အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လောကအလယ်မှာ သိက္ခာချခံရခြင်းကို အစ္စလာမ့်အမြင်ဖြင့် မည်သို့နားလည်ရမည်၊ မည်သို့ တုန့်ပြန်ရမည်၊ မည်သို့ နှလုံးကို ပြန်လည်တည်ငြိမ်စေနိုင်မည်ကို ကုရ်အာန်အာယသ်တော်များ နှင့် စွန်နီ၊ ရှီအဟ် ရိုးရာတွင် လက်ခံ အသုံးများသော ဟဒီးစ်တော်များ အပေါ် အခြေခံ၍ တင်ပြပါမည်။
၁။ သိက္ခာချခံရခြင်းသည် စမ်းသပ်မှုတစ်ခုဖြစ်ပါတယ်။
« အစ္စလာမ်အရ မိုအ်မင်တစ်ဦး၏ဘဝသည် စမ်းသပ်မှုများနှင့် ကင်းလွတ်မည်မဟုတ်ပါ။ လူအများရှေ့၌ အရှက် ရခြင်း၊ သရော်ခံရခြင်း၊ မတရားစွပ်စွဲခံရခြင်းတို့သည်လည်း စမ်းသပ်မှု၏ တစ်စိတ် တစ်ပိုင်းဖြစ်နိုင် ပါတယ်။ »
ကျမ်းတော်မြတ် ကုရ်အာန်
وَلَنَبْلُوَنَّكُم بِشَيْءٍ مِّنَ الْخَوْفِ وَالْجُوعِ وَنَقْصٍ مِّنَ الْأَمْوَالِ وَالْأَنفُسِ وَالثَّمَرَاتِ ۗ وَبَشِّرِ الصَّابِرِينَ.
« ဧကန်မုချ ငါသည် သင်တို့ကို ကြောက်ရွံ့မှုတချို့၊ ဆာလောင်မှုတချို့၊ ဥစ္စာပစ္စည်းများ၊ အသက်များနှင့် သီးနှံများ တွင် လျော့နည်းမှုတို့ဖြင့် စမ်းသပ်မည်။ သည်းခံသူတို့အား ဝမ်းမြောက်ဖွယ်သတင်း ပေးလော့။ »
စူရဟ် ၂ ၊ အာယသ်တော် ၁၅၅
الَّذِينَ إِذَا أَصَابَتْهُم مُّصِيبَةٌ قَالُوا إِنَّا لِلَّهِ وَإِنَّا إِلَيْهِ رَاجِعُونَ.
« သူတို့သည် အရေးဆိုးတစ်ခု ထိတွေ့သောအခါ ကျွန်ုပ်တို့သည် အလ္လာဟ်၏ပိုင်ဆိုင်မှုဖြစ်ကြပြီး၊ အမှန်ပင် အရှင် ထံတော်သို့ ပြန်ရမည် ဟု ဆိုကြပါသည်။ »
စူရဟ် ၂ ၊ အာယသ်တော် ၁၅၆
ဤအာယသ်များက မိုအ်မင်သည် မိမိကြုံတွေ့သော အရှက်၊ နာကျင်မှုတို့ကို ဘဝ၏ အဆုံးမဟုတ်ဘဲ အလ္လာဟ်ဟို အရှင်မြတ်ထံမှ စမ်းသပ်မှုတစ်ခုအဖြစ် မြင်ရမည်ဟု သင်ကြားပေးထားပါတယ်။
၂။ လူတို့၏အမြင်ထက် အလ္လာဟ်၏အမြင်က ပိုအရေးကြီးပါတယ်။
လောကလူသားများက သင့်ကို လျှော့တွက်နိုင်သည်၊ သရော်နိုင်သည်၊ သိက္ခာချနိုင်သည်။ သို့သော် အစ္စလာမ်တွင် လူ့တန်ဖိုးကို ဆုံးဖြတ်ပေးသည့်အရာမှာ လူအများ၏ချီးကျူးမှု မဟုတ်ဘဲ သက္က်ဝါး ဖြစ်ပါတယ်။
ကျမ်းတော်မြတ် ကုရ်အာန်
يَا أَيُّهَا النَّاسُ إِنَّا خَلَقْنَاكُم مِّن ذَكَرٍ وَأُنثَىٰ وَجَعَلْنَاكُمْ شُعُوبًا وَقَبَائِلَ لِتَعَارَفُوا ۚ إِنَّ أَكْرَمَكُمْ عِندَ اللَّهِ أَتْقَاكُمْ ۚ إِنَّ اللَّهَ عَلِيمٌ خَبِيرٌ.
« အို လူသားတို့၊ အကယ်စင်စစ် ငါသည် သင်တို့ကို ယောကျာ်းနှင့် မိန်းမမှ ဖန်ဆင်းတော်မူခဲ့ပြီး၊ တစ်ဦးကိုတစ်ဦး သိရှိစေရန် အမျိုးမျိုးသော လူမျိုးစုများ၊ မျိုးရိုးများအဖြစ် ပြုတော်မူခဲ့သည်။ အမှန်ပင် အလ္လာဟ်ထံ၌ အမြတ်ဆုံးသူမှာ သက္က်ဝါး အရှိဆုံးသူ ဖြစ်ပါသည်။ »
စူရဟ် ၄၉ ၊ အာယသ်တော် ၁၃
ဒီအာယသ်တော် က သိက္ခာသည် လူအများပေးသည့် အရာမဟုတ်ကြောင်း၊ အလ္လာဟ်ထံ၌ မိမိရပ်တည်မှု ပင် အဓိကဖြစ်ကြောင်း ပြသနေပါတယ်။
၃။ အရှက်ရစေသော စကား၊ လုပ်ရပ်များကို သည်းခံစိတ်ဖြင့် ရင်ဆိုင်ရမည်။
အစ္စလာမ်တွင် မတရားပြုမူမှုကို ခွင့်ပြုထားခြင်း မဟုတ်ပါ။ သို့ရာတွင် ပထမတုန့်ပြန်မှုအနေဖြင့် စိတ်ကို ထိန်းခြင်း နှင့် ဂုဏ်သိက္ခာရှိစွာ ရပ်တည်ခြင်းကို တိုက်တွန်းထားပါတယ်။
ကျမ်းတော်မြတ် ကုရ်အာန်
وَلَمَن صَبَرَ وَغَفَرَ إِنَّ ذَٰلِكَ لَمِنْ عَزْمِ الْأُمُورِ.
« အကြင်သူသည် သည်းခံ၍ ခွင့်လွှတ်ပါက ထိုအရာသည် အရေးကြီးသည့် ကိစ္စရပ်များထဲမှ တစ်ခုဖြစ်ပါ၏။ »
စူရဟ် ၄၂ ၊ အာယသ်တော် ၄၃
ادْفَعْ بِالَّتِي هِيَ أَحْسَنُ فَإِذَا الَّذِي بَيْنَكَ وَبَيْنَهُ عَدَاوَةٌ كَأَنَّهُ وَلِيٌّ حَمِيمٌ.
« မကောင်းမှုကို အကောင်းဆုံးသော နည်းဖြင့် တုံ့ပြန်လော့။ ထိုအခါ သင်နှင့် ရန်မူနေသူပင် အနီးကပ် မိတ်ဆွေ တစ်ဦးကဲ့သို့ ဖြစ်လာနိုင်ပါသည်။ »
စူရဟ် ၄၁ ၊ အာယသ်တော် ၃၄
وَإِذَا خَاطَبَهُمُ الْجَاهِلُونَ قَالُوا سَلَامًا.
« မသိနားမလည်သူများက သူတို့အား ပြောဆိုလာသောအခါ အေးချမ်းပါစေ ဟုသာ ပြန်ဆိုကြသည်။ »
စူရဟ် ၂၅ ၊ အာယသ်တော် ၆၃
ဤအာယသ်များသည် လောကအလယ်၌ မိမိကို သိက္ခာချသော်လည်း အပြန်အလှန် အရှက်ခွဲခြင်းမပြုဘဲ တည်ကြည်စွာ၊ အကျင့်မြတ်စွာ တုံ့ပြန်ရန် ညွှန်ပြပါတယ်။
၄။ အလ္လာဟ်က သည်းခံသူများနှင့်အတူ ရှိတော်မူသည်။
ကျမ်းတော်မြတ်ကုရ်အာန်
يَا أَيُّهَا الَّذِينَ آمَنُوا اسْتَعِينُوا بِالصَّبْرِ وَالصَّلَاةِ ۚ إِنَّ اللَّهَ مَعَ الصَّابِرِينَ .
« အို အီမန်သက်ဝင်ယုံကြည် သူတို့၊ သင်တို့သည် သည်းခံမှုနှင့် ဆွလာသ်ဖြင့် အကူအညီ တောင်းခံကြလော့။ အမှန်ပင် အလ္လာဟ်သည် သည်းခံသူတို့နှင့်အတူ ရှိတော်မူသည်။ »
စူရဟ် ၂ ၊ အာယသ်တော် အမှတ် ၁၅၃
သိက္ခာချခံရသောအခါ လူတွေဆီမှ နားလည်မှုမရနိုင်သော်လည်း၊ အလ္လာဟ်၏ နီးကပ်မှု သည် မိုအ်မင်အတွက် အကြီးမားဆုံး အားဖြည့်မှုဖြစ်ပါတယ်။
၅။ မိမိကိုယ်ကို ထိန်းခြင်းသည် အားနည်းခြင်းမဟုတ်၊ စစ်မှန်သော ခွန်အားဖြစ်သည်။
စွန်နီ ဆဟီးဟ် ဟဒီးစ်
لَيْسَ الشَّدِيدُ بِالصُّرَعَةِ، إِنَّمَا الشَّدِيدُ الَّذِي يَمْلِكُ نَفْسَهُ عِندَ الغَضَبِ .
« ခွန်အားကြီးသူဆိုသည်မှာ လူကို လဲပစ်နိုင်သူမဟုတ်၊ ဒေါသထွက်စဉ် မိမိကိုယ်ကို ထိန်းနိုင်သူသာ ဖြစ်ပါသည်။»
ဆဟီးဟ် ဘုခါရီ ကျမ်း
ဤဟဒီးစ်က လူအများရှေ့၌ သိက္ခာချခံရသည့်အခါ အပြန်အလှန် ပေါက်ကွဲပြုမူခြင်းမဟုတ်ဘဲ နဖ်စ်ကို ထိန်းနိုင်မှု ပင် အမှန်တကယ် သတ္တိဖြစ်ကြောင်း သင်ပြနေပါတယ်။
၆။ မိုအ်မင်၏အရေးကိစ္စအားလုံးသည် ကောင်းမြတ်မှုသို့ ဦးတည်နိုင်သည်။
စွန်နီ ဆဟီးဟ် ဟဒီးစ်
عَجَبًا لِأَمْرِ الْمُؤْمِنِ، إِنَّ أَمْرَهُ كُلَّهُ لَهُ خَيْرٌ، وَلَيْسَ ذَاكَ لِأَحَدٍ إِلَّا لِلْمُؤْمِنِ، إِنْ أَصَابَتْهُ سَرَّاءُ شَكَرَ فَكَانَ خَيْرًا لَهُ، وَإِنْ أَصَابَتْهُ ضَرَّاءُ صَبَرَ فَكَانَ خَيْرًا لَهُ.
« မိုအ်မင်၏အရေးကိစ္စသည် အံ့သြဖွယ် ဖြစ်၏။ အမှန်ပင် သူ၏အရေးကိစ္စအားလုံးသည် သူ့အတွက် ကောင်းမြတ် မှု ဖြစ်ပါတယ်။ ဤသို့သောအခြေအနေသည် မိုအ်မင် မှတပါး အခြားသူအတွက် မဟုတ်။ ကောင်းမှု တစ်ခုရလျှင် ကျေးဇူးတင်သည်၊ ထိုအရာသည် သူ့အတွက် ကောင်းမြတ်၏။ ဒုက္ခရောက်လျှင် သည်းခံသည်၊ ထိုအရာ သည်လည်း သူ့အတွက် ကောင်းမြတ်၏။ »
ဆဟီးဟ် မွတ်စလင်မ်ကျမ်း
သိက္ခာချခံရခြင်းသည် လက်ရှိတွင် နာကျင်ဖွယ်ဖြစ်သော်လည်း၊ အလ္လာဟ်အပေါ် ယုံကြည်စိတ်ထားဖြင့် ဆဗ်ရ်ပြုပါက အနာဂတ်၌ **နာမ်ပိုင်း ဆိုင်ရာ မြင့်တက်မှု၊ အကျင့်သိက္ခာ တိုးတက်မှု၊ အပြစ်ခွင့်လွှတ်မှု တို့ ဖြစ်လာနိုင် ပါတယ်။
၇။ လူကို အရှက်ရစေခြင်းသည် အစ္စလာမ့်အကျင့်မဟုတ်။
အစ္စလာမ်သည် အခြားသူကို သရော်ခြင်း၊ နှိမ့်ချခြင်း၊ နာမည်ဆိုးပေးခြင်းကို တားမြစ်ထားပါတယ်။
ကျမ်းတော်မြတ် ကုရ်အာန်
يَا أَيُّهَا الَّذِينَ آمَنُوا لَا يَسْخَرْ قَوْمٌ مِّن قَوْمٍ عَسَىٰ أَن يَكُونُوا خَيْرًا مِّنْهُمْ وَلَا نِسَاءٌ مِّن نِّسَاءٍ عَسَىٰ أَن يَكُنَّ خَيْرًا مِّنْهُنَّ وَلَا تَلْمِزُوا أَنفُسَكُمْ وَلَا تَنَابَزُوا بِالْأَلْقَابِ.
« အို အီမန်သက်ဝင် ယုံကြည် သူတို့၊ လူတစ်စုက အခြားလူတစ်စုကို မသရော်ကြပါစေနှင့်။ သူတို့သည် မိမိတို့ထက် ကောင်းမြတ်သောသူများ ဖြစ်နိုင်သည်။ … တစ်ဦးကိုတစ်ဦး အပြစ်တင်ပြောဆိုခြင်း မပြုကြနှင့်၊ အရှက်ရ စေသော နာမည်များဖြင့် မခေါ်ကြနှင့်။ »
စူရဟ် ၄၉ ၊ အာယသ်တော်အမှတ် ၁၁
ဤအာယသ်သည် သိက္ခာချခံရသူကို နှစ်သိမ့်ပေးသကဲ့သို့၊ သိက္ခာချသူသည် အလ္လာဟ်၏ အမိန့်ကို ချိုးဖောက် နေကြောင်းလည်း သတိပေးထားပါတယ်။
၈။ မတရားလုပ်ခံရသူသည် ဒိုအာတောင်းနိုင်သည်၊ သို့သော် အလွန်မကျော်လွန်ရ။
ကျမ်းတော်မြတ် ကုရ်အာန်
لَّا يُحِبُّ اللَّهُ الْجَهْرَ بِالسُّوءِ مِنَ الْقَوْلِ إِلَّا مَن ظُلِمَ ۚ وَكَانَ اللَّهُ سَمِيعًا عَلِيمًا.
« အလ္လာဟ် သည် မကောင်းသော စကားကို အဖော်ပြောခြင်းကို နှစ်သက်တော်မမူ၊ သို့ရာတွင် မတရားပြုခံရသူမှာ (မိမိ အပေါ်ကျူးလွန်ခဲ့သော မတရားမှုကို) ဖော်ပြနိုင်သည်။ အလ္လာဟ်သည် အကြွင်းမဲ့ ကြားတော်မူ၍ အကြွင်းမဲ့ သိတော် မူပါတယ်။ »
စူရဟ် ၄ ၊ အယသ်တော် ၁၄၈
အစ္စလာမ်အရ သိက္ခာချခံရသူသည် မိမိအတွက် တရားမျှတမှုကို တောင်းဆိုနိုင်ပါတယ်။ သို့သော် အပြစ် မဖြစ်စေသည့် တုံ့ပြန်မှုသာ ဖြစ်ရပါမည်ဖြစ်ပါတယ်။
၉။ ခွင့်လွှတ်ခြင်းသည် ဂုဏ်မြင့်တင်မှု၏လမ်းဖြစ်သည်။
စွန်နီ ဆဟီးဟ် ဟဒီးစ်
وَمَا زَادَ اللَّهُ عَبْدًا بِعَفْوٍ إِلَّا عِزًّا.
« အလ္လာဟ်သည် ခွင့်လွှတ်သော ဗန်ဒဟ် တော်တစ်ဦးကို ဂုဏ်သိက္ခာ၌သာ တိုးမြှင့်တော်မူသည်။ »
ဆဟီးဟ် မွတ်စလင်မ်ကျမ်း
ဤဟဒီးစ်တော် ၏ အဓိပ္ပါယ်မှာ လူ့အမြင်အရ ခွင့်လွှတ်ခြင်းသည် အားနည်းခြင်းဟု ထင်ရသော်လည်း အလ္လာဟ်ထံ၌ ထိုအရာသည် အေဇသ် (ဂုဏ်တန်ခိုး) တိုးမြှင့်စေသော ကောင်းမှုဖြစ်ပါတယ်။
၁၀။ ရှီအဟ်ဟဒီးစ်တော်များ တွင်လည်း သည်းခံမှုနှင့် ဂုဏ်သိက္ခာရှိစွာ ရပ်တည်မှုကို အလေးထားသည်။
ရှီအဟ် ဟဒီးစ်တော်များ တွင် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ဟဒီးစ်တော် များအတွင်း စိတ်ကို ထိန်းခြင်း၊ အရှက် တကွဲအဖြစ်ကို အကောင်းသို့ ပြောင်းလဲခြင်း၊ သည်းခံခြင်းတို့ကို အလွန် အလေးထားပါတယ်။
မောင်လာအလီ (အ.စ) မိန့်ကြားတော်မူသည်။
الصَّبْرُ مِنَ الْإِيمَانِ بِمَنْزِلَةِ الرَّأْسِ مِنَ الْجَسَدِ .
« သည်းခံမှုသည် အီမန်အတွက် ကိုယ်ခန္ဓာအပေါ် ခေါင်း၏အဆင့်အတန်းကဲ့သို့ ဖြစ်ပါသည်။ »
နဲဟ်ဂျိုလ်ဗလာဂဟ် ၊ဟေက်မသ်တော်အမှတ် ၈၂
مَنْ كَظَمَ غَيْظًا وَهُوَ يَقْدِرُ عَلَى إِمْضَائِهِ حَشَا اللَّهُ قَلْبَهُ أَمْنًا وَإِيمَانًا .
« ဒေါသကို ထွက်ပေါက်ပေးနိုင်သော အာဏာရှိသော်လည်း ထိန်းသိမ်းထားသူ၏ နှလုံးကို အလ္လာဟ်သည် လုံခြုံမှုနှင့် အီမန်ဖြင့် ဖြည့်ဆည်းတော်မူပါသည်။ »
အလ်ကာဖီကျမ်း
ဤရဝါယဟ်များက သိက္ခာချခံရချိန်တွင် ချက်ချင်းအပြန်အလှန် ဒဏ်ပြန်မပေးဘဲ နာမ်ပိုင်း ဆိုင်ရာ အဆင့်မြင့်စွာ ထိန်းသိမ်း နေခြင်း ကို တန်ဖိုးထားကြောင်း ပြသပါတယ်။ တစ်နည်းအားဒေါသ ထိန်းချုပ်ထားခြင်းဖြစ်ပါတယ်။
၁၁။ နဗီတမန်တော်မြတ် များ (အ.စ) နှင့် အေမာမ်များ (အ.စ) သည်လည်း လူများ ၏ သရော်မှုကို ခံခဲ့ရသည်။
အလ္လာဟ်၏ တမန်တော်မြတ် များ (အ.စ) နှင့် အေမာမ်များ(အ.စ) သည်ပင် လူတို့၏ သရော်မှု၊ စွပ်စွဲမှု၊ သိက္ခာချမှုတို့ကို ခံခဲ့ရပါတယ်။ ထို့ကြောင့် မိမိသာ ဒီလိုကြုံနေရသည်ဟု မထင်သင့်ပါ။
ကျမ်းတော်မြတ်ကုရ်အာန်
وَلَقَدِ اسْتُهْزِئَ بِرُسُلٍ مِّن قَبْلِكَ فَحَاقَ بِالَّذِينَ سَخِرُوا مِنْهُم مَّا كَانُوا بِهِ يَسْتَهْزِئُونَ .
« သင်မတိုင်မီ တမန်တော်များ(အ.စ) ကိုလည်း သရော်ခဲ့ကြပြီး၊ ထို့နောက် သရော်သူတို့အား သူတို့ သရော် လေ့ရှိ သည့်အရာကပင် ဝိုင်းရံဖမ်းစားခဲ့ပါသည်။ »
စူရဟ် ၆ ၊ အာယသ်တော် အမှတ် ၁၀
ဒီအာယသ်က သရော်ခံရခြင်းသည် အမှန်တရားလမ်းပေါ်တွင် လျှောက်သူများအတွက် အသစ်အဆန်း မဟုတ် ကြောင်း ပြသပါတယ်။
၁၂။ သိက္ခာချခံရသောအခါ လက်တွေ့ကျသော အစ္စလာမ့်နည်းလမ်းများ
၁။ ချက်ချင်း အလ္လာဟ်ကို သတိရပါ။
.إِنَّا لِلَّهِ وَإِنَّا إِلَيْهِ رَاجِعُونَ ဟု ဖတ်ပါ။
.حَسْبُنَا اللَّهُ وَنِعْمَ الْوَكِيلُ ဟု ဆိုပါ။
၂။ ဟာဂျသ် နမာဇ်ဖတ်ပါ ။ ဒိုအာတောင်းပါ။
သိက္ခာချခံရသောအခါ မိမိနှလုံးထဲက ကန့်ကွက်နာကျင်မှုကို လူများထံ မလွှင့်မီ အလ္လာဟ်ထံ ပထမဆုံး တင်ပြရမည်ဖြစ်ပါတယ်။
၃။ ချက်ချင်းမတုံ့ပြန်ပါနှင့်။
ဒေါသပေါ်စဉ် ပြောမိသည့် စကားတစ်ခွန်းသည် နှစ်ရှည်နာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။
၄။ အမှန်တရားကို ဂုဏ်သိက္ခာရှိစွာ ရှင်းပြပါ။
အစ္စလာမ်သည် မိမိအပေါ် မတရားမှုကို အမြဲတမ်း တိတ်ဆိတ်ခံရရန် မပြောပါ။ သို့ရာတွင် တည်ငြိမ်မှု၊ အထောက် အထား၊ အကျင့်ကောင်း ဖြင့်သာ ဖြေရှင်းစေလိုပါတယ်။
၅။ ခွင့်လွှတ်သင့်သည့်အခြေအနေတွင် ခွင့်လွှတ်ပါ။
မိမိသာသနာ ၊ မိမိမိသားစု၊ မိမိအခွင့်အရေးကို ထိခိုက်ဆဲဖြစ်နေပါက တရားမျှတမှုကို ရှာဖွေနိုင်သော်လည်း၊ မလိုအပ်ဘဲ အငြိုးထားနေခြင်းသည် နှလုံးကို ပိုပင် ပူလောင်စေပါတယ်။ ဒါကြောင့် ခွင့်လွှတ် သင့် သည် အခြေအနေတွင် ခွင့်လွှတ်ပြီးနေသင့်ပါတယ်။
၆။ ကောင်းသောပတ်ဝန်းကျင်ကို ရှာဖွေပါ။
အရှက်ရစေသောသူများနှင့် အမြဲတမ်း ပတ်သက်နေရခြင်းသည် စိတ်ကျန်းမာရေးကို ထိခိုက်စေသည်။ သာသာနာကို လိုက်နာသည့် မိတ်ဆွေ၊ ဗဟုသုတရှိသူ၊ အီမန်ရှိသူများနှင့် နီးကပ်မှုကို ရအောင် ကြိုးစားရမည်။
၁၃။ သိက္ခာချခံရခြင်းမှ ရရှိနိုင်သော နာမ်ပိုင်ဆိုင်ရာ သင်ခန်းစာများ
၁။လူ့ချီးကျူးမှုအပေါ် မမူတည်ဘဲ အလ္လာဟ်အပေါ် မူတည်တတ်လာခြင်း
၂။နဖ်စ်(စိတ်ရှိုင်း) ကို ထိန်းချုပ်တတ်လာခြင်း
၃။ဒေါသနှင့် အငြိုးကို အီမန်ဖြင့် ပြောင်းလဲတတ်လာခြင်း
၄။ခွင့်လွှတ်မှု၏ အရသာကို နားလည်လာခြင်း
၅။လူသားများ၏အမြင် မတည်ငြိမ်သော်လည်း အလ္လာဟ်၏တရားမျှတမှု မပြောင်းလဲကြောင်း သိမြင်လာခြင်း
အနှစ်ချုပ်
လောကအလယ်မှာ သိက္ခာချခံရခြင်းသည် နာကျင်ဖွယ် ဖြစ်သော်လည်း မိုအ်မင်အတွက် အရှုံးသက်သက် မဟုတ်ပါ။ အစ္စလာမ်က ထိုအခြေအနေကို ဆဗ်ရ်၊ ဆွလာသ်၊ ဒိုအာ၊ သဝလ်ကိုလ်၊ အဖ်ဝ် ၊ အကျင့်ကောင်းဖြင့် မကောင်းမှုကို တုံ့ပြန်ခြင်း တို့ဖြင့် ကျော်ဖြတ်ရန် သင်ကြားပေးပါထားပါတယ်။ လူတို့က သင့်ကို လျှော့တွက် နိုင်သော်လည်း အလ္လာဟ်ထံ၌ သင့်အဆင့်အတန်းကို သင်၏ သက္က်ဝါး ၊ သည်းခံမှု၊ အကျင့်ကောင်းတို့က ဆုံးဖြတ်ပေးမည်ဖြစ်ပါတယ်။
သိက္ခာချခံရမှုသည် သင့်တန်ဖိုးကို လျော့မသွားစေပါ။ ထိုအရာကို အလ္လာဟ်အတွက် သည်းခံနိုင်ပါက၊ မနေ့က သင့်ကို အရှက်ရစေခဲ့သည့် အဖြစ်အပျက်သည် မနက်ဖြန်တွင် သင့်ရဲ့ ဂုဏ်တန်ခိုး၊ နာမ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု၊ အလ္လာဟ်နီးကပ်မှု၊အလ္လာဟ်နှစ်သက်မှု အဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment