အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ဂျပန်ရေဘေးကြောင့် သေဆုံးသူ အရေအတွက်သည် ၅ ဦးထိ မြင့်တက်လာပြီဖြစ်ကြောင်း ပြည်တွင်း မီဒီယာများက ရေးသား ဖော်ပြခဲ့သည်။
စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းထိ အသေအပျောက် ပမာဏသည် ၅ ဦးထိ ရှိလာပြီဟု အတည်ပြုထားပြီး ကယ်ဆယ်ရေး လုပ်ငန်းများကိုမူ
အရှိန်မြှင့် ဆောင်ရွက်နေဆဲ ဖြစ်သည်။ ထို့အပြင် ရေကြီးရေလျှံမှုများအတွင်း ပျောက်ဆုံးသူ အရေအတွက် တစ်ဒါဇင်မျှ ရှိနေကြောင်းလည်း သိရသည်။
တိုကျိုမြို့တော် မြောက်ပိုင်းရှိ တိုချီဂီတွင် စက်တင်ဘာ ၁၃ ရက် နံနက်အစောပိုင်းက ပဉ္စမမြောက် ရုပ်အလောင်း တစ်ခုကို ရဲတပ်ဖွဲ့က ရှာဖွေ
တွေ့ရှိခဲ့သည်။ အဆိုပါ အမျိုးသား အလောင်းကို မည်သူမည်ဝါဖြစ်ကြောင်း မဖော်ထုတ်နိုင်သေးချေ။ ရေလွှမ်းမိုးနေသည့် လယ်ကွင်းပြင်ထဲတွင်
တစ်ဝက်တစ်ပျက် နစ်မြုပ်နေသည့် မော်တော်ကား တစ်စီးထဲ၌ အလောင်းကို ရှာတွေ့ခဲ့ခြင်းဟု ရဲများက ပြောကြားခဲ့သည်။
ရေကြီးမှုဒဏ်ကို အဆိုးရွားဆုံး ခံခဲ့ရသည့် ဂျိုဆိုမြို့လေးတွင် ရေစကြီးပြီး စတုတ္ထမြောက်နေ့သို့ ဝင်ရောက်လာချိန်၌ ကယ်ဆယ်ရေးနှင့် ရှာဖွေရေး
ကဏ္ဍကို ပိုမိုမြှင့်တင် ဆောင်ရွက်လျက် ရှိသည်။ လူပေါင်း ၆၅၀၀၀ မျှသာ နေထိုင်သည့် မြို့လေးနှင့် ပတ်ဝန်းကျင် ဒေသများတွင် ဂျပန်နိုင်ငံ
သမိုင်းတစ်လျှောက် အပြင်းထန်ဆုံး မိုးရွာသွန်းမှုများနှင့် ကြုံနေရသည်။
ဂျိုဆိုတွင် စက်တင်ဘာ ၁၂ ရက် ညပိုင်းထိ အနည်းဆုံး လူပေါင်း ၅၀၀၀ မျှသည် ယာယီ ရွှေ့ပြောင်းစခန်းများတွင် ခိုလှုံ နေထိုင်နေရကြောင်းလည်း
အာဏာပိုင်များက ပြောကြားခဲ့သည်။ ကယ်ဆယ်ရေး လုပ်ငန်းများ အောင်မြင်မှုကြောင့် ဂျိုဆိုတွင် ပျောက်ဆုံးနေသူ အရေအတွက်သည် မူလ
၂၂ ဦးရှိရာမှ စက်တင်ဘာ ၁၂ ရက် ညပိုင်းတွင် ၁၅ ဦးသို့ လျော့ကျလာကြောင်း သိရသည်။
-----------------------
251 / End