၂၅ ဩဂုတ် ၂၀၂၁ - ၁၉:၀၄
ကိုဗစ် ကာကွယ်ဆေး နှင့် အခြား ဆေးဝါးများ မြန်မာနိုင်ငံ ထဲသို့ မှောင်ခို သွင်းရန် ကြိုးပမ်းခဲ့သူ ၃ ဦးကို အိန္ဒိယ ဖမ်းဆီး

မြန်မာနိုင်ငံတွင်းသို့ ကိုဗစ်ကာကွယ်ဆေးပုလင်းများနှင့် အခြားဆေးဝါးများ မှောင်ခိုသွင်းရန် ကြိုးပမ်းခဲ့သည်ဟု ဆိုသော လူသုံးဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း အိန္ဒိယ မဏိပူရ်ပြည်နယ် ရဲတပ်ဖွဲ့က ပြောသည်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



မြန်မာနိုင်ငံတွင်းသို့ ကိုဗစ်ကာကွယ်ဆေးပုလင်းများနှင့် အခြားဆေးဝါးများ မှောင်ခိုသွင်းရန် ကြိုးပမ်းခဲ့သည်ဟု ဆိုသော လူသုံးဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း အိန္ဒိယ မဏိပူရ်ပြည်နယ် ရဲတပ်ဖွဲ့က ပြောသည်။

၎င်းတို့ကို သြဂုတ် ၂၇ ရက်အထိ ရဲအချုပ်ဖြင့် ထိန်းသိမ်းထားရန် ပြည်တွင်းတရားရုံးတစ်ခုက ပို့ဆောင်ထားကြောင်း မဏိပူရ်ပြည်နယ် ရဲက ပြောသည်။

မြန်မာနိုင်ငံသို့ ကိုဗစ်ကာကွယ်ဆေးများ မှောင်ခိုသွင်းရန် ကြိုးပမ်းမှုဖြင့် စွပ်စွဲခံထားရသူသုံးဦးမှာ အသက် ၃၀ နှစ်ရှိ မိုဟာမက် ဖာရို့ဇ် ခန် ၊ အသက် ၂၂ နှစ်ရှိ အီမရန် ခန် နှင့် အသက် ၂၃ နှစ်ရှိ ရှက်ဟမ် ကူးမား အေနန်းဒ် တို့ ဖြစ်ကြောင်း NDTV သတင်းဖော်ပြချက်တစ်ခုအရ သိရသည်။

၎င်းတို့ သုံးဦးသည် ပြီးခဲ့သည့် သြဂုတ် ၂၂ ရက်က Covishield ကာကွယ်ဆေးပုလင်း အရေအတွက် အမြောက်အမြားနှင့်အတူ Remdesivir ဆေးနှင့် အခြားဆေးဝါးများကို ကားတစ်စီးဖြင့် မှောင်ခိုသွင်းရန် ကြိုးပမ်းခဲ့စဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက NDTV ကို ပြောသည်။

မိုဟာမက် ဖာရို့ဇ် ခန် နှင့် အီမရန် ခန် တို့သည် မဏိပူရ်ပြည်နယ်၏ မြို့တော် အင်ဖာတွင် နေထိုင်ကြသူများဖြစ်ပြီး ရှက်ဟမ်သည် ဘီဟာပြည်နယ် ကက်တီဟာ ဒေသမှ ဖြစ်ကြောင်း ရဲက ဖြည့်စွက်ပြောသည်။

“ရဲတွေက အမှတ် ၂ နေရှင်နယ် အဝေးပြေးလမ်းမကြီးပေါ်က ဟေဂျင်ဂန်း စူပါမားကတ်အနီး မော်တော်ယာဉ်တွေကို စစ်ဆေးနေခဲ့ချိန်မှာ အဲဒီ လူသုံးဦးကို ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်၊ သူတို့သယ်လာတဲ့ ဆေးဝါးတွေ၊ သူတို့ရဲ့ ကားနဲ့ တရားမဝင် ပို့ကုန်တွေကို သိမ်းဆည်းရမိခဲ့ပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောခဲ့ကြောင်းကို NDTV က ကိုးကား‌ဖော်ပြသည်။

အဆိုပါ ဖမ်းဆီးခံ အမျိုးသားသုံးဦးက ၎င်းတို့သည် မိုရေးနယ်စပ်ကနေတဆင့် မြန်မာနိုင်ငံသို့ ဆေးဝါးများ မှောင်ခိုသွင်းနေခဲ့ကြောင်း ဝန်ခံထားခဲ့သည်ဟုလည်း သိရသည်။

ယင်း တရားမဝင် လုပ်ဆောင်မှုတွင် ပါဝင်ပတ်သက်နေသည့် အခြားအဖွဲ့ဝင်များကို ဖမ်းဆီးမိရန်နှင့် သိမ်းဆည်းခံ ဆေးဝါးများ၏ မူလရင်းမြစ်ကို ထုတ်ဖော်သိရှိနိုင်ရန်အတွက် နောက်ထပ် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့က ပြောသည်။


****************************************************************

END / 251