အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ခေါင်းဆောင်ပိုင်းတွေ့ဆုံမှုများကြောင့် မီးစိမ်းပြနေသော အာဏာလွှဲပြောင်းရေးကာလသည် အလှပေါ်အယဉ်ဆင့်နေသည်။
ကမ္ဘာတွင် သြဇာရှိသည့် မဂ္ဂဇင်းတစ်စောင်ဖြစ်သော The Economist က အသိအမှတ်ပြုခံထိုက်ဆုံးနိုင်ငံအဖြစ်
ရွေးချယ်ခံခဲ့ရခြင်းက ရွေးကောက်ပွဲအလွန်အာဏာလွှဲပြောင်းရေးကာလ ချောမွေ့ရေးအတွက် ချည်နှောင်သည့် ကြိုးတစ်ခုသဖွယ်လည်း ဖြစ်သည်။
ကမ္ဘာပေါ်တွင် ဘာကြောင့်အကောင်းဆုံးနိုင်ငံအဖြစ် ရွေးချယ်ခံရသလဲဆိုသည့်အချက်ကိုပြည်သူများက ရွေးကောက်ပွဲတွင် ပြသခဲ့ပြီး ဖြစ်သည်။
သိက္ခာရှိသော၊ အရှုံးကိုလက်ခံတတ်သော၊ သဘောထားကြီးသော ပုံစံကောင်းများဖြင့် မြန်မာ့ခေါင်းဆောင်များက အလွှဲအပြောင်းကာလကို ဖြတ်သန်းဖို့သာ ကျန်တော့သည်။
မြန်မာ့သမိုင်းတွင် အာဏာအလွှဲအပြောင်းနှင့် ပတ်သက်၍ မြန်မာဘုရင်များလက်ထက်က တည်းက အချင်းချင်းသတ်ဖြတ် နန်းလုပွဲများဖြင့် နာမည်ကြီးခဲ့သည်။ မြန်မာဘုရင်များထံမှ အာဏာကို အင်္ဂလိပ်တို့က နယ်ချဲ့သိမ်းပိုက်မှု၊ ဂျပန်တို့အကူအညီဖြင့် အင်္ဂလိပ် တို့ထံမှ မြန်မာတို့က အမိမြေကို ပြန်လည်သိမ်းယူမှု၊ တစ်ဖန်ဂျပန်တို့ထံမှ မဟာမိတ်တို့အကူအညီဖြင့် ပြန်လည်တိုက်ယူမှုတို့အပြီးမှပင် လွတ်လပ်ရေးပြန်ရခဲ့သည်။ ၁၉၄၈ ခုနစ်လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေးမှာ အကွဲအပြဲများခဲ့သည်။ ၁၉၆၂ တွင် တပ်မတော်က နိုင်ငံတော်အာဏာကိုရယူခဲ့ကာ အမည်အမျိုးမျိုးပြောင်းပြီး တိုင်းပြည်အာဏာကို ၎င်းတို့လက်ထဲတွင် ရာစုနှစ်တစ်ဝက်နီးပါးမျှ ထိန်းထားခဲ့သည်။ တပ်မတော်က အဘက်ဘက်မှ ယိုယွင်းနေသော နိုင်ငံတော်အခြေအနေကို ထိန်းသိမ်းခဲ့သည်ဟု ကြွေးကြော်ခဲ့သော်လည်း ပြည်သူများနှင့်
နိုင်ငံတကာအမြင်တွင်မူ မင်းဆိုးမင်းညစ်များအဖြစ် သတ်မှတ်ခံခဲ့ရသည်။ ဒီမိုကရေစီလိုလားသော ခေါင်းဆောင်များ၏ ဦးဆောင်မှုဖြင့် ပြည်သူများသည် လမ်းပေါ်ထွက်၍လည်းကောင်း၊ ရွေးကောက်ပွဲများမှလည်းကောင်း အာဏာရှင်များကို မလိုလားကြောင်း ဆန္ဒပြခဲ့ကြသည်။ စစ်အစိုးရကလည်း ဦးဆောင်သူများနှင့် လမ်းပေါ်ထွက်သူများကို ထောင်ထဲထည့်၍
လည်းကောင်း၊ ရွေးကောက်ပွဲရလဒ်ကို မျက်ကွယ်ပြု၍လည်းကောင်း တုံ့ပြန်ပြီး အာဏာကို ဆက်လက်ဆုပ်ကိုင်ခဲ့ကြသည်။
သမိုင်း၏ သက်သေများအရ မြန်မာပြည်၏ အာဏာလွှဲပြောင်းရေးလုပ်ငန်းစဉ်မှာ ဓားများ၊ လှံများ၊ သေနတ်များကြားတွင်သာရှိခဲ့သည်က များပါသည်။
သို့သော် ၂၀၁၅ ရွေးကောက်ပွဲအလွန်ခေါင်းဆောင်များ၏ မျက်နှာချင်းဆိုင်တွေ့ဆုံမှုက အာဏာနှင့် ပတ်သက်၍ အထက်ပါသမိုင်းမှတ်တမ်းဆိုးများကို အတိတ်တွင်ထားခဲ့ပြီး သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်ခဲ့သည်။
ရာစုနှစ်ဝက်နီးပါးအထိ ပျောက်ဆုံးခဲ့သော အဖွဲ့အစည်းတစ်ခုက အခြားအတိုက်အခံအဖွဲ့အစည်းတစ်ခုကို အာဏာလွှဲပြောင်းပေးသည့် ယဉ်ကျေးမှုသည် မြန်မာ့သမိုင်းစာမျက်နှာထက်တွင် ပြန်လည်ပေါ်ထွက်လာရန် လက်တစ်ကမ်းသာလိုပါတော့သည်။
အိမ်စောင့်အစိုးရမှသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှသည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ ယင်းမှသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှသည် ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရပြီး တက်လာသည်ဟူသည့် ဒီမိုကရေစီအစိုးရ
လက်ထက်အထိ စစ်ခေါင်းဆောင်များကသာ တိုင်းပြည်ကို လက်လွှဲပြောင်း အုပ်ချုပ်ခဲ့ကြသည်။ ၂၀၁၅ ရွေးကောက်ပွဲ
ပြီးချိန်တွင်မူ စစ်ခေါင်းဆောင်များသည် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတစ်ဦးခေါင်းဆောင်သော အရပ်သားအစိုးရထံ တိုင်းပြည်အာဏာလွှဲပြောင်းပေးရမည့် အခြေအနေကို ကြုံနေရပြီ ဖြစ်သည်။ အစိုးရက ဖွဲ့စည်းထားသောနိုင်ငံတော်အကြီးအကဲတာဝန်လွှဲပြောင်းမှု အထောက်အကူပြုကော်မတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အသွင်ကူးပြောင်းရေး
ကော်မတီတို့၏ တစ်ပတ်အတွင်း နှစ်ကြိမ်တွေ့ဆုံခဲ့ခြင်းက အာဏာလွှဲပြောင်းမှု အမှန်တကယ်ဖြစ်ပေါ်လာရန် အချက်ပြနေသလိုပင်။
‘‘အရင်အစိုးရကနေ ကျွန်တော်တို့အစိုးရကိုလွှဲတော့ ဒီယန္တရားထဲမှာရှိခဲ့တဲ့ လူအများစုပဲ ပြန်ပါလာတာဆိုတော့ အခက်အခဲသိပ်မရှိဘူး။ အခုကျတော့ အသစ်ကို လွှဲရတာဆိုတော့ စနစ်တကျလွှဲပြောင်းပေးတော့ နောက်ပိုင်းအကောင်အထည်ဖော်ရတာ အဆင်ပြေတာပေါ့’’ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က အထောက်အကူပြုကော်မတီများ ရှိနေရခြင်းအကြောင်းကို ရှင်းပြသည်။
အာဏာလွှဲပြောင်းရေး နှစ်ဖက်ဆွေးနွေးနေစဉ်မှာပင် လှုပ်ခတ်လာသော သတင်းများသည် ဒီချုပ်အစိုးရသစ်တွင် ပြည်ခိုင်ဖြိုး အစိုးရမှဝန်ကြီးဟောင်းများ ပြန်လည်ပါဝင်လာဖွယ်ရှိသည်ဟူသည့် သတင်းများပင်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးအ ကောင်းဆုံးတွင်ရှိနေသော ပြည်ခိုင်ဖြိုးခေါင်းဆောင်များဖြစ်သည့် သူရဦးရွှေမန်းနှင့် သူရဦးအောင်ကိုတို့သည် ဒီချုပ်အစိုးရသစ်တွင်ပါဝင်လာမည်ဟု တစ်ပြေးနေကြသည်။ ထို့ပြင် လက်ရှိဝန်ကြီးများထဲမှ ပြန်သုံးသင့်သူများကို ဒီချုပ်က စုံစမ်းနေသည်ဆိုသည့် သတင်းများက တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံထွက်နေသည်။ ဒီချုပ်အစိုးရအဖွဲ့၏ ပွဲထွက်လူစာရင်းနှင့် အခင်းအကျင်းသတင်းများလည်း ပေါ်ထွက်လာသကဲ့သို့ မျိုးစုံခန့်မှန်းမှုများလည်း ပြုလုပ်နေကြသည်။
‘‘ဒီလိုအချိန်မှာတော့ ဒီလိုသတင်းတွေကတော့ ထွက်နေမှာပဲ။ ဒီသတင်းတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့က တရားဝင်ထုတ်ပြောထားတာမရှိပါဘူး’’ဟု ဒီချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းမြင့်က ပြောသည်။
အာဏာလွှဲပြောင်းရေးလုပ်ငန်းစဉ်ကို ရင်ခုန်စိတ်လှုပ်ရှားနေသူများထဲတွင် အစိုးရဝန်ထမ်းများလည်း အပါအဝင်ဖြစ်သည်။ အစိုးရအကူးအပြောင်းသည် သူတို့၏ အနာဂတ်အပေါ် မည်သို့မည်ပုံ သက်ရောက်မည်ကို စိုးရိမ်နေကြသည်။ သို့သော် အဆိုပါစိုးရိမ်စိတ် များလျော့ပါးစေမည့်စကားကို ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော် စည်ပင်ဧည့်ရိပ်သာသို့ သူရဦးရွှေမန်းနှင့် အတူသွားရောက်စဉ်ပြောကြားခဲ့သည်။
‘‘မလိုအပ်တဲ့ ဝန်ကြီးဌာနတွေ ပေါင်းပစ်မယ်။ တချို့ဝန်ကြီးဌာနတွေမှာ ဝန်ထမ်းတွေဖောင်းပွနေတယ်။ ဝန်ထမ်းများ စိတ်အေးလက်အေးနဲ့နေပါ။ ဖြုတ်ထုတ်သတ်ဟာ ကျွန်မတို့မူဝါဒထဲမှာ မပါဘူး။ ရေဘူးပေါက်တာမလိုချင်ဘူး။ ရေပါတာပဲ လိုချင်တယ်ဆိုတာကို လက်မခံဘူး။ အခွင့်အရေးနဲ့ တာဝန်ဟာ ခေါင်းနဲ့ပန်းလိုပဲ။ အခွင့်အရေးယူရင် တာဝန်ယူရမယ်။ တပ်မတော်ကပဲ လာလာ၊ ပြည်ခိုင်ဖြိုးကပဲ လာလာ ဝန်ထမ်းက ဝန်ထမ်းပဲ။ ကျောသားရင်သားခွဲခြားမှာ မဟုတ်ဘူး’’ဟုဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိအစိုးရခေါင်းဆောင်များနှင့် တွေ့ဆုံမှုများရှိသော်လည်းတိုင်းရင်းသား
ခေါင်းဆောင်များနှင့် တွေ့ဆုံမှုနှေးကွေးနေမှုကို အားမလိုအားမရဖြစ်သူများရှိနေသကဲ့သို့ အကောင်းဘက်မှ ရှုမြင်သည်များလည်းရှိသည်။
‘‘ကျွန်တော်တို့က အိမ်ကြက်ချင်းပဲဗျာ။ ဘယ်အချိန်တွေ့တွေ့ရပါတယ်’’ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က မှတ်ချက်ပြုသည်။
အသွင်ကူးပြောင်းရေးအခြေအနေသည် လက်ရှိအချိန်အထိ ချောမွေ့နေသော်လည်း ဆက်လက်စောင့်ကြည့်နေသည်ဟု ၎င်းက ပြောသည်။
ရွေးကောက်ပွဲအပြီး ၄၅ ရက်ပြည့်လုပြည့်ခင်တွင် ရွေးကောက်ပွဲတိုင်ကြားမှု ငါးခုသာရှိခြင်းကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အစိုးရသစ်ဖွဲ့နိုင်ရေးကို တစ်စုံတစ်ရာဟန့်တားမှုရှိနိုင်မည်မဟုတ်ပေ။
ပြည်ထောင်စုလွှတ်တော်က လွှတ်တော်အသစ်တက်မည့် ကိုယ်စားလှယ်များ၏ ကိုယ်ရေးအကျဉ်းများကို တောင်းခံခြင်းဖြင့် အာဏာလွှဲပြောင်းရေးလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်နေကြောင်း လုပ်ထုံးလုပ်နည်းပိုင်းအရ အချက်ပြသည်။
သို့သော် ပထမအကြိမ်လွှတ်တော်သက်တမ်းကုန်ဆုံးရန် တစ်လခန့်သာ လိုတော့သည့်အချိန်တွင် လက်ရှိလွှတ်တော်ကိုယ်စားလှယ်များအား နိုင်ငံရေးပင်စင်ကဲ့သို့ တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေ (ကိုယ်စားလှယ်တစ်ဦးလျှင် ကျပ်သိန်း ၃၀ မှ ကျပ်သိန်း ၅၀ အထိ)ပေးအပ်ရန် စီစဉ်ဆောင်ရွက်နေသည့်ကိစ္စမှာ ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။
နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတအပါအဝင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်များအား သက်တမ်းကုန်ဆုံးသည့်အခါ နိုင်ငံရေးပင်စင် (သို့မဟုတ်) တစ်လုံးတစ်ခဲတည်းချီးမြှင့်ငွေများ ပေးအပ်ရမည်ဖြစ်ကြောင်း အဆောင်အယောင်ချီးမြှင့်ငွေ၊ လစာ၊ စရိတ်ဆိုင်ရာဥပဒေတွင် ဖော်ပြထားသည်။
သို့သော် လက်ရှိကာလတွင် တိုင်းပြည်၏ ငွေကြေးတန်ဖိုးများ ကျဆင်းနေခြင်း၊ ဘတ်ဂျက်လိုငွေများပြားနေခြင်းစသည့်
အချက်များကြောင့် ယင်းချီးမြှင့်ငွေကို ရယူရန်မသင့်ဟု ဝေဖန်ထောက်ပြမှုများရှိနေသည်။
ပထမအကြိမ်လွှတ်တော် သက်တမ်းကုန်ဆုံးရန် တစ်လကျော်ခန့်သာလိုတော့သည်။ လွှတ်တော်သစ်ခေါ်ယူပြီး အစိုးရသစ်ဖွဲ့စည်းကြတော့မည် ဖြစ်သည်။ တပ်မတော်သားခေါင်းဆောင်များသည် အုပ်ချုပ်ရေးနေရာကို ပြည်သူက
ရွေးချယ်ပေးလိုက်သူတို့ထံ လွှဲပေးရမည့်အချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဒုတိယကမ္ဘာစစ်က အင်္ဂလိပ်တို့ အသုံးပြုခဲ့သည့် ‘‘အောင်မြင်စွာဆုတ်ခွာခြင်း’’ဆိုသည့် စကားကို မြန်မာစစ်ခေါင်းဆောင်တို့ မည့်သည့်အတိုင်းအတာအထိ နားလည်ခြင်းရှိ၊ မရှိကို ဆက်လက်စောင့်ကြည့်ရမည် ဖြစ်သည်။ စစ်ခေါင်းဆောင်တို့ သမ္မတနေရာကို ဖယ်ပေးရသည့်တိုင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာများတွင် တပ်မတော်က အရေးကြီးနေရာများ၌ဆက်လက်ရှိနေဦးမည် ဖြစ်သည်။
သို့သော် သေချာသည်ကတော့ မြန်မာစစ်ခေါင်းဆောင်များ သည်ကိစ္စတစ်ခုကို ချဉ်းကပ်ရာတွင် လုံခြုံရေးရှုထောင့်မှ ချဉ်းကပ်လေ့ရှိခြင်းပင် ဖြစ်သည်။ ထိုအကြောင်းကို လွန်ခဲ့သည့်ရက်ပိုင်းက နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့သည့်နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာဥပဒေကြမ်းက သက်သေပြနေသည်။
ဝေဖန်မှုအရှိဆုံးကိစ္စသည် ဥပဒေကြမ်း၏ အခန်း (၄)ပုဒ်မ (၁၀) ဖြစ်သည်။ နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်ခဲ့သူကနိုင်ငံတော်သမ္မတအဖြစ် ထမ်းဆောင်ခဲ့သည့်
ကာလအတွင်း တာဝန်အရ ဆောင်ရွက်ချက်များကို အကြောင်းပြုလျက် ယင်းအားတရားစွဲဆိုခြင်းနှင့် အရေးယူခြင်းတို့မရှိစေရဟူသော ပြဋ္ဌာန်းချက်ပင် ဖြစ်သည်။ ဥပဒေကြမ်းပင်ဖြစ်လင့်ကစား ကြံ့ခိုင်ရေးအမတ်အများဆုံးရှိနေသေးသည့် လက်ရှိလွှတ်တော်သက်တမ်းတွင် အဆိုပါဥပဒေကြမ်းမှာ ဥပဒေအဖြစ်ပေါ်ထွက်လာနိုင်ခြေ ရှိသည်။
မည်သို့ပင်ဖြစ်စေ ရွေးကောက်ပွဲအပြီး ရက်သတ္တခြောက်ပတ်ကျော်လာသည့်တိုင် အာဏာလွှဲပြောင်းရေးမှာ ချောမွေ့နေဆဲပင်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူတစိုက်မတ်မတ် ပြောဆိုလာသည့်အမျိုးသားပြန်လည်သင့်မြတ်ရေးကို ခိုင်မာစွာကိုင်စွဲထားတုန်းဆိုသည်ကို သူ၏စကားလုံးများတွင် တွေ့မြင်နိုင်ပါသည်။
‘‘အတိတ်တွေကိုထားပစ်ခဲ့မယ်။ အတိတ်တွေကို မထားခဲ့နိုင်ရင်အတိတ်ရဲ့ အကျဉ်းသားတွေပဲဖြစ်မယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
======================
251 / End