၂ ဒီဇင်ဘာ ၂၀၁၅ - ၁၆:၂၀
လုပ်သားအခွင့်အရေးကာကွယ်နိုင်သည့် လုပ်ငန်းဖြစ်လျှင် ယူအေအီးသို့ အထွေထွေလုပ်သားတင်ပို့ခွင့်အတွက် စဉ်းစားမည်

အရှေ့အလယ်ပိုင်းဒေသသို့ အထွေထွေလုပ်သားတင်ပို့ခွင့်အတွက် လျှောက်ထားမှုမရှိသေးဘဲ အလုပ်သမားအခွင့်အရေး လုံခြုံအောင် ကာကွယ်ပေးနိုင်မည့် လုပ်ငန်းဖြစ်ပါက သွားရောက်လုပ်ကိုင်နိုင်ရေး စဉ်းစားမည်ဟု အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှအကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ



အရှေ့အလယ်ပိုင်းဒေသသို့ အထွေထွေလုပ်သားတင်ပို့ခွင့်အတွက် လျှောက်ထားမှုမရှိသေးဘဲ အလုပ်သမားအခွင့်အရေး လုံခြုံအောင် ကာကွယ်ပေးနိုင်မည့် လုပ်ငန်းဖြစ်ပါက သွားရောက်လုပ်ကိုင်နိုင်ရေး စဉ်းစားမည်ဟု အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှအကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

အရှေ့အလယ်ပိုင်းဒေသတွင် လုံခြုံရေးနှင့် လုပ်ငန်းခွင်အာမခံချက်ရရှိနိုင်မှု အားနည်းချက်ကြောင့် အစိုးရက မြန်မာလုပ်သားပို့ဆောင်မှုကို ၂ နှစ်ကျော်ကြာ ရပ်နားထားခဲ့ပြီး ဩဂုတ်လကုန်တွင် တရားဝင်ပို့ဆောင်ခွင့် ပြန်လည်ခွင့်ပြုပေးနေသော်လည်း လုပ်ငန်းအားလုံးကို ခွင့်ပြုပေးနေခြင်းမဟုတ်ဟု ဆိုသည်။

‘‘အရှေ့အလယ်ပိုင်းဒေသကို အရင်ကပို့ဖူးတဲ့ အတွေ့အကြုံရှိ နိုင်ငံတွေလောက်ပဲ အခုဆက်ပို့နေတယ်။ အထွေထွေလုပ်သား အမျိုးအစားတွေတော့ ပို့ဖို့တင်လာတာမျိုး မရှိသေးဘူး။ ရှိလာခဲ့ရင်လည်း အလုပ်သမားတွေကိုဘယ်လောက်လုံခြုံမှုပေးနိုင်မလဲ။ အာမခံချက်ဘယ်လောက်ရှိသလဲဆိုတဲ့အပေါ်မူတည်ပြီး ခွင့်ပြုပေးနိုင်ဖို့ စဉ်းစားပေးသွားမှာပါ’’ဟု အထက်ပါအရာရှိက ပြောသည်။

လက်ရှိတွင် ယူအေအီးနိုင်ငံသို့ လုပ်သားပို့ဆောင်မှုအဖြစ် လေကြောင်းလိုင်းနှင့် ဟိုတယ်လုပ်ငန်းအမျိုးအစားကို အများဆုံးလျှောက်ထားမှုရှိကြောင်း သိရသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် အဆိုပါဒေသသို့ အလုပ်သမားတင်ပို့ပါက အနည်းဆုံးလုပ်ခလစာ တစ်လလျှင် ကန်ဒေါ်လာ၅၀၀ ရရှိမှသာ ခွင့်ပြုပေးနိုင်မည်ဟု အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားထားသည်။

လက်ရှိ အလုပ်သမားခေါ်ယူမှုများတွင် ယင်းသတ်မှတ်လစာခန့်ဖြင့် ကမ်းလှမ်းမှုများ ပြုလုပ်လာကြသည်ဟု ဆိုသည်။

အဆိုပါဒေသသို့ သွားရောက်လုပ်ကိုင်မှုအတွက် ဝန်ဆောင်ခမှာ ကန်ဒေါ်လာ ၃၀၀ အောက်သာရှိပြီး ရရှိမည့်အခြေခံလစာမှာ ဒေါ်လာ ၄၅၀ မှ ၅၀၀ ခန့်ရှိကာ ဟိုတယ်လုပ်ငန်းဖြစ်၍ အမျိုးသားများသာမက အမျိုးသမီးလုပ်သားများပါ ခေါ်ယူမှုရှိကြောင်း ဝန်ဆောင်မှုပေးနေသော အေဂျင်စီများထံမှ သိရသည်။

လက်ရှိတွင် အရှေ့အလယ်ပိုင်းဒေသသို့ လုပ်သားစေလွှတ်မှု ပြန်ပွင့်လာခါစဖြစ်သည့်အတွက် လုပ်သားခေါ်ယူမှုထက် သွားရောက်လုပ်ကိုင်လိုသူအရေအတွက်မှာ ပိုများနေသည်ဟု ယင်းဒေသသို့ လုပ်သားစေလွှတ်ခွင့်ရရှိ ထားသော အေဂျင်စီတစ်ခုဖြစ်သည့် ဟိန်းသစ္စာကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးကျော်မင်းဦးက ပြောသည်။

အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများကမူ မြန်မာ့လုပ်သားခေါ်ယူမှုမြင့်တက်လာသော်လည်း သွားရောက်လုပ်ကိုင်မှု အနည်းငယ်ကျဆင်းလာခဲ့ကြောင်း သက်ဆိုင်ရာအေဂျင်စီအချို့ထံမှ သိရသည်။

=========================
251/End