ကအ်ဘာကို ချစ်သော်လည်း
================
အွမ်ရာအတွက် ပြင်ဆင်နေကြပြီတဲ့ ရင်ကို ထိရှစေတဲ့ သတင်း။
အာရဗ်မဟုတ်တဲ့ မွတ်စလင်တွေ ကအ်ဘာကိုရောက်ဖို့ ရွှေတစ်ဆယ်သားကုန်မှ ဟဂ်ျတစ်ခေါက်သွားနိုင်တယ်။ လွမ်းရေးထက် ဝမ်းရေးခက်တဲ့ ဘဝမို့ တခေါက်တခါရောက်ပြီးရင် ဘယ်ခါများမှ ပြန်ရောက်ပါစလို့ မခွဲနိုင်မခွာရက် မျက်ရည်မိုး ဖြိုင်ဖြိုင်သွန်းဖြိုးခဲ့ကြရတယ်။
ကအ်ဘာကို ပါးကပ်ရင်း ငိုခဲ့ကြရတဲ့ အဖြစ်တွေ။ နောက်ပြန်လမ်းလျှောက် နှုတ်ဆက်ခဲ့ရတဲ့ အဖြစ်တွေ။ သမင်လည်ပြန် အကြည့်နဲ့ အလွမ်းမျက်လုံးတွေ။ တခါထိမိပြီး တသက်တာ ငြိစွဲခဲ့တဲ့ သံယောဇဉ်အစိုင်အခဲတွေ။ရေးဖွဲ့မကုန်တဲ့ အလွမ်းဒိုင်ယာရီ။ ကအ်ဘာကိုမှ လွမ်းတသသ တမ်းတတနဲ့ ကြွမ်းရဘဝင် ဖြေမရွှင်မို့ နေ့စဉ်ခွေယိုင် လွမ်းကာမှိုင်နေရတဲ့ ဒို့ဘဝတွေ။
မက္ကာမြို့မှာ နေထိုင်ခြင်းဟာ မက္ကရူဖြစ်ကြောင်း ဖဒွာအေ့လေ့ဟဂ်ျကျမ်းမှာ ရေးထားတာဖတ်ခဲ့ရစဉ်က စိတ်မှာ ဘဝင်မကျ ဖြစ်ခဲ့ဖူးတယ်။ အခုတော့ နားလည်ခဲ့ပြီ။
မြင်ဖန်များငယ်တယ် နမ်းဖန်များရင် ပျယ်တယ်တဲ့။ နီးတကျက်ကျက်ဖြစ်ရမှာထက်စာရင် ဝေးတသက်သက်ပဲ ဖြစ်နေချင်မိတယ်။ အလွမ်းသက်သက်အတွက်ပဲ ချစ်နေရမယ်ဆိုလဲ ထိုကအ်ဘာကို ကျေနပ်စွာ ချစ်သွားပါ့မယ်။ ကအ်ဘာရဲ့ အဇ်ွမတ်တော့ မြူ တမှုံစာမျှ မလျှော့နိုင်ပါ။ ဆွဖာကို မကာမေ့ အိဗ္ဗရာဟီမ်ကို ကအ်ဘာကိုချစ်ခင်တာကိုပဲ အပြစ်မြင်ကာ ရှရစ်က်လုပ်နေထင်လဲ ကြိုက်ရာဖသာဝါတွေသာ ထုတ်ကြပါတော့။ ကြည်ဖြူစွာ ခံယူပါ့မယ်။
ရိုသေသမှုကို ရှရစ်လို့မြင်သူတွေ အဒဗ်ကို ဘေဒအတ်မြင်သူတွေက အဝေးရောက်ကအ်ဘာချစ်သူတွေကို ဟာဂျီဟရာမ်တဲ့။
ဟရမ်အလိုင်းကွမ်း လို့ ဟရာမ်ပြန်ပေးခဲ့ဖူးတယ်။
ရေမြေခြားမွတ်စလင်တွေရဲ့ ရိုသေသမှုကို ကမ္ဘာ့အံ့ဖွယ်တစ်ခု ကြည့်သလို သူတို့ကြည့်နေကြရှာတယ်။













သူတို့လက်မှာ ကအ်ဘာနဲ့ ရောင်ဒွာကို အလ္လာဟ်ဘာလို့အပ်ထားရတာလဲလို့ တခါတရံ မလိုတမာအတွေးနဲ့ ကြည့်မိတယ်။ ကအ်ဘာအတွင်းကို တခေါက်တခါလောက် အလ္လာဟ်ခေါ်ပါတော့လားလို့လဲ ချင်ခြင်းတပ်မိတယ်။ ဆွဖွာတောင်ကို ထောင်ချထားတဲ့ မှန်အကာအရံတွေကို ထိုင်ခုံနဲ့ရိုက်ခွဲနေတဲ့ ဗွီဒီယိုကို ကြည့်ရတော့ တခုတော့ စိတ်ပေါ့သွားတယ်။
အခုတော့ အလ္လာဟ်အရှင်မြတ်ကို တောင်းပန်ပါတယ်။
ဆွဖွာရေ အသင့်ခန္ဓာကို နောက်တခါ အကျွန့်မျက်ရေ မစွန်းပေစေရပါဘူး။
အိုအရှင်... ကျွန်တော်မျိုးကို ကအ်ဘာတော်အတွင်း ခေါ်ယူတော်မမူပါနဲ့။ သန့်စင်မြင့်မြတ်လှတဲ့ အရှင့်အိမ်တော်ကို မသန့်စင်တဲ့ ကျွန်တော်မျိုးရဲ့ နှပ်တွေ မျက်ရေတွေ မညစ်ပေပါစေနဲ့ အရှင်။
Saunglwin Aung ၏ fb စာမျက်နှာ မှ ကူးယူ ဖော်ပြပါတယ် ။