အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
၂၀၁၄ ခုနှစ် သြဂုတ် ၁၇ ရက်က ဆိုးလ်မြို့ တောင်ဘက်တွင် (၆) ကြိမ်မြောက် အာရှလူငယ်နေ့၌ တက်ရောက်မည့် ဖရန်စစ် ပုပ်ရဟန်းမင်းကို စောင့်ဆိုင်းနေကြသော ကက်သလစ် ဘုန်းတော်ကြီးများ
နှစ်ပေါင်း ၄၀ ကျော်ကြာအောင် ငြင်းခုံခဲ့ကြသည့် ကိစ္စတစ်ရပ်ကို အဆုံးသတ်သည့် အနေဖြင့် တောင်ကိုရီးယား ပါလီမန်သည် နိုင်ငံအတွင်းရှိ ထင်ရှားသော တရားဟော ဆရာများကို အခွန်ကောက်ခံမည့် ဥပဒေကြမ်း တစ်ရပ်ကို ဒီဇင်ဘာ ၂ ရက်တွင် အတည်ပြုလိုက်ကြောင်း သိရသည်။
အဆိုပါ ဥပဒေကြမ်းကို ပါလီမန်တွင် ညသန်းခေါင်ယံအချိန် မတိုင်မီ ကလေး၌ မဲခွဲကြရာတွင် ထောက်ခံမဲ ၁၉၅ မဲနှင့် ကန့်ကွက်မဲ ၂၀ ရရှိပြီး ၅၀ ဦးက မဲမပေးခဲ့ကြပေ။
ယခင်က ဘုန်းကြီးများအား အခွန် ကောက်ခံမည့် ကိစ္စကို သာသနာ အသိုင်းအ၀န်းမှ အပြင်းအထန် ကန့်ကွက်မှုများနှင့် နိုင်ငံရေးအရ တွန့်ဆုတ်နေမှုများကြောင့် ဥပဒေပြုနိုင်ရန် အချိန်များစွာ ကြန့်ကြာခဲ့ခြင်း ဖြစ်သည်။
ယခု ဥပဒေသည် ထိရှလွယ်သော အကြောင်းအရာတစ်ရပ် ဖြစ်သောကြောင့် ဥပဒေ အတည်ဖြစ်ရန် အချိန်များစွာ ယူထားပြီး ၂၀၁၈ ခုနှစ်ကျမှသာ စတင် သက်ဝင်မည် ဖြစ်သည်။
လက်ရှိ အာဏာရ ဆေနုရီပါတီမှ ဥပဒေပြုအမတ် ကန်ဆော့ဟွန်းက ယခုမူဝါဒကို မငြိမ်မသက်မှုများ မဖြစ်ပေါ်ဘဲ အခြေကျစေရန်အတွက် ဘာသာရေးဆိုင်ရာ အဖွဲ့များနှင့် ဆက်သွယ် ဆောင်ရွက်ရန် အချိန်ယူထားခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။
တောင်ကိုရီးယားတွင် ဘုန်းကြီး စုစုပေါင်း ၃၆၀,၀၀၀ ခန့်ရှိပြီး ၎င်းတို့၏ ၀င်ငွေကို ယခင်က “ဥာဏ်ပူဇော်ခ” ဟု အမျိုးအစား သတ်မှတ်ထားရာမှ ယခု ဥပဒေတွင် “ဘာသာရေး ဆိုင်ရာဝင်ငွေ” ဟု အမျိုးအစား ပြောင်းလဲ သတ်မှတ်မည် ဖြစ်သည်။
သတ်မှတ်ချက်အရ တစ်နှစ်လျှင် ၀မ်သန်း ၄၀ (ဒေါ်လာ ၃၄ç၅၀၀) နှင့်အောက် ၀င်ငွေ ရှိသူများသည် ၀င်ငွေ၏ ရာခိုင်နှုန်း ၂၀ သာ အခွန်ဆောင်ရမည် ဖြစ်သည်။ အမြင့်ဆုံး သတ်မှတ်ချက်အဖြစ် ၀မ်သန်း ၁၅၀ နှင့်အထက် ၀င်ငွေ ရှိသူများသည် ၀င်ငွေ၏ ရာခိုင်နှုန်း ၈၀ အခွန်ပေးဆောင်ရမည် ဖြစ်သည်။
လူထု ထင်မြင်ချက် စစ်တမ်းများအရ ဘာသာရေး အဖွဲ့များအား အခွန်ကောက်ခံရန် ပိုမိုလိုလားကြပြီး အချို့သော ဘာသာရေး အဖွဲ့အစည်းဝင်များ အနေဖြင့် ၎င်းတို့၏ ဘဏ္ဍာရေးကို အကြီးအကျယ် လျှို့ဝှက်စွာ စီမံလေ့ ရှိသည်ဟု ဆိုသည်။
Ref AFP
==============================
251 / End