အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဟီလာရီကလင်တန်သည် အမေရိကန်သမ္မတသစ်အဖြစ် အထိုက်တန်ဆုံးပုဂ္ဂိုလ်ဟု လက်ရှိအမေရိကန်သမ္မတ ဘာရတ်အိုဘားမားက ထောက်ခံ ပြောကြားခဲ့သည်။
ဇူလိုင် ၂၇ ရက်တွင် အိုဘားမား၏ ဒီမိုကရက်ပါတီသည် လာမည့် နိုဝင်ဘာ ၉ ရက် ရွေးကောက်ပွဲအတွက် ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ကလင်တန်ကို တရားဝင် ရွေးချယ်ကြောင်း ကြေညာခဲ့သည်။ ကလင်တန်သည် အိုဘားမား၏ ပထမသက်တမ်း ၄ နှစ်တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသည်။ သူမ၏ခင်ပွန်းသည် ဘီလ်ကလင်တန်မှာလည်း အမေရိကန်သမ္မတဟောင်းတစ်ဦး ဖြစ်သည်။
ဖီလာဒဲလ်ဖီးယားရှိ ဒီမိုကရက်ပါတီကွန်ဗင်းရှင်းတွင် အိုဘားမားက ပါတီထောက်ခံသူများနှင့် တွေ့ဆုံခဲ့ရာ၌ “ကျွန်တော်ယုံကြည်မှုအပြည့်နဲ့ ပြောနိုင်တာက ကျွန်တော်ဖြစ်စေ၊ ဘီလ် (ကလင်တန်၏ ခင်ပွန်း)ဖြစ်စေ၊ ဘယ်အမျိုးသား၊ အမျိုးသမီးမှ အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ဖို့ ဟီလာရီလောက် မသင့်တော်ဘူး ဆိုတာပါပဲ”ဟု ပြောကြားခဲ့သည်။ အဆိုပါ စကားကြောင့် ကလင်တန်၏ ခင်ပွန်းသည်ရော၊ ပါတီကို ထောက်ခံသူများပါ ပွဲကျခဲ့ကြသည်။
ကလင်တန်၏ ရွေးကောက်ပွဲ ပြိုင်ဘက်အဖြစ် ရီပတ်ဘလစ်ကန် ပါတီက ဒေါ်နယ်လ်ထရမ့်ကို ၎င်းတို့၏ သမ္မတလောင်းအဖြစ် ရွေးချယ်ထားသည်။ ထရမ့်သည် “အမေရိကန်ကို တစ်ကျော့ပြန် ကြီးမြတ်စေရမယ်”ဟူသော ကြွေးကြော်မှုဖြင့် မဲဆွယ်ခဲ့သူ ဖြစ်သည်။ အိုဘားမားက “အမေရိကန်က ကြီးမြတ်ပြီးသားပါ”ဟု ဆိုကာ ထရမ့်၏ ဆောင်ပုဒ်ကို အရိပ်အမြွက် လှောင်ပြောင်ခဲ့သည်။
၎င်းက “အမေရိကန်ဟာ အမြဲတမ်း ခိုင်မာ တောင့်တင်းပြီးသား ဖြစ်ပါတယ်။ ပြီးတော့ ခင်ဗျားတို့ အားလုံးကို ကျွန်တော် ကတိပေးပါတယ်။ ကျွန်တော်တို့ရဲ့ ခွန်အား၊ ကျွန်တော်တို့ရဲ့ ကြီးမြတ်မှုအတွက် ဒေါ်နယ်လ်ထရမ့်ကို သွားပြီး မှီခိုနေစရာ ဘာအကြောင်းမှ မရှိဘူး”ဟုလည်း ပြောကြားသွားသည်။
===================
251 / End