အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ က မတ်လ ၃ ရက်နေ့တွင် လက်ဘနွန်တောင်ပိုင်းရှိ ယူဟ်မရ် မြို့ကလေး အတွင်းရှိ လူနေအိမ်များအပေါ် လေကြောင်းတိုက်ခိုက်မှုများတွင် အစ္စရေးက အဖြူဖော့စဖိုရပ်စ် မီးလောင် ပစ္စည်းများပါဝင်သည့် ကျည်များကို အသုံးပြုခဲ့ကြောင်း စွပ်စွဲခဲ့ပြီး၊ လူနေအိမ်ဒေသများတွင် ထိုကဲ့သို့သော လက်နက်များကို အသုံးပြုခြင်းသည် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေအရ တရားမဝင်ကြောင်း အလေးပေးဖော်ပြခဲ့ပါတယ်။
တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ သည် ဓာတ်ပုံ ၇ ပုံကို စိစစ်လေ့လာကာ ၎င်းတို့၏ တည်နေရာကို သတ်မှတ်နိုင်ခဲ့ပြီး လူနေအိမ်ဒေသအပေါ် လေထဲတွင် အဖြူဖော့စဖိုရပ်စ် ကျည်များ ပေါက်ကွဲခဲ့ကြောင်း အထောက်အထားများ ရရှိခဲ့သည်ဟု ဆိုပါတယ်။ ထို့အပြင်၊ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များသည် အိမ်နှစ်လုံးတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းနှင့် ကားတစ်စီး မီးလောင် ခဲ့ခြင်းတို့ကို ကိုင်တွယ်ဖြေရှင်းခဲ့ရကြောင်းလည်း ဖော်ပြထားပါတယ်။
လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ က ထိုဒေသတွင် လူနေထိုင်သူများ ရှိနေသေးခြင်း ရှိ၊ မရှိ သို့မဟုတ် ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့ခြင်းကို တိကျစွာ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ပြောကြားခဲ့ပါတယ်။
လက်ဘနွန်နိုင်ငံပိုင် သတင်းအေဂျင်စီက တနင်္ဂနွေနေ့တွင် ထုတ်ပြန်သည့် သတင်းအရ အစ္စရေးတပ်မတော်သည် အမြောက်ပစ်ခတ်မှုများနှင့် အဖြူဖော့စဖိုရပ်စ် အသုံးပြုကာ အစ္စရေးနယ်စပ်အနီးရှိ တယ်လ်နဟာစ် မြို့ နှင့် အယ်လ်ခိယာမ် မြို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။
အဖြူဖော့စဖိုရပ်စ်သည် အောက်ဆီဂျင်နှင့် ထိတွေ့သည့်အခါ အလွန်လောင်ကျွမ်းနိုင်သော ပစ္စည်းဖြစ်ပြီး၊ စစ်မြေပြင်တွင် မီးခိုးကာရံရန် သို့မဟုတ် အလင်းရောင်ပေးရန် အသုံးပြုလေ့ရှိသော်လည်း၊ လူများအား ပြင်းထန်သော မီးလောင်ဒဏ်ရာများ၊ အသက်ရှူလမ်းကြောင်းနှင့် ကိုယ်အင်္ဂါများ ပျက်စီးစေကာ သေဆုံးမှုအထိ ဖြစ်စေနိုင် သည့် လက်နက်ဆိုးဖြစ်ပါတယ်။
လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ မှ လက်ဘနွန်ရေးရာ သုတေသနပညာရှင် ရမ်ဇီ ခိုင်စ် (Ramzi Kaiss) က လူနေအိမ်ဒေသများတွင် အစ္စရေးစစ်တပ်က အဖြူဖော့စဖိုရပ်စ်ကို တရားမဝင် အသုံးပြုနေခြင်းသည် အလွန် စိုးရိမ်ဖွယ်ရာ ဖြစ်ပြီး အရပ်သားများအတွက် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်စေနိုင်ကြောင်း ပြောကြား ခဲ့ပါတယ်။
၎င်းက အဖြူဖော့စဖိုရပ်စ်ကြောင့် ဖြစ်ပေါ်သော မီးလောင်ဒဏ်ရာများသည် သေဆုံးမှု သို့မဟုတ် ပြင်းထန်သော ဒဏ်ရာများကို ဖြစ်စေနိုင်ပြီး၊ ဘဝတစ်လျှောက်လုံး ခံစားရမည့် ဝေဒနာများကို ကျန်ရစ်စေနိုင်ကြောင်း သတိပေး ပြောကြားခဲ့ပါတယ်။
ထို့အပြင် ရမ်ဇီ ခိုင်စ်က အစ္စရေးအနေဖြင့် ယင်းလုပ်ရပ်များကို ချက်ချင်း ရပ်တန့်ရမည်ဖြစ်ပြီး အဖြူဖော့စဖိုရပ်စ် ကျည်များ အပါအဝင် စစ်ရေးပစ္စည်းများကို အစ္စရေးသို့ ထောက်ပံ့နေသော နိုင်ငံများအနေဖြင့်လည်း လက်နက် ရောင်း ချမှုနှင့် အကူအညီများကို ချက်ချင်း ရပ်တန့်ကာ လူနေအိမ်ဒေသများတွင် ထိုလက်နက်များ မသုံး စေရန် အစ္စရေးကို ဖိအားပေးရမည်ဟု ပြောကြားခဲ့ပါတယ်။
ထို့အပြင် လက်ဘနွန်နိုင်ငံက မကြာသေးမီလတွင် အစ္စရေးသည် နိုင်ငံတောင်ပိုင်း နယ်စပ်ဒေသများတွင် ဓာတုမြက်သတ်ဆေး “ဂလိုင်ဖိုဆိတ်” (Glyphosate) ကို ဖျန်းချခဲ့သည်ဟု ဆိုထားပါတယ်။
လက်ဘနွန်၏ စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာနများက ထိုလုပ်ရပ်များကြောင့် ပစ်မှတ်ထားသည့် ဒေသများ၏ သစ်ပင်အဖုံးအလွှာများ ပျက်စီးသွားပြီး စိုက်ပျိုးရေးထွက်ကုန်များနှင့် မြေဆီလွှာ၏ မြေဩဇာကို ထိခိုက်စေကြောင်း သတိပေးခဲ့ပါတယ်။ ထို့အပြင်၊ စမ်းသပ်နမူနာအချို့တွင် ပုံမှန်အဆင့်ထက် ၂၀ မှ ၃၀ ဆ ပိုမိုမြင့်မားသော အဆင့်များ ပါဝင်နေကြောင်းလည်း ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့သည့်နှစ်များအတွင်း လက်ဘနွန်အစိုးရနှင့် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ တို့က အစ္စရေး စစ်တပ် သည် လက်ဘနွန်တောင်ပိုင်းကို တိုက်ခိုက်ရာတွင် အဖြူဖော့စဖိုရပ်စ် အသုံးပြုခဲ့သည်ဟု စွပ်စွဲခဲ့ကြပြီး လက်ဘနွန် အာဏာပိုင်များက ယင်းလုပ်ရပ်များကြောင့် ပတ်ဝန်းကျင်နှင့် ပြည်သူများ ထိခိုက်နစ်နာခဲ့ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
အကြမ်းဖက် အစ္စရေးစစ်ပ် ကတော့ ယခင်က အဖြူဖော့စဖိုရပ်စ်ကို မီးခိုးကာရံရန်အတွက်သာ အသုံးပြုခဲ့ပြီး၊ အရပ်သားများ ကို ထိခိုက်စေရန် ရည်ရွယ်ချက် မရှိကြောင်း ဆိုခဲ့ဖူးပါတယ်။
ဤဖြစ်ရပ်များသည် မတ်လအစောပိုင်းတွင် စတင်ခဲ့သော အစ္စရေးနှင့် ဟစ်ဘွလ္လာဟ် တို့အကြား စစ်ပွဲ၏ အခြေအနေ အတွင်း ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ ဤစစ်ပွဲအတွင်း အစ္စရေးသည် လက်ဘနွန်အတွင်း တိုက်ခိုက် မှု အတိုင်းအတာကို တိုးချဲ့ခဲ့ပြီး နယ်စပ်ဒေသများသို့ တပ်ဖွဲ့များကို ရွှေ့ပြောင်းခဲ့ပါတယ်။
ယခုအချိန်အထိ စစ်ပွဲကြောင့် လူဦးရေ ခန့်မှန်းခြေအားဖြင့် ၄၀၀ ခန့် သေဆုံးခဲ့ပြီး၊ လူပေါင်း ငါးသိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း ထိုသူများအနက် အများစုမှာ လက်ဘနွန်တောင်ပိုင်းရှိ မြို့ကလေးများမှ ဖြစ်ကြကြောင်း သိရှိရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment