၁၀ နိုဝင်ဘာ ၂၀၂၆ - ၁၁:၅၄
ဥရောပ၏ ပက်ထရီယော့ (Patriot) ဒုံးကျည်သိုလှောင်မှု ပမာဏ အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိ

အမေရိကန်နိုင်ငံထုတ် ပက်ထရီယော့ (Patriot) လေကြောင်းရန်ကာကွယ်ရေးစနစ်များတွင် အသုံးပြုသည့် PAC-2 နှင့် PAC-3 ကြားဖြတ်ဒုံးကျည်များ၏ ဥရောပနိုင်ငံများရှိ သိုလှောင်ပမာဏသည် အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်းသိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Farsnews၏ အစီရင်ခံစာအရ ဘလွန်းဘာ့ဂ် (Bloomberg) သတင်းဝက်ဘ်ဆိုက်၏ သတင်းတစ်ရပ်တွင် ဥရောပနိုင်ငံများ၏ ပက်ထရီယော့ ကြားဖြတ်ဒုံးကျည်လက်ကျန်ပမာဏသည် စိုးရိမ်ဖွယ်ရာအဆင့်အထိ လျော့နည်းသွားပြီး အဆိုပါနိုင်ငံများ၏ စစ်တပ်များသည် ယင်းလက်နက်များ ရှားပါးမှုနှင့် ရင်ဆိုင်နေရကြောင်း ဖော်ပြထားပါတယ်။

အဆိုပါသတင်းအရ ဥရောပနိုင်ငံများ၏ လက်နက်ကိုင်တပ်ဖွဲ့များသည် အမေရိကန်နိုင်ငံထံမှ ယင်းလက်နက်ပစ္စည်းများကို ပြန်လည်အစားထိုးပေးမည်ဖြစ်ကြောင်းနှင့် ထပ်မံဖြည့်တင်းပေးမည်ဖြစ်ကြောင်း ခိုင်မာသည့် အာမခံချက်များ မရရှိသေးသရွေ့ ၎င်းတို့၏ လက်ကျန်ပက်ထရီယော့စနစ်များကို ယူကရိန်းနိုင်ငံသို့ လွှဲပြောင်းပေးရန် ဆန္ဒမရှိကြကြောင်း သိရပါတယ်။

ဤအတောအတွင်း ရုရှားနိုင်ငံသည် အနောက်နိုင်ငံများက ယူကရိန်းနိုင်ငံသို့ လက်နက်များ ပေးပို့ခြင်းသည် စစ်ပွဲအဆုံးသတ်ရေးအတွက် သံတမန်နည်းလမ်းဖြင့် အဖြေရှာနိုင်မည့် လုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်စေကြောင်း အကြိမ်ကြိမ် အလေးပေးပြောကြားခဲ့ပါတယ်။

ထို့ပြင် အဆိုပါပဋိပက္ခအတွင်း လက်နက်များ ဆက်လက်ပေးပို့နေခြင်းသည် ဆိုးကျိုးများ ဖြစ်ပေါ်စေလိမ့်မည်ဟုလည်း သတိပေးထားပါတယ်။

အလားတူ မကြာသေးမီက ထရမ့်အစိုးရသည် ယူကရိန်းနိုင်ငံသို့ ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ ဒုံးကျည်များ ရောင်းချရေးကို အတည်ပြုခဲ့ပါတယ်။သို့သော် ယင်းသဘောတူညီချက်သည် လက်နက်များကို ချက်ချင်းပေးပို့မည်ဟု ဆိုလိုခြင်းမဟုတ်သကဲ့သို့ လက်ရှိဖြစ်ပေါ်နေသည့် ဒုံးကျည်ရှားပါးမှုကိုလည်း အမြန်ဖြေရှင်းပေးနိုင်မည် မဟုတ်ကြောင်း သိရပါတယ်။

အခြားတစ်ဖက်တွင် ဥရောပနိုင်ငံများအနက် ကာကွယ်ရေးအသုံးစရိတ် အများဆုံးရှိသည့် နိုင်ငံငါးနိုင်ငံက ပိုမိုကုန်ကျစရိတ်သက်သာသော လေကြောင်းရန်ကာကွယ်ရေးစနစ်များ ဖွံ့ဖြိုးတည်ဆောက်ရန် ဖေဖော်ဝါရီလအတွင်း ကြေညာခဲ့သည့် အစီအစဉ်မှာလည်း ယခုအချိန်အထိ သိသာထင်ရှားသော တိုးတက်မှု မရှိသေးကြောင်းသိရပါတယ်။

သတင်းများအရ အမေရိကန်နိုင်ငံက အီရန်နိုင်ငံအပေါ် ဆင်နွှဲခဲ့သည့် စစ်ပွဲကြောင့် အမေရိကန်စစ်တပ်၏ ပက်ထရီယော့ ကြားဖြတ်ဒုံးကျည် သိုလှောင်မှုများ အကြီးအကျယ် လျော့နည်းသွားခဲ့ပြီး အခြားသော ဖြစ်နိုင်ခြေရှိသည့် အကျပ်အတည်းများတွင် လိုအပ်မည့် ခဲယမ်းမီးကျောက်များကို ဝါရှင်တန်အစိုးရက ဖြည့်ဆည်းပေးနိုင်စွမ်းနှင့်ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လာခဲ့ပါတယ်။

အမေရိကန်နိုင်ငံ၏ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဗဟိုဌာန (CSIS) ၏ ခန့်မှန်းချက်အရ စစ်ပွဲမဖြစ်ပွားမီ အမေရိကန်နိုင်ငံ၏ ပက်ထရီယော့ ဒုံးကျည်သိုလှောင်မှုမှာ ဒုံးကျည် ၂,၃၃၀ စင်းခန့် ရှိခဲ့ပါတယ်။ သို့သော် အီရန်နိုင်ငံအပေါ် စစ်ဆင်ရေးများ ဆင်နွှဲစဉ်နှင့် တီဟီရန်ဘက်မှ ဒုံးကျည်များ၊ မောင်းသူမဲ့လေယာဉ်များဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့မှုကြောင့် ယင်းဒုံးကျည်များအနက် အများအပြားကို အသုံးပြုခဲ့ရကြောင်း သိရပါတယ်။

အဆိုပါဌာန၏ ခန့်မှန်းချက်အရ တိုက်ပွဲများ ပြန်လည်စတင်ပြီးနောက် ကျန်ရှိသည့် ဒုံးကျည်အရေအတွက်မှာ ၇၅၉ စင်းမှ ၈၂၇ စင်းအထိသာ ရှိတော့ကြောင်း သိရပါတယ်။  ထို့ကြောင့် အမေရိကန်နိုင်ငံ၏ မူလပက်ထရီယော့ ဒုံးကျည်သိုလှောင်မှု စုစုပေါင်း၏ ၆၅ ရာခိုင်နှုန်းခန့် လျော့နည်းဆုံးရှုံးသွားခဲ့ခြင်းဖြစ်ပါတယ်။

ယင်းကဲ့သို့ ဒုံးကျည်သိုလှောင်မှု လျော့နည်းသွားခြင်းသည် အသုံးပြုပြီးသည့် ဒုံးကျည်များကို ပြန်လည်ဖြည့်တင်းရာတွင် အမေရိကန်နိုင်ငံအနေဖြင့် ထုတ်လုပ်မှုစွမ်းရည် ကန့်သတ်ချက်များနှင့် ရင်ဆိုင်နေရသည့် အခြေအနေတွင် ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။

CSIS ၏ လေ့လာဆန်းစစ်ချက်အရ လက်ရှိထုတ်လုပ်မှုနှင့် ပေးပို့မှုအစီအစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်ပါက စစ်ပွဲမတိုင်မီက ရှိခဲ့သည့် ပက်ထရီယော့ ဒုံးကျည်သိုလှောင်မှုပမာဏသို့ ပြန်လည်ရောက်ရှိရန် အနည်းဆုံး သုံးနှစ်ကြာမြင့်မည်ဖြစ်ပါတယ်။

အခြားတစ်ဖက်တွင် ဝါရှင်တန်အစိုးရသည် မိမိ၏ စစ်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးရသည့်အပြင် ကြားဖြတ်ဒုံးကျည်များ ရရှိရန် မဟာမိတ်နိုင်ငံများနှင့် ပြုလုပ်ထားသည့် လက်နက်ပေးပို့ရေး ကတိကဝတ်များကိုလည်း တစ်ပြိုင်နက်တည်း ဖြည့်ဆည်းပေးရမည်ဖြစ်ပါတယ်။ ယင်းအခြေအနေသည် အဆိုပါလက်နက်များ ရရှိနိုင်ရေးအတွက် ပြိုင်ဆိုင်မှုကို ပိုမိုပြင်းထန်လာစေခဲ့ပါတယ်။

#ဥရောပ
#ပက်ထရီယော့
#အမေရိကန်
#စစ်ပွဲ
#အီရန်

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha