၈ ဩဂုတ် ၂၀၁၆ - ၁၈:၀၅
တူရကီတွင် သေဒဏ်စနစ် ပြန်လည်ကျင့်သုံးရန် ဆန္ဒရှိဟု သမ္မတ ပြောကြား

သေဒဏ် စီရင်မှုကို ပြန်လည် ကျင့်သုံးရန် လိုလားကြောင်း တူရကီ သမ္မတ ယီဆက်ပ် တေယစ်ပ် အာဒိုဂန်က ပြောကြားလိုက်သည်။

တူရကီတွင် သေဒဏ်စနစ် ပြန်လည်ကျင့်သုံးရန် ဆန္ဒရှိဟု သမ္မတ ပြောကြား


သေဒဏ် စီရင်မှုကို ပြန်လည် ကျင့်သုံးရန် လိုလားကြောင်း တူရကီ သမ္မတ ယီဆက်ပ် တေယစ်ပ် အာဒိုဂန်က ပြောကြားလိုက်သည်။


ပြည်သူလူထုနှင့် လွှတ်တော်၏ ထောက်ခံမှုကိုသာ ရရှိပါက တူရကီ အနေဖြင့် သေဒဏ်ပြစ်ဒဏ် စီရင်မှုကို ပြန်လည် ကျင့်သုံးသွားမည်ဟု ထောက်ခံသူများနှင့် တွေ့ဆုံသည့် အစီအစဉ် တစ်ခုတွင် အာဒိုဂန်က ဆိုသည်။ စစ်တပ်က အာဏာသိမ်းယူရန် မအောင်မြင်သည့် အားထုတ်မှု တစ်ခုအပြီး၌ အာဒိုဂန်သည် ပြည်သူ့ထောက်ခံမှုကို ပိုမိုခိုင်မာစွာ ရယူရန် အားထုတ်လာခဲ့သည်။

၎င်းသည် တူရကီ၏ အကြီးဆုံး မြို့ကြီးဖြစ်သည့် အီစတန်ဘူလ်တွင် ထောက်ခံသူ တစ်သန်းမျှကို သွားရောက် တွေ့ဆုံပြီး အင်အားပြခဲ့ခြင်း ဖြစ်သည်။ ဩဂုတ် ၇ ရက် လူထုတွေ့ဆုံပွဲတွင် အာဒိုဂန်က အမေရိကန်တွင် ထွက်ပြေးခိုလှုံနေသည့် ဘာသာရေးခေါင်းဆောင် ဖီတူလာဂူလန်၏ အဆက်အနွှယ် အားလုံးကို ရှင်းလင်းပစ်မည်ဟုလည်း ကြွေးကြော်ခဲ့သည်။ တူရကီ အစိုးရက စစ်တပ် အာဏာသိမ်းမှုသည် ဂူလန်၏ နောက်ကွယ်မှ တွန်းအားပေးမှုကြောင့်ဟု အခိုင်အမာ စွပ်စွဲထားသည်။

ဇူလိုင် ၁၅ ရက်က ဖြစ်ပွားခဲ့သည့် အာဏာသိမ်းရန် အားထုတ်မှုအတွင်း ပဋိပက္ခများကြောင့် လူပေါင်း ၂၇၀ ကျော် သေဆုံးခဲ့သည်။ ထို့နောက်ပိုင်းတွင် အစိုးရက ဂူလန် ထောက်ခံသူ ထောင်ဂဏန်း၊ သောင်းဂဏန်းမျှကို ဖမ်းဆီးခြင်း၊ အလုပ်နေရာများမှ ဖယ်ရှားခြင်းတို့ဖြင့် တုံ့ပြန်လာသည်။

အာဒိုဂန်၏ လူထုတွေ့ဆုံပွဲတွင် ထောက်ခံသူ တစ်သန်းမျှ တက်ရောက်ခဲ့သည်ဟု စောင့်ကြည့်သူများက ဆိုသော်လည်း အစိုးရ မီဒီယာများကမူ လူငါးသန်းမျှ ရှိခဲ့ကြောင်း ဖော်ပြကြသည်။ အာဒိုဂန်က သေဒဏ်စီရင်ခြင်းနှင့် ပတ်သက်ပြီး “အပြစ်ရှိသူတွေကို သေဒဏ် စီရင်ထိုက်သလား။ ဒီကိစ္စကိုတော့ လွှတ်တော်ကပဲ ဆုံးဖြတ်ပါစေ။ ကျွန်တော်ကတော့ ထောက်ခံပါတယ်။ လွှတ်တော်က ထောက်ခံရင် ကျွန်တော်က သေဒဏ်စီရင်ခွင့်ကို ပြန်ကျင့်သုံးမှာပါပဲ။ ဥရောပ သမဂ္ဂမှာ သေဒဏ်စီရင်မှု မရှိဘူးလို့ ပြောတဲ့သူတွေက ပြောတယ်။ ကောင်းပြီ။ အမေရိကန်မှာရှိတယ်။ ဂျပန်မှာရှိတယ်။ တရုတ်မှာရှိတယ်။ ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ရှိနေပါတယ်။ ဒီတော့ ကျွန်တော်တို့က ပြန်ကျင့်သုံးချင်လည်း ဖြစ်တယ်။ တူရကီဟာ ၁၉၈၄ ခုနှစ်ထိ သေဒဏ်စီရင်မှုကို ကျင့်သုံးခဲ့ပါတယ်။ ထုံးတမ်းစဉ်လာတွေ ဆိုတာက ပြည်သူလူထုနဲ့ ဆိုင်တယ်။ ပြည်သူ့ဆန္ဒကို နိုင်ငံရေး ပါတီတွေက သေချာပေါက် ဖြည့်ဆည်းပေးရပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။

အာဒိုဂန်သည် အာဏာသိမ်းရန် အားထုတ်မှု အပြီးကတည်းက ဒီမိုကရေစီနှင့် အာဇာနည် လှုပ်ရှားမှုဟု ခေါင်းစဉ်တပ်ထားသည့် လူထုထောက်ခံပွဲများကို အကောင်အထည် ဖော်ခဲ့ရာ သုံးပတ်မျှ အကြာတွင် အရှိန်အမြင့်ဆုံး ဖြစ်လာသည်။ ၎င်းက ဂူလမ်ကို ထောက်ခံသည့် အင်အားစုများအပေါ် ပိုမိုထိရောက်စွာ အရေးယူသွားရန် အစီအစဉ် ရှိကြောင်းလည်း အတည်ပြုခဲ့သည်။

“ဇူလိုင် ၁၅ ရက် ဖြစ်ရပ်က တူရကီဟာ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးရာ တိုက်ခိုက်မှုတွေတင် မကဘဲ စစ်ရေးအရ ဖျက်လိုဖျက်ဆီး ပြုမူမှုတွေကိုပါ ကြံ့ကြံ့ခံနိုင်ကြောင်း သက်သေပြခဲ့တာ ဖြစ်ပါတယ်။ တူရကီဟ ပြိုလဲသွားမှာ မဟုတ်ဘူး။ လမ်းချော်သွားမှာ မဟုတ်ဘူး။ သေချာတာက ဒီကြံစည်မှုမှာ ပါဝင်ကျူးလွန်သူတွေ၊ အဖွဲ့အစည်းတွေကို ကျွန်တော်တို့ သုတ်သင် ရှင်းလင်းသွားမယ် ဆိုတာပါပဲ။ ဥပဒေ စံနှုန်းတွေနဲ့ အညီပေါ့။ ကျွန်တော်တို့ဟာ အလားတူ အဖျက်ဗိုင်းရပ်စ်ပိုးတွေကြောင့် နောက်တစ်ကြိမ် အင်အားယုတ်လျော့သွားမယ့် အဖြစ်မျိုး မကြုံရအောင် စီမံဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်”ဟု အာဒိုဂန်က ပြောကြားသွားသည်။

Ref: AFP

===============================
251/End