အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ ဖော်ပြချက်အရ အီရန်၏ ယာယီ ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် ဆယက်ဒ် မဂျီးဒ် အဗ်နိုလ်ရေဇာ က အစ္စလာမ်နိုင်ငံများ ပါဝင်သည့် ပူးပေါင်းလုံခြုံရေး မဟာမိတ်တစ်ရပ် ဖွဲ့စည်းရန် အဆိုပြုခဲ့ပြီး ဒေသ၏ လုံခြုံရေးကို ဒေသတွင်းနိုင်ငံများကသာ အာမခံနိုင်ကြောင်း၊ ပြင်ပအင်အားကြီးနိုင်ငံများ၏ ဝင်ရောက်ပါဝင်မှုသည် မတည်ငြိမ်မှုကို ပိုမိုတိုးမြှင့်စေကြောင်း ပြောကြားခဲ့ပါတယ်။
တူရကီ ကာကွယ်ရေးဝန်ကြီး ယာရှာ ဂူလာ နှင့် တယ်လီဖုန်းဖြင့် ဆွေးနွေးစဉ် ၎င်းက မကြာသေးမီက ဖြစ်ပွားခဲ့သော စစ်ပွဲသည် ဒေသ၏ လုံခြုံရေးတာဝန်ကို ဒေသတွင်းနိုင်ငံများကိုယ်တိုင် ထမ်းဆောင်သင့်ကြောင်း သက်သေပြခဲ့သည်ဟု ဆိုပာတယ်။ထို့ပြင် အီရန်၊ တူရကီ၊ ပါကစ္စတန်၊ ဆော်ဒီအာရေဗျ၊ အီဂျစ်နှင့် အခြား အစ္စလာမ်နိုင်ငံများ ပါဝင်သည့် ပူးပေါင်းလုံခြုံရေး မဟာမိတ် ဖွဲ့စည်းရန် အဆိုပြုခဲ့ပါတယ်။
အီရန် ကာကွယ်ရေးဝန်ကြီးက အမေရိကန်နှင့် ချုပ်ဆိုထားသော အပစ်အခတ်ရပ်စဲရေး နားလည်မှုစာချွန်လွှာသည် ဒေသတည်ငြိမ်ရေး ပြန်လည်ဖော်ဆောင်ရန်နှင့် မိတ်ဆွေ၊ အိမ်နီးချင်းနိုင်ငံများ၏ တောင်းဆိုချက်အရ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် အမေရိကန်၏ ကတိပျက်မှု သမိုင်းကြောင့် အီရန်အနေဖြင့် အမေရိကန်ကို ယုံကြည်မှုမရှိကြောင်း ပြောကြားခဲ့ပါတယ်။
ထို့အပြင် အီရန် လက်နက်ကိုင်တပ်ဖွဲ့များသည် မည်သည့် ချိုးဖောက်မှုမျိုး ဖြစ်ပေါ်လာပါက သင့်လျော်သော တုံ့ပြန်မှု ပေးနိုင်ရန် အပြည့်အဝ အသင့်ရှိကြောင်းလည်း အလေးပေး ပြောကြားခဲ့ပါတယ်။
၎င်းက ဂါဇာ၊ လက်ဘနွန်၊ ဆီးရီးယားနှင့် အီရန်အပေါ် အစ္စရေး၏ လုပ်ဆောင်ချက်များကို ရှုတ်ချခဲ့ပြီး အမေရိကန်၏ ထောက်ခံမှုကြောင့် အစ္စရေးသည် ပိုမိုရန်လိုသော အပြုအမူများ လုပ်ဆောင်လာရန် အားပေးခံနေရကြောင်း ပြောကြားခဲ့ပါတယ်။
၎င်း၏အဆိုအရ ဟစ်ဇ်ဘိုလာကို ဆန့်ကျင်သည့် စစ်မျက်နှာသစ် ဖွင့်လှစ်ရန်နှင့် ပတ်သက်သည့် မကြာသေးမီက အမေရိကန်၏ ပြောဆိုချက်များသည် ဒေသတစ်ခုလုံးကို လုံခြုံရေးအခက်အခဲအသစ်များနှင့် ရင်ဆိုင်စေနိုင်ကြောင်း၊ ဆီးရီးယားနှင့် လက်ဘနွန်တွင် အစ္စရေးက “လုံခြုံရေးဇုန်” ဟု အမည်ပေးထားသော စီမံကိန်းများသည် ပိုမိုကျယ်ပြန့်သည့် အကျပ်အတည်းတစ်ရပ်၏ အစပျိုးဖြစ်လာနိုင်ကြောင်း ဆိုပါတယ်။
ဗိုလ်မှူးချုပ်ယက်ဒ် မဂျီးဒ် အဗ်နိုလ်ရေဇာ က ရေရှည်တည်တံ့သော လုံခြုံရေးသည် ပြင်ပအင်အားကြီးနိုင်ငံများကို မှီခိုခြင်းဖြင့် မရရှိနိုင်ကြောင်း၊ ထို့ကြောင့် အီရန်အနေဖြင့် တူရကီနှင့် အခြားဒေသတွင်းနိုင်ငံများနှင့် ဆက်လက်ညှိနှိုင်းကာ ရေရှည်တည်တံ့သော ဒေသဆိုင်ရာ လုံခြုံရေးမဟာဗျူဟာအသစ် တည်ဆောက်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
ယင်းအခါ တူရကီ ကာကွယ်ရေးဝန်ကြီး ယာရှာ ဂူလာ က အီရန်၏ အမြင့်ဆုံးခေါင်းဆောင်၊ စစ်ဘက်အရာရှိများ၊ အရပ်သားများနှင့် မီးနာဗ် မြို့တွင် သေဆုံးခဲ့သော ကျောင်းသားကလေးများအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
ထို့ပြင် အပစ်အခတ်ရပ်စဲရေး နားလည်မှုစာချွန်လွှာကို အပြည့်အဝ အကောင်အထည်ဖော်ရန်နှင့် သံတမန်ရေးလုပ်ငန်းစဉ် ဆက်လက်လုပ်ဆောင်ရန် ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။
တူရကီအနေဖြင့် အိမ်နီးချင်းနိုင်ငံများ၏ ဒေသဆိုင်ရာ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ထောက်ခံပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ နယ်စပ်လုံခြုံရေးနှင့် ဒေသဆိုင်ရာကိစ္စရပ်များတွင် အီရန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်လိုကြောင်းလည်း ဆိုပါတယ်။
၎င်းက ဒေသတွင်း ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ရရှိနိုင်မည့် တစ်ခုတည်းသော လမ်းကြောင်းမှာ ဒေသတွင်း ညှိနှိုင်းဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုသာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment