အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
မန္တလာမင်း ယာဉ်ပေါ်တွင် ချိန်ကိုက်ဗုံးတစ်လုံး ပါသည်ဟု တာဝန်သိ အမျိုးသားတစ်ဦး အသွင်ယူ၍ လိမ်ညာသတင်းပေးခဲ့သည့် တည်ငြိမ်အေးချမ်းမှုကို မလိုလားသူတစ်ဦးနှင့် ဓာတုဆေးရည်များ ရှင်းလင်းပေးခဲ့ရသည်ဟု ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် သတင်းမှား ဖော်ပြခဲ့သူတို့အား ပြင်းထန်စွာ ကန့်ကွက်ကြောင်း Mandalar Minn Express ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ပြန်လည်တုံ့ပြန် ရှင်းလင်းထားသည်။
ယင်းရှင်းလင်းချက်တွင် "ယနေ့ (04.05.2016) နေ့လည် ၂ နာရီ ၃၈ မိနစ်တွင် မိတ္ထီလာ မန္တလာမင်း ကားဂိတ်သို့ ဖုန်းအမှတ် (09792991968) ဖြင့် ပြင်ဦးလွင်မှ တာဝန်သိ အမျိုးသားတစ်ဦး အသွင်ယူ၍ ရန်ကုန်မှ နေပြည်တော်သို့ နေ့လည် ၁ နာရီ မန္တလာမင်း ကားပေါ်တွင် ချိန်ကိုက်ဗုံးတစ်လုံး ပါသွားကြောင်း အကြောင်းကြားခဲ့ပါသည်။ မန္တလာမင်းယာဉ်လိုင်းမှ သတင်းသိရသည်နှင့် ချက်ချင်း မော်တော်ယာဉ်နှင့် ဆက်သွယ်၍ မိမိခရီးသည်များ အန္တရာယ်ကင်းရှင်းရေးအတွက် အမြန်လမ်းရဲတပ်ဖွဲ့အား အကူအညီတောင်းခဲ့ပြီး ရဲတပ်ဖွဲ့မှတစ်ဆင့် အင်းတကော် BE တပ်မှ တာဝန်ရှိသူများ၊ အမြန်လမ်းရဲမှူးကြီးနှင့်တကွ တာဝန်ရှိသူများ အမြန်လမ်း ၆၆ မိုင်သို့ လာရောက်ကြပြီး ယာဉ်တစ်စီးလုံးအား ရှာဖွေပေးခဲ့ပါသည်။
တည်ငြိမ်အေးချမ်းမှု မလိုလားသော လူတစ်ဦးကြောင့် ခရီးသွားများ၊ အမြန်လမ်း ရဲတပ်ဖွဲ့များနှင့် တပ်မတော် တာဝန်ရှိသူများ အချိန်ကုန်၊လူပင်ပန်း ဖြစ်ခဲ့ရပါသည်။ ယခုလို လူမပီသသောလုပ်ရပ်နှင့် Facebook များမှ သတင်းသေချာမသိဘဲ ဓာတုဆေးရည်များ ရှင်းလင်းပေးခဲ့ရသည် ဖော်ပြနေခြင်းအား မန္တလာမင်း မိသားစုမှ ပြင်းထန်စွာ ကန့်ကွက်ပါသည်" ဟု ဖော်ပြထားသည်။
ဓာတ်ပုံပါ အထုပ်များမှာ ခရီးသည်ပါ အရောင်ချွတ် အမှုန်ထုပ်ဖြစ်ပြီး အန္တရာယ် မရှိသည့်အတွက် BE တပ်က စစ်ဆေးပြီး ယင်းကားဖြင့် ပြန်ထည့်ပေးလိုက်ကြောင်း၊ ခရီးသည်များ လုံခြုံရေးအတွက် အချိန်နှင့် တစ်ပြေးညီ အကူအညီပေးခဲ့သော အမြန်လမ်းရဲမှူးကြီးနှင့် တာဝန်ကျ ရဲဝန်ထမ်းများ၊ အင်းတကော် BE တပ်မှ အရာရှိ၊ အရာခံများ၊ ခရီးသည်များကို ထမင်းကြော်နှင့် ရေသန့်ဘူးများ လာရောက်လှူဒါန်းသည့် ၁၁၅ မိုင် PIONEER စားသောက်ဆိုင်ကိုလည်း အထူးကျေးဇူးတင်ကြောင်း ယင်းရှင်းလင်းချက်တွင် ထည့်သွင်းဖော်ပြထားသည်။







(ဓာတ်ပုံ - Mandalar Minn Express Facebook Page)
==========================
251 / End