွေကဆိုရင် Delta ဆိုတဲ့ ဗီဇပြောင်းပိုးကြောင့် ဖြစ်ပွားမှုများတယ်ဆိုတာ တွေ့ရမှာဖြစ်ပါ တယ်။ လက်ရှိမှာလည်း Delta က နိုင်ငံပေါင်း ၉၄ နိုင်ငံကို ရောက်ရှိ ကူးစက်နေပြီ ဖြစ်တယ်ဆိုတဲ့အနေအထား တွေ့ရပါတယ်။ ကူးစက်မှုတွေက များပါတယ်။ မြန်ပါတယ်။ အုပ်စုလိုက်ဖြစ်တာတွေ ရှိပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဗီဇပြောင်း COVID-19 ဗိုင်းရပ်စ်ကြောင့် ပိုးတွေ့အတည်ပြု လူနာသစ်ဦးရေ အချိန်တိုကာလအတွင်း များပြားလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားထားပြီး မိမိတို့အနေဖြင့် ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ကြရန် ပြောကြားထားသည်။
လက်ရှိအချိန်ကာလတွင် ရောဂါကူးစက်ဖြစ်ပွားမှု များပြားလျက်ရှိသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြည်နယ်၊ တိုင်းဒေသကြီးအလိုက်၊ မြို့နယ်အလိုက်၊ ရပ်ကွက်/ကျေးရွာအလိုက် ရောဂါပိုးတွေ့ရှိရမှု အခြေအနေများကို စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှု၍ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် ဆက်သွယ်ညှိနှိုင်းကာ ဗဟိုအနေဖြင့် ဆောင်ရွက်ပေးရ မည့်ကိစ္စရပ်များကို လျင်လျင်မြန်မြန်တုံ့ပြန် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းများ ယာယီပိတ်လိုက်ခြင်း
ပညာရေးဝန်ကြီးဌာန၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ (အထက်တန်း၊ အလယ်တန်း၊ မူလတန်း) ကျောင်းများကို ၂၀၂၁ ခုနှစ် ဇွန် ၁ ရက်မှစတင်၍ ပုံမှန်စာသင်နှစ်အတိုင်း ဖွင့်လှစ်ခဲ့သည်။
သို့သော် မေလတတိယပတ်မှစ၍ ဓာတ်ခွဲစမ်းသပ်အတည်ပြု ချက်များအရ မြန်မာနိုင်ငံတွင် မျိုးရိုးဗီဇပြောင်းလဲလာသော COVID-19 ရောဂါပိုးကူးစက်ပျံ့နှံ့မှု ရှိနေသဖြင့် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုကို အချိန်မီ ထိန်းချုပ်၊ ကာကွယ်၊ တားဆီးနိုင်ရေးအတွက် မြန်မာနိုင်ငံတစ်ဝန်း ဖွင့်လှစ်ထားရှိသော အခြေခံပညာကျောင်းများ (ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ အပါအဝင်)ကို ဇူလိုင် ၉ ရက်မှ ဇူလိုင်၂၃ ရက်အထိ ယာယီပိတ်ထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၂ ရက် မှစတင်ကာ အထက်တန်းအဆင့် စာသင်ကျောင်း ၆၅၀၀ ကျော်ကို ဖွင့်လှစ်နိုင်ခဲ့သော်လည်း COVID-19 ကပ်ရောဂါ ဒုတိယလှိုင်း စတင်ဖြစ်ပွားလာမှုကြောင့် ၂၀၂၀ ပြည့်နှစ် သြဂုတ် ၂၇ ရက်မှ စတင်ပြီး ကျောင်းများကို ပြန်လည်ပိတ်ခဲ့ရသည်။
စင်တာများ အခြေအနေ
ပိုးတွေ့လူနာများအနက် အသက်ကြီးသူများ၊ ရောဂါခံရှိပြီး အောက်ဆီဂျင်အဆင့်က ၉၀ ထက် ကျနေသူများ၊ ပြင်းထန်သည့် လက္ခဏာရှိသူများဆိုပါက ရန်ကုန်ဆေးရုံကြီး၊မြောက်ဥက္ကလာဆေးရုံကြီး၊ ဖောင်ကြီးဆေးရုံကြီးများကိုပို့၍ ကုသမှုပေးမှုဆောင်ရွက်နေပြီး COVID-19 ရောဂါ သံသယရှိပါက နီးစပ်ရာ ဒေသန္တရဆေးရုံ၊ ဆေးခန်းများတွင်သာ ပြသရမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
“ခုရက်ပိုင်းအတွင်းမှာလည်း အနံ့ပျောက်သူ၊ ဖျားသူ၊ ချောင်းဆိုး သူများစွာ တွေ့ရှိလာရပါတယ်။ COVID-19 ရောဂါသံသယ လက္ခဏာရှိတဲ့သူတွေအနေနဲ့ မိမိနဲ့ နီးစပ်ရာ ဒေသန္တရဆေးရုံမှာ ဆက်သွယ်ပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါမှသာ မိမိနဲ့ထိတွေ့သူတွေကို အမြန်ထောက်လှမ်းနိုင်ပြီး ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။
COVID-19 ရောဂါကုသရေးဌာနများ ဖွင့်လှစ်ထားပြီး ရိုးမရိပ်သာ COVID-19 ရောဂါကုသရေးဌာနတွင် Quarantine ဝင်ရောက်သူ ၁၀၀၀ နှင့် COVID-19 ရောဂါအတည်ပြုလူနာ ၅၇၆ ဦးကို ကုသပေးနေကြောင်း၊ MCC COVID-19 ရောဂါကုသရေးဌာနတွင် အတည်ပြုလူနာ ၂၅၀ ကို လက်ခံကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
COVID-19 ရောဂါကုသရေးဌာန (မရမ်းကုန်း) အင်းလျားစင်တာတွင် လူနာ ၅၀၀ ခန့်အား လက်ခံကုသပေးနိုင်မည်ဖြစ်ပြီး လူနာများအတွက် လုံလောက်သည့် အောက်ဆီဂျင်ရရှိနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
‘ပိုးတွေ့လက္ခဏာမဆိုးသူကို သီးခြားစင်တာတွေမှာ ထားမှာပါ။ ပိုးတွေ့လက္ခဏာ အသင့်အတင့်ရှိသူကိုလည်း အောက်ဆီဂျင်ပါဝင်တဲ့ သီးခြားစင်တာမှာထားရှိပြီး ကုသပေးမှာပါ။ ရောဂါပြင်းထန်သူကို သက်ဆိုင်ရာ ဆေးရုံကြီးတွေတင်ပြီး ကုသမှုပေးပါ့မယ်။ ဒီလို ပို့ဆောင်တဲ့နေရာမှာ Bed Management Committee ဖွဲ့ထားပါတယ်။ ဘယ်ဆေးရုံမှာ ဘယ်လောက် လက်ခံနိုင်တယ်ဆိုတဲ့ အခြေအနေပေါ်မူတည်ပြီး ကြိုတင်ချိတ်ဆက်ပြီး ပို့ဆောင်ကုသပေးမှာဖြစ်လို့ လူနာအနေနဲ့မစောင့်ရဘဲ အလွယ်တကူ ကုသမှုခံယူနိုင်မှာ ဖြစ်ပါတယ်။ မိမိသဘောနဲ့ ဆေးရုံတွေသွားလို့ရှိရင် လက်ခံဖို့ အခက်အခဲ ရှိနိုင်ပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။
COVID-19 ရောဂါ ပြင်ပပုဂ္ဂလိက ဆေးရုံများတွင် စစ်ဆေးနိုင်ပြီး ရန်ကုန်အနေဖြင့် N Health ၊ ပန်းလှိုင်ဆေးရုံ၊ Victoria,Aye,Y A ML Myanmar, Ar Yu, Bahosi, KBC (ကွယ်ကဘော)၊ OSC များတွင် စစ်ဆေးနိုင်ပြီး မန္တလေးအနေဖြင့် City Hospital တို့တွင်စစ်ဆေးနိုင်ပြီး ပိုးတွေ့ပါက သက်ဆိုင်ရာ မြို့နယ်ဆရာဝန်နှင့် ချိတ်ဆက်ပြီး ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းသိရသည်။
ကာကွယ်ဆေးရောက်ရှိမှု အခြေအနေ
ယခုလတတိယပတ်တွင် ကာကွယ်ဆေးတစ်သန်း မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး လာမည်လများတွင်လည်း ထပ်မံရောက်ရှိလာမည်ဖြစ်ကြောင်း ရရှိလာသည့် ကာကွယ်ဆေးများကို ရေးဆွဲထားသည့် စီမံချက်အတိုင်း စနစ်တကျထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။
၂၀၂၁ ခုနှစ် အတွင်း COVID-19 ကာကွယ်ဆေးကို လူဦးရေ ရာခိုင်နှုန်း ၅၀ အထိ ထိုးနှံပေးသွားမည်ဖြစ်သည်။
လက်ရှိ အခြေအနေတွင် မြန်မာနိုင်ငံမှ ဝယ်ယူထားသည့် Covishield ကာကွယ်ဆေးများအား အိန္ဒိယနိုင်ငံဘက်မှ အချိန်မီ မတင်ပို့နိုင်သည့်အချိန်တွင် တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံတို့မှ ကာကွယ်ဆေးများရရှိနိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုအနေဖြင့် ကာကွယ်ဆေးများထိုးနှံပြီးသည့် အချိန်တွင်လည်း နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လက်ဆေးခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်းစသည့် ကာကွယ်ရေးနည်းလမ်းများကိုလည်း ဆက်လက်လုပ်ဆောင် သွားရမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကြေညာထားသည်။
“ဟိုဆေးသောက်ပါ၊ ဒီဆေးသောက်ပါ အောက်ဆီဂျင် ဆောင်ထားပြီး ဟိုလိုပေးပါ ဒီလိုပေးပါ၊ ငရုတ်ကောင်းနဲ့ ချင်းသောက်ပျောက်ဆိုတာတွေလဲ မယုံပါနဲ့ အရာရာကို တန်ဆေးလွန်ဘေးပါ။ ကိုယ်မကျွမ်းကျင်တဲ့ နယ်ပယ်မှာ မိဘတွေကို လက်တည့်မစမ်းပါနဲ့။ သေတတ်ပါတယ်။ နောက်ဆုံးအနေနဲ့ မှာချင်တာကတော့ မကြာမီ WHO က အရေးပေါ်အသုံးပြုခွင့်ပေးထားတဲ့ ကာကွယ်ဆေးရှစ်မျိုးထဲက တစ်မျိုးရောက်ရှိပါ့မယ်။ အမြန်ဆုံး ထိုးနှံပေးနိုင်အောင် ဆောင်ရွက်လျက်ရှိပါတယ်။ အသက်ကြီးသူတွေနဲ့၊ ပုဂ္ဂလိကကျန်းမာရေး စောင့်ရှောက်ပေးသူတွေနဲ့ ဝန်ထမ်းတွေ၊ Volunteer တွေကို ဦးစားပေး ထိုးနှံပေးမှာပါ” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။
ဘယ်လို ပြင်ဆင်ထားလဲ
ပိုးတွေ့ရှိသူများနှင့် Contract ဖြစ်သူများအတွက် Quarantine များကို သက်ဆိုင်ရာမြို့နယ်အလိုက် မြို့နယ် COVID-19 စီမံခန့်ခွဲမှုကော်မတီရှိ ရင်းမြစ်များအပေါ် မူတည်ပြီး အကောင်းဆုံး ဆောင်ရွက်နေကြောင်း သိရသည်။
“ဒီလိုဆောင်ရွက်တာ ဘယ်သူ့အတွက်လဲဆိုရင် ကာယကံရှင်အတွက်ရယ်၊ သူ့မိသားစုအတွက်ရယ် အဓိကဖြစ်ပါတယ်။ သူတို့တွေကို Quarantine သီးခန့်ခွဲထားခြင်းဖြင့် သူတို့ဆီမှာ ရောဂါပိုးရှိရင် မိသားစုကို မကူးစက်တော့ဘူး။ တကယ်လို့ ရောဂါပိုးတွေ့တယ်ဆိုရင် ချက်ချင်းကုသမှုပေးနိုင်တယ်။ ဒါကြောင့် Quarantine ထားတာဖြစ်ပါတယ်” ဟု ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးတွင်သာမက အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်တွင် ပိုးတွေ့ပါက ပိုးတွေ့လူနာတွေကို ရောဂါလက္ခဏာပေါ် မူတည်၍ အဆင့်ဆင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပိုးတွေ့လူနာများအား ကုသမှုပေးနိုင်ရန် ဆေးရုံများတွင် Isolation Ward ပြင်ဆင်ထားကြောင်း သိရသည်။
“ဒီအချိန်မှာ လုပ်သင့်တဲ့ အကောင်းဆုံး နည်းလမ်းကတော့ COVID-19 စည်းကမ်းတွေကို မပေါ့မလျော့ မမေ့မဆဘဲ အသေအချာလိုက်နာဖို့ပါပဲ။ ဒါတွေကတော့ Mask တပ်မယ်။ နှစ်ထပ်တပ်သင့်လားဆိုရင် တပ်ရင်ကောင်းပါတယ်။ သို့သော် Mask တပ်တာ တစ်ခုတည်းနဲ့ ကာကွယ်နိုင်တာ မဟုတ်တဲ့အတွက် အခြားနည်းလမ်းတွေပါတွဲပြီး ဆောင်ရွက်ရမှာပါ” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ယခုလက်ရှိ အခြေအနေတွင် ဝန်ကြီးဌာန၏ ဝန်ထမ်းအင်အား ရာခိုင်နှုန်း ၆၀ ခန့်ဖြင့်သာ ပြည်သူလုထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေရ ကြောင်း၊ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ ကုသရေးဌာနများသို့ အချိန်နှင့်တစ်ပြေးညီ ရောက်ရှိနိုင်ရေးနှင့် ကုသရေးဌာနများတွင် အောက်ဆီဂျင်မပြတ်လပ်စေရန် ဆောင်ရွက်နေကြောင်း သိရသည်။
****************************************************************
END / 251