၃၁ ဩဂုတ် ၂၀၂၆ - ၁၆:၃၃
အစ္စရေးအကျဉ်းထောင်များတွင် ပါလက်စတိုင်းကလေး ၃၇၀ ဦး နှိပ်စက်ခံနေရ

ပါလက်စတိုင်း အကျဉ်းသားများကာကွယ်ရေးစင်တာက ဇီယွန်ဝါဒီအစိုးရ၏ အကျဉ်းထောင်များအတွင်းရှိ ပါလက်စတိုင်း ကလေးငယ် ၃၇၀ ခန့်၏ အခြေအနေကို သတိပေးပြောကြားခဲ့ပါတယ်။ အဆိုပါကလေးများသည် အကျဉ်းချခံထားရစဉ် ရိုက်နှက်ခံရခြင်း၊ လက်နှင့်ခြေများကို ချည်နှောင်ခံရခြင်း၊ ခြိမ်းခြောက်ခံရခြင်း၊ အစားအစာနှင့် ရေကို ရရှိခွင့်ပိတ်ပင်ခံရခြင်း၊ အာဟာရချို့တဲ့ခြင်းနှင့် ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု လျစ်လျူရှု ခံရခြင်းတို့အပါအဝင် ပြင်းထန်သော အခြေအနေများကို ရင်ဆိုင်နေရကြောင်း ပြောကြား ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပါလက်စတိုင်း အကျဉ်းသားများကာကွယ်ရေးစင်တာက ဇိုင်ယွန်ဝါဒီအစိုးရ၏ အကျဉ်းထောင်များအတွင်း ပါလက်စတိုင်းကလေးငယ် ၃၇၀ ခန့် ထိန်းသိမ်းခံထားရကြောင်း ထုတ်ပြန်ခဲ့သည်။ ၎င်းတို့အနက် အများစုကို “မက်ဂျ်ဒို” နှင့် “အိုဖာရ်” အကျဉ်းထောင်များတွင် ထိန်းသိမ်းထားပြီး ပြင်းထန်သော အကျဉ်းချအခြေအနေများကို ရင်ဆိုင် နေရကြောင်း ဆိုပါတယ်။

အဆိုပါစင်တာက ထုတ်ပြန်ချက်တစ်ရပ်တွင် ကလေးငယ်များကို ဆက်လက်ပစ်မှတ်ထား၍ ဖမ်းဆီးထိန်းသိမ်း နေခြင်းနှင့်ပတ်သက်၍ သတိပေးခဲ့ပါတယ်။ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း အနောက်ဘက်ကမ်းဒေသနှင့် သိမ်းပိုက်ခံ ယေရုရှလင်မြို့တွင် ပါလက်စတိုင်းကလေးငယ်များနှင့် လူငယ်များကို ဖမ်းဆီးထိန်းသိမ်းမှု **၂၇၆ မှု** မှတ်တမ်းတင်ထားကြောင်းလည်း ကြေညာခဲ့ပါတယ်။

လွတ်မြောက်လာသော ကလေးငယ်များ၏ ပြောကြားချက်များအရ ၎င်းတို့သည် အကျဉ်းချခံနေရစဉ်အတွင်း ရိုက်နှက်ခြင်း၊ ချည်နှောင်ခြင်းနှင့် သံခြေကျင်းခတ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အစားအစာနှင့် ရေ ရရှိခွင့်ပိတ်ပင်ခြင်းတို့ဖြင့် နှိပ်စက်ညှဉ်းပန်းခံခဲ့ရသည်။ ထို့အပြင် ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု လျစ်လျူရှုခံရခြင်းနှင့် အာဟာရချို့တဲ့ခြင်းတို့ကိုလည်း တစ်ပြိုင်နက် ရင်ဆိုင်ခဲ့ရကြောင်း သိရပါတယ်။

ပါလက်စတိုင်း အကျဉ်းသားများကာကွယ်ရေးစင်တာက  ကုလသမဂ္ဂ၊ ယူနီဆက်ဖ်နှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် အကျဉ်းချခံထားရသော ကလေးငယ်များကို အမှန်တကယ် ကာကွယ်ပေးရန် အရေး ယူဆောင်ရွက်ကြရန် တောင်းဆိုခဲ့သည်။

ထို့အပြင် အဆိုပါ လူ့အခွင့်အရေးချိုးဖောက်မှုများကို ရပ်တန့်ပေးရန်နှင့် ကလေးငယ်များအနေဖြင့် ဆေးကုသမှု၊ ပညာသင်ကြားခွင့်နှင့် မိသားစုဝင်များနှင့် တွေ့ဆုံခွင့် ရရှိရေးကို အာမခံပေးရန်လည်း တောင်းဆိုခဲ့သည်။

အဆိုပါစင်တာက မက်ဂျ်ဒိုအကျဉ်းထောင် အတွင်းရှိ အကျဉ်းသားများ၏ အခြေအနေကိုလည်း ရည်ညွှန်း၍ ၎င်းတို့သည် အစားအစာ အလွန်အမင်းရှားပါးမှုနှင့် အစားအစာအရည်အသွေး ကျဆင်းမှုတို့ကို ရင်ဆိုင်နေရကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုအခြေအနေကြောင့် အကျဉ်းသားအချို့၏ ကိုယ်အလေးချိန်မှာ သိသိသာသာ လျော့ကျလာခဲ့ကြောင်း သိရသည်။ အဆိုပါအစီရင်ခံစာအရ အကျဉ်းသားတစ်ဦး၏ ကိုယ်အလေးချိန်သည် **၁၈ ကီလိုဂရမ်** လျော့ကျခဲ့ပြီး အခြားအကျဉ်းသားတစ်ဦးမှာ ၇ ကီလိုဂရမ်ခန့် လျော့ကျခဲ့ကြောင်း ဖော်ပြထားပါတယ်။

ထို့အပြင် အကျဉ်းသားများအကြား ယားနာရောဂါ (scabies) ပြန့်ပွားနေပြီး အချို့အကျဉ်းသားများသည် လိုအပ် နေသော် လည်း ဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာ မျက်မှန်များ ရရှိခွင့်ပိတ်ပင်ခံနေရကြောင်း သိရသည်။

အဆိုပါအကျဉ်းသားများသည် တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် သန့်ရှင်းရေးသုံးပစ္စည်းများကိုလည်း လုံလောက်စွာ ရရှိနိုင်ခြင်းမရှိကြောင်း ဆိုပါတယ်။

ပါလက်စတိုင်း အကျဉ်းသားများကာကွယ်ရေးစင်တာက ဆက်လက်၍ အကျဉ်းသားများ၏ နေ့စဉ် အပြင်ထွက် လေရှူခွင့်အချိန် သည်လည်း မိနစ် ၃၀ ထက် မကျော်လွန်ကြောင်း၊ တစ်ခါတစ်ရံတွင် မိနစ် ၂၀ အထိပင် လျော့ကျ သွားကြောင်း ထပ်မံဖော်ပြခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha