အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ အစီရင်ခံစာအရ အမေရိကန်အစိုးရသည် တရုတ်နိုင်ငံမှ ဟက်ကာများ၏ ဆိုက်ဘာ တိုက်ခိုက်မှု စစ်ဆင်ရေးကို တားဆီးနိုင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ အဆိုပါ စစ်ဆင်ရေးသည် အမေရိကန် အစိုးရ၏ အရေးကြီးသော အဖွဲ့အစည်းများနှင့် အခြားအရေးပါသည့် အဖွဲ့အစည်းများစွာ၏ ကွန်ပျူတာ ကွန်ရက်များကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်ပါတယ်။
Reuters သတင်းဌာန၏ အဆိုအရ အမေရိကန် တရားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ရပ်တွင် အဆိုပါ ဆိုက်ဘာလှုပ်ရှားမှု၌ အသုံးပြုခဲ့သည့် “QScan” နှင့် “QTRouter” ဟူသော ဟက်ကင်းပလက်ဖောင်းနှစ်ခုနှင့် ဆက်နွှယ် နေသည့် ဒိုမိန်းများကို သိမ်းဆည်းထိန်းချုပ်လိုက်ကြောင်း ပြောကြားခဲ့ပါတယ်။
တရားရုံးသို့ တင်သွင်းထားသော ကျမ်းကျိန်လွှာတွင် အမေရိကန် စွမ်းအင်ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် လူသား ဝန်ဆောင်မှုဌာန ၊ အမျိုးသားကျန်းမာရေးအင်စတီကျု (NIH) နှင့် အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံရှိ အခြား ကုမ္ပဏီ လေးခုတို့ကို စွပ်စွဲခံရသော ဆိုက်ဘာတိုက်ခိုက်မှုများ၏ ပစ်မှတ်များအဖြစ် ဖော်ပြထားပါတယ်။
အမေရိကန် တရားရေးဝန်ကြီးဌာန၏ အဆိုအရ အဆိုပါ ပလက်ဖောင်းများကို “Nanjing Shenzhui Network Technology” ဟုခေါ်သော တရုတ်ကုမ္ပဏီတစ်ခုက စီမံခန့်ခွဲနေခြင်း ဖြစ်ပါတယ်။ အမေရိကန်အာဏာပိုင်များ၏ ပြောကြား ချက်အရ အဆိုပါကုမ္ပဏီ၏ ဖောက်သည်များထဲတွင် တရုတ်နိုင်ငံ၏ အရပ်ဘက် ထောက်လှမ်းရေး အေဂျင်စီဖြစ်သည့် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန (Ministry of State Security) နှင့် တရုတ်စစ်တပ်ဖြစ်သည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (People’s Liberation Army) တို့လည်း ပါဝင်ပါတယ်။
ဝါရှင်တန်တွင် ထွက်ပေါ်လာသော အဆိုပါ စွပ်စွဲချက်များနှင့် ပတ်သက်၍ တရုတ်သံရုံးက ချက်ချင်း တုံ့ပြန်ပြောဆိုခြင်း မရှိခဲ့သလို၊ အဆိုပါ တရုတ်ကုမ္ပဏီကလည်း မှတ်ချက်ပေးရန် ပေးပို့ထားသည့် တောင်းဆို ချက်ကို ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါ။
ကျမ်းကျိန်လွှာအရ ဟက်ကာများသည် အနည်းဆုံး ၂၀၁၈ ခုနှစ်ကတည်းက ၎င်းတို့ကိုယ်တိုင် ဖန်တီးထားသော ဆိုက်ဘာကိရိယာများကို အသုံးပြု၍ အမေရိကန်နှင့် ကမ္ဘာတစ်ဝန်းရှိ အရေးကြီးသော အခြေခံ အဆောက် အအုံများနှင့် အခြားအရေးကြီးသည့် ကွန်ရက်များအတွင်း ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြပါတယ်။
ရရှိထားသော အချက်အလက်များအရ တိုက်ခိုက်မှုအမျိုးမျိုးတွင် ဟက်ကာများသည် တိုက်ခိုက်ခံရသည့် ကွန်ရက်များထံသို့ ဝင်ရောက်ခွင့် အဆင့်အမျိုးမျိုး ရရှိခဲ့ကြသည်။ အမေရိကန်အာဏာပိုင်များ၏ အဆိုအရ ၂၀၁၉ ခုနှစ်တွင် ဟက်ကာများသည် VPN တစ်ခုအတွင်းရှိ အားနည်းချက်ကို အသုံးချ၍ NASA ၏ ကွန်ရက်များအတွင်း ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြပါတယ်။
ကျမ်းကျိန်လွှာတွင် ထပ်မံဖော်ပြထားသည်မှာ ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ဟက်ကာများသည် အမေရိကန် စွမ်းအင်ဝန်ကြီးဌာန၏ ဓာတ်ခွဲခန်း သုံးခု၊ အမျိုးသားကျန်းမာရေးအင်စတီကျု (NIH)၊ ကျန်းမာရေးနှင့် လူသား ဝန်ဆောင်မှုဌာန၏ အမည်မဖော်ပြထားသော အေဂျင်စီတစ်ခုနှင့် အမေရိကန်နိုင်ငံတွင် လုံခြုံရေးပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခု၏ ကွန်ရက်များအတွင်းလည်း ထိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။
အမေရိကန်အာဏာပိုင်များ၏ အဆိုအရ တရုတ်နိုင်ငံနှင့် ဆက်နွှယ်သော ဟက်ကင်းလှုပ်ရှားမှုများသည် မကြာ သေးမီနှစ်များအတွင်း အမေရိကန်အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ၏ အရေးကြီးသော ကွန်ရက်များစွာကို ထိခိုက် စေခဲ့ပြီး ထိုအခြေအနေကြောင့် ဝါရှင်တန်တွင် တရုတ်နိုင်ငံ၏ ဆိုက်ဘာလှုပ်ရှားမှုများနှင့် ပတ်သက်၍ စိုးရိမ် မှုများ ပိုမိုမြင့်တက်လာခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment