၂၁ အောက်တိုဘာ ၂၀၂၆ - ၁၄:၅၄
အီရတ် ရှိ စွန်နီနိုင်ငံရေးအင်အားစုများအကြား အီရန်အပေါ် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေ

အမေရိကန်နှင့် အီရန်အကြား စစ်ရေးတင်းမာမှုများအပေါ် အီရတ်နိုင်ငံရှိ စွန်နီနိုင်ငံရေးအင်အားစုများ၏ သဘောထားများမှာ တစ်သဘောတည်းမဟုတ်ဘဲ အမျိုးသားအကျိုးစီးပွား၊ အီရန်၏ သြဇာလွှမ်းမိုးမှုနှင့် ခုခံတော်လှန်ရေး၏ တရားဝင်မှုတို့အပေါ် မူတည်၍ ကွဲပြားလျက်ရှိပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အီရတ်နိုင်ငံရှိ စွန်နီနိုင်ငံရေးအင်အားစုများသည် အမေရိကန်က အီရန်အပေါ် စစ်ရေးတိုက်ခိုက်မှုများ ပြုလုပ်ခြင်းနှင့် အီရတ်နိုင်ငံ ၏ အခန်းကဏ္ဍတို့အပေါ် မတူညီသော သဘောထားများ ရှိနေကြောင်း သိရပါတယ်။

အီရတ်ပါလီမန်ရှိ အဇမ်အဖွဲ့မှ ကိုယ်စားလှယ် နီဟာလ် အယ်လ်ရှမ်မာရီက နိုင်ငံရေးရပ်တည်ချက်များသည် လူမျိုးရေးနှင့် ဘာသာရေးအခြေပြု အုပ်စုဖွဲ့မှုများထက် အမျိုးသားအကျိုးစီးပွားကို အခြေခံသင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ထို့ပြင် အီရတ်၏ မြေပြင်နှင့် လေပိုင်နက်ကို အခြားနိုင်ငံများ၏ စစ်ပွဲအတွက် အသုံးချခြင်းမှ ကာကွယ်ရန် လိုအပ်ကြောင်း အလေးပေးပြောဆိုခဲ့ပါတယ်။

အခြားတစ်ဖက်တွင် စီယာဒါ မဟာမိတ်အဖွဲ့မှ ဆလာဟ် အယ်လ်ကူဘိုင်စီက အီရတ်သည် စစ်ပွဲကြောင့် နိုင်ငံရေး၊ လုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာ အကျိုးဆက်များကို တိုက်ရိုက်ခံစားရနိုင်သဖြင့် ပဋိပက္ခပိုမိုကျယ်ပြန့်လာခြင်းကို တားဆီးရန် သံတမန်ရေးကြိုးပမ်းမှုများ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ အီရတ်အစိုးရသည် နိုင်ငံခြားရေးဆိုင်ရာ နိုင်ငံရေးရပ်တည်ချက်များကို စီမံခန့်ခွဲရန် တာဝန်ရှိသည့် အဓိကအဖွဲ့အစည်းဖြစ်ကြောင်းလည်း ၎င်းက အလေးထားခဲ့ပါတယ်။ 

နိုင်ငံရေးသုတေသီ ဆိုင်ဖ် အယ်လ်ဆာဒီ၏ အဆိုအရ အီရတ်စွန်နီအသိုင်းအဝိုင်းအတွင်း အီရန်အပေါ် သဘောထားကို အဓိကအားဖြင့် သုံးမျိုးခွဲခြားနိုင်ပါတယ်။ 

ပထမအုပ်စုမှာ အီရန်နှင့် အိမ်နီးချင်းနိုင်ငံအဖြစ် ဆက်ဆံရေးထိန်းသိမ်းလိုသော်လည်း အီရတ်ကို အခြားသူများ၏ စစ်ပွဲအတွင်း ပါဝင်စေခြင်းကို ဆန့်ကျင်သူများဖြစ်ပါတယ်။

ဒုတိယအုပ်စုမှာ အီရန်၏ သြဇာလွှမ်းမိုးမှု လျော့နည်းလာခြင်းက အီရတ်ရှိ စွန်နီနိုင်ငံရေးအင်အားစုအချို့အတွက် အကျိုးရှိနိုင်သည်ဟု ယူဆသူများဖြစ်ပါတယ်။

တတိယအုပ်စုမှာ အယူဝါဒနှင့် နိုင်ငံရေးဆက်ဆံရေးဆိုင်ရာ အကြောင်းရင်းများကြောင့် အီရန်ကို ထောက်ခံသူများဖြစ်ပါတယ်။

ထို့အပြင် အီရတ်စွန်နီဒေသများတွင် ၂၀၀၃ ခုနှစ်နောက်ပိုင်း အမေရိကန်တပ်ဖွဲ့များကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည့် သမိုင်းကြောင်းရှိသော်လည်း၊ အစိုးရ၏ တရားဝင်ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင်အဖွဲ့များက စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခြင်း၏ တရားဝင်မှုအပေါ် သဘောထားကွဲလွဲမှုများ ရှိနေပါတယ်။

ခြုံငုံကြည့်လျှင် အီရတ်စွန်နီနိုင်ငံရေးအင်အားစုများ၏ သဘောထားများသည် အီရန်နှင့် ဆက်ဆံရေး၊ ပြည်တွင်းနိုင်ငံရေးအာဏာချိန်ခွင်လျှာနှင့် အမျိုးသားအကျိုးစီးပွားတို့အပေါ် မူတည်၍ ကွဲပြားနေသော်လည်း အီရတ်နိုင်ငံအတွင်း စစ်ပွဲမပြန့်ပွားစေရန်နှင့် နိုင်ငံ၏ တည်ငြိမ်ရေးကို ထိန်းသိမ်းရန်မှာ အရေးကြီးသည့် ဦးစားပေးကိစ္စတစ်ရပ်ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha