Pfizer-BioNTech ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက အရေးပေါ်အသုံးပြုနိုင်တဲ့ကာကွယ်ဆေးအဖြစ်စာရင်းသွင်းလိုက်ပါတယ်။ ဒါဟာ ဖွံဖြိုးဆဲနိုင်ငံတွေမှာ ကာကွယ်ဆေးပိုမိုရရှိနိုင်ဖို့ ရည်ရွယ်ထားတဲ့ အရေးပါတဲ့ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ကုလကျန်းမာရေးအေဂျင်စီကပြောကြားခဲ့ပါတယ်။
ကြာသပတေးနေ့ကထုတ်ပြန်ချက်ထဲမှာ WHO က ကာကွယ်ဆေးရဲ့ခိုင်လုံတဲ့သက်သေအထောက်အထား အကျိုးအကြောင်း ဆီလျော်မှုတွေကြောင့် နိုင်ငံတွေအနေနဲ့ ကာကွယ်ဆေးတင်သွင်းဖို့လုပ်ငန်းစဉ်တွေ ခွင့်ပြုချက်ရရှိရေးပိုင်းမှာ ကြန့်ကြာမနေပဲသွက်လက်မြန်ဆန်စေဖို့ရည်ရွယ်ပြီး ဒီကြေငြာချက်ကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ လိုအပ်တဲ့နိုင်ငံတွေမှာ ကာကွယ်ဆေးဖြန့်ဝေနိုင်ဖို့အတွက် ကာကွယ်ဆေးဝယ်ယူဖို့ ယူနီဆက်ဖ်နဲ့ ပန်-အမေရိကန် ကျန်းမာရေးအဖွဲ့အစည်းလို အဖွဲ့တွေကိုလည်း ခွင့်ပြုပေးသွားမှာဖြစ်ကြောင်း WHO ကဆိုပါတယ်။
“ဒါဟာကိုဗစ်-၁၉ ကာကွယ်ဆေးတွေ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ရရှိရေးရှေးရှုတဲ့ အပြုသဘောဆောင်တဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်” လို့ ကျန်းမာရေးနဲ့ဆေးဘက်ဆိုင်ရာထုတ်ကုန်တွေခွင့်ပြုရေးဆိုင်ရာ WHO လက်ထောက်အထွေထွေဒါရိုက်တာ ဒေါက်တာမာရီယန်ဂျလာစီမိုအာက ထုတ်ပြန်ချက်ထဲမှာပြောကြားခဲ့ပါတယ်။ “ဒါပေမယ့် နေရာတိုင်းကဦးစားပေးလိုအပ်တဲ့လူတိုင်းဆီ လိုအပ်တဲ့ ကာကွယ်ဆေးတွေအလုံအလောက်ရရှိစေဖို့ ကမ္ဘာလုံးဆိုင်ရာကြိုးပမ်းအားထုတ်မှုတွေ လုပ်အပ်တယ်ဆိုတာ အလေးထားပြောကြားလိုပါတယ်” လို့သူမကပြောကြားခဲ့ပါတယ်။
Pfizer-BioNTech ကာကွယ်ဆေးဟာ ဘေးကင်းလုံခြုံမှုရှိသလို ဘေးထွက်ဆိုးကျိုးတွေလည်းမရှိဘူးလို့ WHO ကပြောကြားခဲ့ပါတယ်။ လွန်ကဲစွာလျော့နည်းတဲ့အပူချိန်အောက်မှာ ထိန်းသိမ်းထားရတဲ့ ဒီကာကွယ်ဆေးကို အမေရိကန် ကနေဒါ ကာတာ ဘာရိန်းနဲ့ မက္ကဆီကိုတို့အပါအဝင် နိုင်ငံအများအပြားမှာဖြန့်ဝေနေပြီဖြစ်ပါတယ်။ ချမ်းသာတဲ့နိုင်ငံတွေက ဒီကာကွယ်ဆေးတွေကိုလက်ဝါးကြီးအုပ်ပြီးသိုလှောင်မှုတွေကြောင့် ဖွံဖြိုးဆဲနိုင်ငံတွေဆီအလုံအလောက်မရောက်မှာကို လူ့အခွင့်အရေးအဖွဲ့တွေကစိုးရိမ်ပူပန်နေကြပါတယ်။
Al Jazeera သတင်းဌာနပါ “WHO lists Pfizer-BioNTech COVID vaccine for emergency use” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။